မြန်မာ့ကိုလိုနီခေတ် နိုင်ငံရီးသမိုင်းကို ပြန်ပနာလိ့လာရာမာ ဆရာတော်ဦးဥတ္တမဧ့ နာမည်ကို ချန်ထားခလို့ မဖြစ်နိုင်ပါ။ “မြန်မာ့နိုင်ငံရီးအစ ဦးဥတ္တမက” ဆိုရေ လူသိများရေ သမိုင်းဝင်စကားစွာ ဆရာတော်ဧ့ နယ်ချဲ့ဆန့်ကျင်ရီးလုပ်ငန်းကို အသိအမှတ်ပြုထားခြင်းဖြစ်ရေ။ ယေဒါလေ့ ဆရာတော်ဧ့ နိုင်ငံရီးဘဝကို မြန်မာတစ်ပြည်လုံးဆိုင်ရာ အမြင်တစ်ခုတည်းနန့်ရာ လိ့လာပါကေ သူနန့် ရက္ခိုင်ပြည်၊ ရက္ခိုင်လူမျိုး၊ ရက္ခိုင်နိုင်ငံရီးရို့ကြားဟိ နက်ရှိုင်းသော ဆက်နွီမှုတိကို အပြည့်အဝမြင်နိုင်ဖို့မဟုတ်။ ဆရာတော်အားမှတ်တမ်းတင်ထားရေ ဆောင်းပါးတိနန့် မှတ်တမ်းတိကို ခွဲခြမ်းကြေ့ရေအခါ ဆရာတော်ဦးဥတ္တမဧ့ ရက္ခိုင်နိုင်ငံရီးဆိုင်ရာ အခန်းကဏ္ဍကို အဆင့်အတိကြီးနန့် တွိ့မြင်ရရေ။ သူစွာ ရက္ခိုင်ပြည်က မွီးဖွါးလာရေ အမျိုးသားခေါင်းဆောင်ဖြစ်ရုံတင်မက ရက္ခိုင်လူထုဧ့ နိုင်ငံရီးအသိကို နှိုးဆွပီးသူ၊ စစ်တွေမြို့မာ အမျိုးသားပညာရီးအခြီခံကို အားပီးတည်ဆောက်သူ၊ သံဃာနန့် လူထုကို ပေါင်းကူးပီးသူ၊ ရက္ခိုင်အမတ်နန့် နိုင်ငံရီးအထက်တန်းလွှာတိကို လူထုအကျိုးနန့် တိုင်းတာဝေဖန်သူလည်း ဖြစ်ရေ။ ယင့်ချင့်အပြင် ရက္ခိုင်အမျိုးသားရီးကို ကျဉ်းမြောင်းရေ ဒေသရီးအဖြစ် မထားဘဲ မြန်မာ့လွတ်လပ်ရီးနန့် အာသျှနယ်ချဲ့ဆန့်ကျင်ရီးအထိ ချဲ့ထွင်ပီးခသူဖြစ်ရေ။ ဒေဆောင်းပါးစွာ ဆရာတော်ဦးဥတ္တမနန့် ရက္ခိုင်နိုင်ငံရီးရို့ဧ့ ဆက်နွီမှုကို ဇာတိအမှတ်သညာ၊ နိုင်ငံရီးနိုးကြားမှု၊ အမျိုးသားပညာရီး၊ လူထုအခြီပြုနိုင်ငံရီး၊ ရက္ခိုင်အမတ်တိနန့် ပါတီနိုင်ငံရီးအပေါ် သဘောထား၊ သံဃာဧ့အခန်းကဏ္ဍနန့် ခေတ်နောက်ပိုင်းနိုင်ငံရီးအမွီအနှစ်ရို့ကတဆင့် လိ့လာတင်ပြထားရေ။
ရက္ခိုင်ဇာတိအမှတ်သညာနန့် ကမ္ဘာ့အမြင်
ဆရာတော်ဦးဥတ္တမဧ့ နိုင်ငံရီးအတွေးအခေါ်ကို နားလည်ဖို့ သူဧ့ မွီးရပ်ဇာတိနန့် ကမ္ဘာလှည့်အတွိ့အကြုံနှစ်ခုစလုံးကို ပူးတွဲကြေ့ရပါဖို့။ ဆောင်းပါးအများစုက ဆရာတော်ကို ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ရူပမြောက်ရပ်မာ မွီးဖွါးခရေ ရက္ခိုင်လူမျိုးတစ်ဦးအဖြစ် ဖော်ပြထားရေ။ မွီးနှစ်နန့်ဆက်စပ်ပြီးကေ ၁၈၇၉ နန့် ၁၈၈၀ ဆိုရေ ကွဲလွဲချက်တိဟိကေလေ့ စစ်တွေ–ရူပရပ်ဇာတိဖြစ်ကြောင်းမာ မှတ်တမ်းတိတစ်လျှောက် တညီတညွတ်တည်း တွိ့ရရေ။ ဆရာတော်စွာ ပခုက္ကူနန့် မန္တလေးဘက်တိမာ ပရိယတ္တိပညာသင်ယူပြီးနောက် အိန္ဒိယ၊ ဂျပန်၊ တရုတ်နန့် ဥရောပနိုင်ငံတိသို့ လားရောက်ကာ ဘာသာစကား၊ နိုင်ငံရီး၊ ပညာရီးနန့် လူမှုဖွဲ့စည်းပုံရို့ကို လိ့လာခရေ။ နိုင်ငံရပ်ခြားမာ အချိန်အကြာကြီး နီထိုင်ခရကေလေ့ မွီးရပ်မြီအပေါ်ထားဟိရေ သံယောဇဉ်မာ ပျောက်ကွယ်မလားခလီ။ “ဆရာတော် ဦးဥတ္တမဧ့ ဇာတိပုည ဂုဏ်မာန” ဆောင်းပါးမာ ရောက်ဖူးသမျှနီရာတိထဲမာ ရက္ခိုင်ပြည်ကို ပျော်ဖို့အကောင်းဆုံးနီရာဟု လည်းကောင်း၊ စစ်တွေမြို့ ရူပရပ်ဟိ မွီးအိမ်ကို အကောင်းဆုံးအရပ်ဟု လည်းကောင်း ဆရာတော်က ဖြီကြားခကြောင်း ဖော်ပြထားရေ။[၁] ဆရာတော်ရီးသားခရေ ဘုန်းဘုန်းကိုယ်တွိ့ဘုံဓလေ့၊ ဒိန်းဒလိန်းနတ် ဇာတ်လမ်းတိုစစွာစာအုပ်ရို့မာလေ့ ရက္ခိုင်အဖေသာ့အသက်နန့်ရာ အကောင်းဆုံးထုံမွန်းထားစွာကိုရာ တွိ့မြင်နိုင်ရေ။
ဆရာတော်ဧ့ ကမ္ဘာ့အမြင်နန့် ဇာတိချစ်စိတ်ရို့စွာ ဆန့်ကျင်ဘက်မဟုတ်ကြောင်း ထင်ရှားစီရေ။ သူစွာ ကမ္ဘာကိုလိ့လာခြင်းအားဖြင့် ဇာတိကို မိလားသူမဟုတ်ဘဲ ပြည်ပမှရဟိရေ အသိပညာကို ဇာတိမြီနန့် အုပ်ချုပ်ခံပြည်သူတိ လွတ်မြောက်ရီးအတွက် ပြန်ပနာအသုံးချလိုသူ ဖြစ်ရေ။ ဆရာတော်ဧ့ ရက္ခိုင်အမျိုးသားအမှတ်သညာစွာ အထီးကျန်ဒေသရီးမဟုတ်။ ရက္ခိုင်ပြည်ကို သူ့နိုင်ငံရီးဘဝဧ့ အမြစ်အဖြစ်ထားကေလေ့ လုပ်ငန်းရည်မှန်းချက်ကို မြန်မာတစ်ပြည်လုံးနန့် အာသျှတိုက်အထိ ချဲ့ထွင်ခရေ။ ဂျပန်နန့် တရုတ်ရို့ ပူးပေါင်းပနာ အာသျှလွတ်မြောက်ရီးကို ဆောင်ရွက်ရဖို့ဆိုရေ သူဧ့ အမြင်၊ အိန္ဒိယအမျိုးသားလှုပ်ယှားမှုနန့် ဆက်ဆံမှု၊ မြန်မာတစ်ပြည်လုံးသို့ လှည့်လည်ဟောပြောမှုရို့စွာ ရက္ခိုင်ဇာတိက ပေါက်ဖွားလာရေ နိုင်ငံရီးအမြင်ကို ကမ္ဘာ့နယ်ချဲ့ဆန့်ကျင်ရီးနန့် ဆက်စပ်ထားကြောင်း ဖော်ပြရေ။[၂]
စစ်တွေခရီးစဉ်တိနန့် ရက္ခိုင်ပြည်နိုင်ငံရီး နိုးကြားလာခြင်း
ဆရာတော်ဦးဥတ္တမဧ့ ရက္ခိုင်နိုင်ငံရီးဆိုင်ရာအခန်းကဏ္ဍစွာ သူ့မွီးရပ်ကို ချစ်မြတ်နိုးကြောင်း ပြောဆိုခြင်းနန့်ရာ မပြီးဆုံးပါ။ ပြည်ပအတွိ့အကြုံတိ ရဟိပြီးနောက် စစ်တွေသို့ ပြန်လာပနာ ရက္ခိုင်လူထုအတွင်း နိုင်ငံရီးအသိ၊ အမျိုးသားဂုဏ်နန့် လွတ်လပ်လိုစိတ်ကို ဖြန်ဝီခခြင်းစွာ ပိုပြီးကေအရီးကြီးရေ။
“ဆရာတော် ဦးဥတ္တမဧ့ ပဌမအကြိမ် စစ်တွေခရီးစဉ်” ဆောင်းပါးအရ ဆရာတော်စွာ ၁၉၁၀–၁၉၁၁ ဝန်းကျင်မာ နိုင်ငံရပ်ခြားက ပြန်ပနာရောက်ဟိလာပြီးကေ စစ်တွေမာ အမျိုးသားရီးနန့် နယ်ချဲ့ဆန့်ကျင်ရီးအမြင်တိကို ဖြန်ဝီခရေ။[၃] “ဇာတိပုည ဂုဏ်မာန” မာ စစ်တွေသို့ ပြန်ပနာရောက်ဟိခရေနှစ်တိအဖြစ် ၁၉၁၁၊ ၁၉၁၃၊ ၁၉၁၉၊ ၁၉၂၀၊ ၁၉၂၁၊ ၁၉၂၄ နန့် ၁၉၃၆ ရို့ကို ဖော်ပြထားကေလေ့ ၁၉၁၁၊ ၁၉၂၁ နန့် ၁၉၃၆ ဝန်းကျင်ခရီးစဉ်တိရာ ပိုပြီးကေထင်ရှားကြောင်း ဆောင်းပါးသျှင်ကိုယ်တိုင် မှတ်ချက်ပြုထားရေ။[၁] ဆောင်းပါးတိအကြား ထပ်တူညီရေအချက်မာ ဆရာတော်ဧ့ စစ်တွေခရီးစဉ်တိစွာ သာမန်ဇာတိပြန်ခရီးမဟုတ်ခြင်းပင်ဖြစ်ရေ။ ယင်းခရီးတိမာ—
- ဝံသာနုရက္ခိတတရားနန့် မကြောက်တရားကို ဟောပြောခြင်း၊
- ကိုလိုနီအာဏာပိုင်တိကို အသျှင်သခင်အဖြစ် မကြောက်ရန် ရှင်းပြခြင်း၊
- ရက္ခိုင်သံဃာ၊ ကျောင်းသားနန့် မြို့မိမြို့ဖတိကို ဆုံစည်းပီးခြင်း၊
- အမျိုးသားပညာရီးနန့် ဒေသခံစာနယ်ဇင်းကို အားပီးခြင်း၊
- ရက္ခိုင်ပြည်ဧ့ နိုင်ငံရီးပြဿနာကို မြန်မာတစ်ပြည်လုံးဧ့ နယ်ချဲ့ဆန့်ကျင်ရီးနန့် ချိတ်ဆက်ခြင်း
ရို့ကို ဆောင်ရွက်ခကြောင်း အထောက်အထားတိက ညွှန်ပြရေ။
ဆရာတော်အတွက် “မကြောက်တရား” ဆိုစွာမှာ စိတ်ဓာတ်မြှင့်တင်ရီး စကားရာမဟုတ်။ ကိုလိုနီအုပ်ချုပ်မှုအောက်မာ အရာဟိကို မေးခွန်းမထုတ်ဝံ့ခြင်း၊ မတရားရေအခွန်နန့် ဥပဒေကို ဆန့်ကျင်မပြောဝံ့ခြင်း၊ မိမိအခွင့်အရီးကို မသိခြင်းရို့က လွတ်မြောက်စီရေ နိုင်ငံရီးပညာပီးနည်းဖြစ်ရေ။ “အသျှင်ဦးဥတ္တမကိုယ်တော်တိုင် ဟောပြောခရေ (မကြောက်တရား) နိုင်ငံရီးမိန့်ခွန်းများ” မာ အစိုးရအရာဟိတိစွာ ပြည်သူဧ့အသျှင်သခင်မဟုတ်ဘဲ ပြည်သူ့အစီခံဖြစ်ကြောင်း၊ ပြည်သူတိစွာ မတရားမှုကို ပြောဆိုဆန့်ကျင်ပိုင်ခွင့်ဟိကြောင်း အဓိကထားဖော်ပြရေ။[၄]
ဒေအယူအဆစွာ ရက္ခိုင်နိုင်ငံရီးအတွက် အခြီခံပြောင်းလဲမှုတစ်ရပ်ဖြစ်ရေ။ အစဉ်အလာအားဖြင့် အုပ်ချုပ်ခံပြည်သူတိကို အာဏာပိုင်ဧ့ အမိန့်နာခံသူတိအဖြစ်ရာ ထားဟိရေစနစ်က နိုင်ငံရီးအခွင့်အရီးဟိရေ ပြည်သူတိအဖြစ် ပြန်ပနာမြင်စီခြင်းဖြစ်ရေ။ လူထုတစ်ရပ် နိုင်ငံရီးသမားဖြစ်လာဖို့ ပါတီဝင်ဖြစ်ဖို့မလိုဘဲ မိမိအခွင့်အရီးကို သိခြင်း၊ မတရားမှုကို မကြောက်ဘဲ ပြောခြင်းနန့် အများအကျိုးအတွက် စုစည်းဆောင်ရွက်ခြင်းက အစပြုကြောင်း ဆရာတော်ဧ့ လှုပ်ယှားမှုက ပြသခရေ။
အမျိုးသားပညာရီး—ရက္ခိုင်နိုင်ငံရီးဧ့ အခြီခံတည်ဆောက်မှု
ဆရာတော်ဦးဥတ္တမနန့် ရက္ခိုင်နိုင်ငံရီးရို့ဧ့ ဆက်နွီမှုကို လိ့လာရာမာ စစ်တွေ အမျိုးသားကျောင်းကို အထူးအလီးထားရဖို့။ ကိုလိုနီခေတ် အမျိုးသားပညာရီးစွာ စာသင်ပညာရီးသက်သက်မဟုတ်ဘဲ အုပ်ချုပ်ခံဘဝကို လက်မခံရေ နိုင်ငံရီးတုံ့ပြန်မှုတစ်ရပ်ဖြစ်ရေ။ ၁၉၂၀ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ဧ့ အရှိန်အဟုန်စွာ မြန်မာပြည်အနှံ့ အမျိုးသားကျောင်းတိ တည်ထောင်ရီးသို့ ကူးစက်လားခပြီး စစ်တွေမြို့လည်း ယင်းလှုပ်ယှားမှုဧ့ အရီးကြီးရေ နီရာဖြစ်လာခရေ။ ယင်းပိုင် ဖြစ်လာရခြင်းမာလေ့ အကြောင်းမဲ့မဟုတ်။ ၁၉၂၀ ပထမအကြိမ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီးမာ ဆရာတော်ဦးဥတ္တမဧ့ နိုင်ငံရီးတပည့်တိဖြစ်ကတ်တေ ကိုဘရှင် (သံတွဲ) နန့် ကိုထွန်းဝင်း (ကျောက်ဖြူ) ရို့စွာ သပိတ်မှောက်ကော်မတီဧ့ အဓိကထိပ်သီးခေါင်းဆောင် (၁၁) ဦးအနက် ရက္ခိုင်တိုင်းရင်းသားခေါင်းဆောင်တိအဖြစ် ရှိတန်းက ရဲရဲဝံ့ဝံ့ ပါဝင်ဦးဆောင်ခကတ်ရေ။ ယင့်ချင့်အပြင် ကျောင်းသားတိ သပိတ်မှောက်နိုင်ဖို့နန့် အမျိုးသားပညာရီးလှုပ်ယှားမှုတိ အားကောင်းလာစီဖို့အတွက် ဗွီလာဦးကတည်းက မျိုးချစ်စိတ်ဓာတ် ရိုက်သွင်းပီးခရေ ဝိုင်အမ်ဘီအေ (YMBA) အသင်းကြီးဧ့ နာယကဖြစ်သူ ရက္ခိုင်အမျိုးသား ပညာတတ်ကြီး ဦးမေအောင်စွာလည်း နောက်ကွယ်ကနီပနာ အဓိကပံ့ပိုးကူညီပီးခရေ။ ဒေပိုင် ရှိတန်းမှ ခေါင်းဆောင်ခကတ်သော ရက္ခိုင်ကျောင်းသားတိနန့် နောက်ကွယ်မှ မျိုးချစ်ခေါင်းဆောင်ကြီးတိဧ့ တက်ကြွရေ ပါဝင်မှုအရှိန်အဟုန်ကြောင့် စစ်တွေအမျိုးသားကျောင်းကြီးစွာလည်း ပေါ်ပေါက်လာခရခြင်း ဖြစ်ရေ။
“ဆရာတော် ဦးဥတ္တမနန့် စစ်တွေအမျိုးသားကျောင်း” အရ စစ်တွေဟိ သပိတ်မှောက်ကျောင်းသားတိနန့် ရက္ခိုင်ပြည်သူတိစွာ စာသင်မပျက်စီဖို့ အမျိုးသားကျောင်းတည်ထောင်ခကတ်ရေ။ ၁၉၂၁ ခုနှစ် ဇန်နဝါရီလမာ စစ်တွေ ရွှေစေတီကျောင်းမာ ဆရာတော်ဦးဥတ္တမကို အမှူးထားကာ အမျိုးသားကျောင်းအမြုတေကို ဖွင့်လှစ်ခပြီးကေ သင်္ဃရာဇာနန့် ပညာလင်္ကာရကျောင်းတိကို ယာယီစာသင်ခန်းတိအဖြစ် အသုံးပြုခကြောင်း ဖော်ပြရေ။ နောက်ပိုင်း ကျောင်းသားဦးရေ ၇၀၀ အထိ ဟိလာပြီးကေ မြို့မိမြို့ဖတိက ဖေသာ၊ လူနန့် စိတ်ဓာတ်အင်အားရို့နန့် ဝိုင်းဝန်းကူညီခကတ်ရေ။[၅]
ဒေဖြစ်စဉ်မာ နိုင်ငံရီးဆိုင်ရာ အဓိပ္ပာယ်သုံးမျိုးဟိရေ။
ပထမအချက်မာ ပညာရီးကို ကိုလိုနီအုပ်ချုပ်ရီးမှ ခွဲထုတ်ပနာ လူထုဧ့ ကိုယ်ပိုင်တာဝန်အဖြစ် ပြန်ပနာရယူခြင်း ဖြစ်ရေ။ ကိုလိုနီကျောင်းစနစ်က ထုတ်ပီးရေ အသိပညာနန့် အုပ်ချုပ်ခံစိတ်ကို မကျေနပ်သောကျောင်းသားတိက မိမိရို့လိုလားရေ ပညာရီးကို မိမိရို့ဘာသာ တည်ဆောက်ရန် ကြိုးစားခကတ်ရေ။
ဒုတိယအချက်မာ သံဃာ၊ ကျောင်းသား၊ မြို့မိမြို့ဖနန့် သာမန်ပြည်သူရို့ ပါဝင်ရေ လူထုအဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်ရေ။ ကျောင်းစွာ နိုင်ငံရီးပါတီရုံးမဟုတ်ကေလေ့ အမျိုးသားအသိ၊ စည်းလုံးမှုနန့် ကိုယ်ပိုင်စီမံနိုင်စွမ်းရို့ကို လိ့ကျင့်ပီးရေ နိုင်ငံရီးအခြီခံအဆောက်အအုံ ဖြစ်လာရေ။
တတိယအချက်မာ ရက္ခိုင်ဒေသဧ့ ပညာရီးလှုပ်ယှားမှုကို မြန်မာတစ်ပြည်လုံးဧ့ ကျောင်းသားလှုပ်ယှားမှုနန့် ချိတ်ဆက်ပီးခြင်း ဖြစ်ရေ။ ၁၉၂၁ ဧပြီလမာ ကျင်းပရေ ဗမာနိုင်ငံလုံးဆိုင်ရာ သပိတ်မှောက်ကျောင်းသားညီလာခံသို့ စစ်တွေက ကိုယ်စားလှယ်တိ တက်ရောက်ခပြီးကေ ဆရာတော်ဧ့ စွမ်းဆောင်မှုကို မှတ်တမ်းတင်ရန်အပါအဝင် ဆုံးဖြတ်ချက်တိ ချမှတ်ခကြောင်း ဖော်ပြထားရေ။[၅]
ယင့်ချင်ကြောင့် စစ်တွေ အမျိုးသားကျောင်းစွာ ဆရာတော်ဦးဥတ္တမဧ့ ရက္ခိုင်နိုင်ငံရီးအပေါ် သက်ရောက်မှုကို လက်တွိ့မြင်နိုင်ရေ အထင်ရှားဆုံးအမွီအနှစ်တစ်ခုဖြစ်ရေ။ သူဧ့ လှုံ့ဆော်မှုစွာ တရားပွဲပြီးစွာနန့် ပျောက်ကွယ်လားရေ စိတ်အားထက်သန်မှုမဟုတ်ဘဲ ကျောင်း၊ အဖွဲ့အစည်းနန့် လူထုပူးပေါင်းဆောင်ရွက်မှုအဖြစ် ပုံသဏ္ဌာန်ရဟိလာခရေ။
ရက္ခိုင်သံဃာ၊ သာသနာနန့် နိုင်ငံရီးအဖွဲ့အစည်း
ဆရာတော်ဦးဥတ္တမစွာ ရဟန်းတော်တစ်ပါးဖြစ်တွက်တာနန့် သူဧ့ နိုင်ငံရီးလုပ်ငန်းနန့် သာသနာရီးအမြင်ရို့ကို ခွဲထုတ်ပနာ မရပေ။ ယေဒါလေ့ သူစွာ ဘာသာရီးကို နိုင်ငံရီးကြွီးကြော်သံအဖြစ် အသုံးချခြင်းထက် ကျွန်ဘဝ၊ ပညာမဲ့မှုနန့် လူမှုဆင်းရဲမှုရို့က သာသနာဧ့ ရှင်သန်ဖွံ့ဖြိုးမှုကို တားဆီးနီစွာဟု မြင်ခရေ။
ဆရာတော်အတ္ထုပ္ပတ္တိနန့် အဆိုအမိန့်ဆိုင်ရာ ဆောင်းပါးအများအပြားမာ လူမျိုးနန့်နိုင်ငံ အောက်ကျနီသမျှ မိမိဘာသာသာသနာလည်း မကြီးပွားနိုင်၊ ကျွန်ဘဝက လွတ်မြောက်မှရာ သာသနာတိုးတက်နိုင်ဖို့ဆိုရေ အမြင်ကို တွိ့ရရေ။ “ဗုဒ္ဓသာသနာ စည်ပင်ရာ ခါးပမ်းကြိုးကို နာနာစည်းကြလော့” ဆောင်းပါးစွာ နိုင်ငံဧ့ လွတ်လပ်ခြင်းနန့် သာသနာဧ့ စည်ပင်ခြင်းရို့ကို တစ်ဆက်တည်း စဉ်းစားထားကြောင်း အထူးဖော်ပြရေ။[၆]
ဒေအယူအဆအရ ရဟန်းတော်ဧ့ နိုင်ငံရီးပါဝင်မှုစွာ သာသနာ့တာဝန်ကို စွန့်ပစ်ခြင်းမဟုတ်။ လူထုဧ့ ပညာရီး၊ စားဝတ်နီရီး၊ လွတ်လပ်မှုနန့် ဂုဏ်သိက္ခာရို့ ပျက်စီးနီပါကေ သာသနာတည်တံ့စီဖို့ အခြီခံလူ့အဖွဲ့အစည်းကိုယ်တိုင် အားနည်းလားဖို့ဖြစ်ရေ။ ယင့်ချင်ကြောင့် နယ်ချဲ့ဆန့်ကျင်ရီး၊ ပညာရီးနန့် လူထုအခွင့်အရီးရို့အတွက် ဆောင်ရွက်ခြင်းစွာ သာသနာကို ကာကွယ်တည်ဆောက်ခြင်းနန့် ဆက်နွီနီရေ။
“ဆရာတော် ဦးဥတ္တမနန့် ရက္ခိုင်သံဃသာမဂ္ဂီ စစ်တွေခရီး” ဆောင်းပါးက ဆရာတော်ဧ့ စစ်တွေခရီးစဉ်တိမာ ရက္ခိုင်သံဃာတော်တိ ပါဝင်ကြိုဆိုခြင်း၊ တရားပွဲတိစီစဉ်ခြင်းနန့် လူထုနိုးကြားရီးလုပ်ငန်းတိကို ပံ့ပိုးခြင်းရို့ကို ဖော်ပြထားရေ။[၇] ဘုန်းတော်ကြီးကျောင်းတိစွာ တရားနာရာနီရာသာမက လူထုစုဝီးရာ၊ ပညာသင်ရာ၊ အကြံပီးဆွီးနွီးရာနန့် အဖွဲ့အစည်းတည်ဆောက်ရာနီရာတိ ဖြစ်လာခရေ။
ရက္ခိုင်နိုင်ငံရီးအတွက် ယင်းစွာ အလွန်အရီးကြီးရေ။ သံဃာနန့် ကျောင်းတိုက်တိက လူထုနန့် ဆက်သွီနိုင်ရေ ဒေသတွင်းကွန်ရက်တစ်ခုကို ပီးစွမ်းနိုင်ခရေ။ ယေဒါလေ့ ယင်းကွန်ရက်စွာ ကိုလိုနီအစိုးရဧ့ ထိန်းချုပ်မှုနန့် စောင့်ကြည့်မှုက ကင်းလွတ်နီခြင်းမဟုတ်ပါ။ ပထမစစ်တွေခရီးစဉ်မာ ငယ်ဆရာနန့် ဆွေမျိုးတိကိုပါ ဖိအားပီးခံခရရေ မှတ်တမ်းက ယင်းကန့်သတ်ချက်ကို ပြသရေ။ လူထုဧ့ ယုံကြည်မှုရဟိထားရေ ရဟန်းတော်တိစွာ နယ်ချဲ့အာဏာကို စိန်ခေါ်ရာမာ ကိုယ်ကျင့်တရားဆိုင်ရာ အားပီးမှုကို ပီးစွမ်းနိုင်ခရေ။ ဆရာတော်ဧ့ လူထုအခွင့်အရီးနန့် ညီညွတ်ရီးဆိုင်ရာ ဟောပြောချက်တိကို ယင်းနောက်ခံနန့် တွဲဖက်ဖတ်ရှုသင့်ရေ။[၂][၃][၇]
ဦးနန္ဒမာလာ(ဦးထွန်းစိန်)ကတဆင့် ရက္ခိုင်နိုင်ငံရီးသို့ ကူးစက်ခရေ အတွေးအခေါ်
ဆရာတော်ဦးဥတ္တမနန့် ရက္ခိုင်နိုင်ငံရီးကြား ဆက်စပ်မှုကို လူပုဂ္ဂိုလ်အခြီပြုပနာ လိ့လာဖို့ဆိုကေ ဦးနန္ဒမာလာ၊ လူဝတ်နာမည် ဦးထွန်းစိန်ကို ချန်ထားခလို့ မဖြစ်နိုင်ပါ။ သူစွာ ဆရာတော်ကို ကြည်ညိုသူတစ်ဦးသာမဟုတ်ဘဲ ပုဂ္ဂိုလ်ရီးအတွင်းရီးမှူး၊ နိုင်ငံရီးတပည့်နန့် နယ်လှည့်ဟောပြောရီးမာ အတူလိုက်ပါခသူဖြစ်ရေ။ မောင်ဗသိန်းဧ့ “ဦးထွန်းစိန် မှတ်မိသမျှ ဆရာတော် ဦးဥတ္တမ” ဆောင်းပါးက ဒေဆက်နွီမှုကို အထင်အယှားဖော်ပြထားရေ။[၃၂]
နောက်လိုက်က လက်တွိ့စည်းရုံးရီးပူးပေါင်းသူသို့
မောင်ဗသိန်းဧ့ မှတ်တမ်းအရ ဟင်္သာတမြို့နယ်ဟိ တရားပွဲတခုမာ ဆရာတော်က သင်္ကန်းအောက်မာ ဝတ်ဆင်ထားရေ ထောင်အဝတ်အစားကို ပရိသတ်အား ပြသခရာ ဦးနန္ဒမာလာစွာ ကြိုတင်ညွှန်ကြားထားရေအတိုင်း စင်ပေါ်တက်ပြီးကေ ကိုလိုနီအစိုးရဧ့ ဆက်ဆံပုံကို ပရိသတ်ရှေ့ တိုင်တည်ပြောဆိုခရေ။ ဆရာတော်ဧ့ ကိုယ်တွိ့ထောင်ဒဏ်ကို လူထုနားလည်နိုင်ရေ မြင်ကွင်းနန့် နှုတ်ပြောစကားအဖြစ် ပေါင်းစပ်အသုံးပြုရာမာ တပည့်ဖြစ်သူက လက်တွိ့ပါဝင်ခခြင်းဖြစ်ရေ။[၃၂]
ဒေအချက်က ဆရာတော်ဧ့ လူထုစည်းရုံးမှုစွာ လူတစ်ဦးတည်းဧ့ ဟောပြောစွမ်းရည်နန့်ရာ မတည်ခကြောင်း ပြရေ။ မိမိတွိ့ကြုံခရေ ဖိနှိပ်မှုကို ရှင်းလင်းတင်ပြသူ၊ ပရိသတ်နန့် ဆက်သွီပီးသူ၊ ခရီးစဉ်နန့် ဟောပြောပွဲတိမာ လိုက်ပါကူညီသူရို့ ပါဝင်ရေ ပူးပေါင်းဆောင်ရွက်မှုဟိခရေ။ ဦးနန္ဒမာလာစွာ ယင်းလုပ်ငန်းအတွင်း နိုင်ငံရီးလုပ်နည်းလုပ်ဟန်ကို ကိုယ်တွိ့သင်ယူခသူဖြစ်ရေ။ ပရိသတ်ဧ့ စိတ်လှုပ်ယှားမှုကို ဖော်ပြရေ မှတ်တမ်းကိုမူ အကြမ်းဖက်တုံ့ပြန်မှုအား ချီးမြှောက်ရန်မဟုတ်ဘဲ ယင်းခေတ်စည်းရုံးနည်းနန့် လူထုတုံ့ပြန်ပုံကို နားလည်ဖို့ အသုံးပြုရဖို့။ (ဆရာတော်နိုင်ငံရီးတရားပွဲတိနန့် ခရီးစဉ်တိမာ လိုက်ပါခရေ မှတ်တမ်းတိကို ယင်းဆောင်းပါးတွင် အကျယ်ဖတ်ရှုနိုင်ရေ)
ရက္ခိုင်ကျေးလက်ဒေသသို့ ပြန်ပနာဖြန်ဝီခရေ နိုင်ငံရီး
ရက္ခိုင်နိုင်ငံရီးနန့် ပတ်သက်ပနာ အရေးအကြီးဆုံးအချက်မာ ဦးနန္ဒမာလာက ဆရာတော်ပါးမာ သင်ယူခရေ နိုင်ငံရီးအတွေးအခေါ်ကို ဒေသတွင်းမာ ပြန်ပနာအသုံးချခခြင်းဖြစ်ရေ။ မောင်ဗသိန်းဧ့မှတ်တမ်းအရ ဦးနန္ဒမာလာစွာ ဆရာတော်ဧ့ညွှန်ကြားချက်ဖြင့် သာသနာရီးအဖွဲ့တစ်ခုဧ့ အတွင်းရီးမှူးအဖြစ် ဆောင်ရွက်ပြီးကေ ရက္ခိုင်ပြည်တောင်ပိုင်း(သံတွဲ-အမ်း)၊ စစ်တွေကျေးလက်၊ ရသေ့တောင်နန့် ဘူးသီးတောင်ဒေသတိမာ ဝံသာနုတရားတိ ဟောပြောခရေ။ [၃၂] ဦးနန္ဒမာလာစွာ လူဝတ်လဲပြီးကေ ဦးထွန်းစိန်အဖြစ် ဆောင်ရွက်ရေအခါ ဆရာတော်ဧ့ တကာတပည့် ရှေ့နေဦးမြထွန်းနန့် ညှိနှိုင်းကာ “ရက္ခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရီးအဖွဲ့ချုပ်” ကို ၁၉၃၁ ခုနှစ် နိုဝင်ဘာလမာ စည်းရုံးဖွဲ့စည်းနိုင်ခကြောင်း မောင်ဗသိန်းက ဆိုရေ။ ယင့်ချင့်အပြင် မင်းပြားမြို့နယ်အတွင်း ဆရာတော်ဧ့ နယ်ချဲ့ဆန့်ကျင်ရီးအယူအဆတိကို ဖြန်ဝီခကြောင်း ဖော်ပြထားရေ။[၃၂]
ယင့်ချင်ကြောင့် ဆရာတော်ဦးဥတ္တမဧ့ ရက္ခိုင်ပြည်အပေါ် သက်ရောက်မှုကို စစ်တွေသို့ ကိုယ်တိုင်အကြိမ်ဇာလောက်ကြွခလဲဆိုရေ မေးခွန်းတခုတည်းနန့် မတိုင်းတာသင့်ပါ။ ဦးနန္ဒမာလာပိုင် တပည့်တိ သင်ယူခပုံ၊ ပြန်ပနာဟောပြောစည်းရုံးခပုံနန့် အဖွဲ့အစည်းတည်ဆောက်ခပုံရို့ကိုပါ ထည့်သွင်းကြေ့ရပါဖို့။ ဆရာတော်နန့် ရက္ခိုင်ပြည်ကြား နိုင်ငံရီးဆက်စပ်မှုစွာ ကိုယ်တိုင်ဦးဆောင်မှုအပြင် တပည့်တိကတဆင့် ဆက်လက်ပြန့်ပွားရေ အတွေးအခေါ်အမွီလည်း ဖြစ်ရေ။
ဦးမြထွန်းနန့် ရက္ခိုင်အမျိုးသား၊ ရဟန်းခေါင်းဆောင်တိဧ့ စုစည်းမှု
ဦးနန္ဒမာလာနန့်တွဲဖက်ပြီးကေ ထည့်သွင်းလိ့လာရဖို့သူက ရှေ့နေဦးမြထွန်းဖြစ်ရေ။ မောင်ဗသိန်းက ဦးမြထွန်းကို ဆရာတော်ဧ့ တကာတပည့်ဟု တိတိကျကျ ခေါ်ဆိုထားပြီးကေ ဦးထွန်းစိန်နန့် ပူးပေါင်းဖွဲ့စည်းရီးလုပ်ခကြောင်း ဖော်ပြရေ။ အသျှင်ဣန္ဒဝံသဧ့ “ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ပေါ်ပေါက်လာပုံ” မာလေ့ ရှေ့နေဦးမြထွန်းအား ရက္ခိုင်တိုင်းလုံးဆိုင်ရာအဖွဲ့ဧ့ ဥက္ကဋ္ဌအဖြစ် ဖော်ပြထားရေ။[၁၁][၃၂] အသျှင်ဣန္ဒဝံသဧ့မှတ်တမ်းအရ လူကြီးတိဦးဆောင်ရေ ရက္ခိုင်တိုင်းလုံးဆိုင်ရာအဖွဲ့နန့် လူငယ်တိဦးဆောင်ရေ တိုင်းရင်းသားအစည်းအရုံးရို့ ပေါင်းစည်းရီးကို ဆရာတော်ဦးစိန္ဒာ၊ ဦးပညာသီဟ၊ ဝတ်လုံဦးသာဇံလှ၊ ဆရာကြီးအောင်ထွန်းဦး၊ ဆရာကြီးဦးအောင်သာဦး၊ ဦးစံထွန်းအောင် (B.A.)၊ ဦးဘစံ (ဓညစံ)၊ ဦးစံရွှေ (ဒို့လက်ရုံး) နန့် နန္ဒမာလာ—နောင်ဦးထွန်းစိန်ရို့ ဆွီးနွီးခကတ်ရေ။ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလမာ စစ်တွေမြို့ ဦးကေတုကျောင်းမာ ပေါင်းစည်းရီးညှိနှိုင်းမှုရှိခပြီးကေ ၁၉၃၉ မင်းပြားညီလာခံက ၁၉၄၀ ပေါက်တောညီလာခံအထိ ဖြတ်သန်းကာ “ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး” ဖွဲ့စည်းနိုင်ခကြောင်း ဆိုရေ။[၁၁]
ဒေနီရာမာ ဆက်နွီမှုအဆင့်ကို ခွဲခြားဖို့ အရီးကြီးရေ။ ဦးနန္ဒမာလာနန့် ဦးမြထွန်းရို့ကို ဆရာတော်ဧ့တပည့်တိဟု မှတ်တမ်းက တိုက်ရိုက်ဖော်ပြရေ။ ဦးစိန္ဒာ၊ ဦးပညာသီဟနန့် အခြားပူးပေါင်းဆောင်ရွက်သူတိကိုမူ ယင်းအဖွဲ့အစည်းတည်ဆောက်မှုမာ တပည့်တိနန့် ပူးပေါင်းခရေ ခေါင်းဆောင်တိအဖြစ် တွိ့ရခြင်းဖြစ်ရေ။ ဒေစာပိုဒ်ကိုရာ အခြီခံ၍ အားလုံးကို ဆရာတော်ဧ့ ကိုယ်တွိ့တပည့်တိဟု မသတ်မှတ်နိုင်ပါ။ ယေဒါလေ့ အနာဂတ် ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်ဖြစ်လာဖို့ဖြစ်ရေ ဆရာတော်ဦးစိန္ဒာဧ့ ကိုယ်ရီးမှတ်တမ်းအရ မိမိစွာ ရဟန်းပျိုဘဝနန့် မန္တလေးမာ ဟိနီစဥ် ဆရာတော်ဦးဥတ္တမဧ့ မန္တလေးသပိတ်တိုက်ပွဲမာ ပါဝင် ဆင်နွှဲခကြောင်း၊ ယင်းတိုက်ပွဲအပြီးမာ ဆရာတော်ဦးဥတ္တမဧ့ တိုက်တွန်းအဆုံးအမချက်အရ မိမိဇာတိ ရက္ခိုင်မြီသို့ ပြန်ကြွကာ ရက္ခိုင်နိုင်ငံရီးလှုပ်ယှားမှုတိကို လက်တွိ့အကောင်အထည်ဖော်ရန် စတင်ခကြောင်း မိန့်ကြားချက်အရ သိဟိရရေ။ ဒေပိုင် ခွဲခြားကြေ့ကေ ဆရာတော်ဧ့ အမွီအနှစ်မှာ ပိုပြီးကေ ထင်ရှားလာရေ။ သံဃာနန့် လူပုဂ္ဂိုလ်၊ လူကြီးနန့် လူငယ်၊ မြို့ပေါ်ပညာတတ်နန့် ကျေးလက်စည်းရုံးရီးသမားရို့ ပူးပေါင်းနိုင်ရေ ရက္ခိုင်နိုင်ငံရီးအင်အားအတွင်း ဆရာတော်ဧ့တပည့်တိ ပါဝင်ခကတ်ရေ။ အဖွဲ့အစည်းတစ်ခုဧ့ အောင်မြင်မှုအားလုံးကို ဆရာတော်တစ်ပါးတည်းထံ အပ်နှင်းခြင်းမပြုဘဲ ထိုစုစည်းမှုအတွင်း သူဧ့အယူအဆနန့် တပည့်တိဧ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းက ပိုပြီးကေတိကျရေ။
ဦးမေအောင်—တွိ့ဆုံလိ့လာမှုက တရားရုံးမာ ရပ်တည်ချက်ကွဲပြားမှုသို့
ဆရာတော်ဦးဥတ္တမနန့် ရက္ခိုင်ပညာတတ်တိဧ့ ဆက်ဆံရီးကို ထောက်ခံအားပီးသူတိစာရင်းအဖြစ်ရာ ရီးသားဖို့ဆိုကေ ဦးမေအောင်ဧ့အခန်းကဏ္ဍကို နားလည်နိုင်ဖို့မဟုတ်ပါ။ ဦးမေအောင်နန့် ဆက်နွီမှုမာ နိုင်ငံရပ်ခြားမာ တွိ့ဆုံပညာဆည်းပူးခြင်း၊ အမျိုးသားအသင်းလှုပ်ယှားမှုအတွင်း ဆက်စပ်ခြင်းနန့် နောက်ပိုင်း ကိုလိုနီတရားရုံးမာ မတူညီရေ ဘက်တိက ရပ်တည်ခြင်းရို့ ပါဝင်နီရေ။
မောင်ဇေယျာဧ့ “လွတ်လပ်ရီးရှေ့ဆောင်လမ်းပြ ဆရာတော်ဦးဥတ္တမ” ဆောင်းပါးအရ ဆရာတော်စွာ ၁၉၀၄ ခုနှစ် ဧပြီလမာ အင်္ဂလန်နန့် ပြင်သစ်သို့ လားရောက်ခစဉ် လန်ဒန်မာ ဥပဒေပညာဆည်းပူးနီရေ ရက္ခိုင်အမျိုးသား ဦးမေအောင်နန့် တွိ့ဆုံပြီး ဥပဒေနန့် နိုင်ငံရီးပညာ လိ့လာဆည်းပူးခရေ။ ဒေအချက်စွာ သူရို့နှစ်ဦး ခေတ်ပြိုင်ဖြစ်ကြောင်းမျှမဟုတ်ဘဲ တိုက်ရိုက်တွိ့ဆုံဆက်ဆံခကြောင်း ဖော်ပြရေ အထောက်အထားဖြစ်ရေ။ ယေဒါလေ့ ဦးမေအောင်ကို ဆရာတော်ဧ့ တရားဝင်နိုင်ငံရီးဆရာ သို့မဟုတ် နိုင်ငံရီးအယူအဆအားလုံးကို ပီးခသူဟု ချဲ့ထွင်သတ်မှတ်ရန် ဒေစာသားတစ်ခုတည်း မလုံလောက်ပါ။[၃၃] ယေဒါလေ့ ဦးမေအောင်နန့်မတွိ့မှီ ဆရာတော်သက်တော် ၂၅ အထိနိုင်ငံရီးလှုပ်ယှားမှု မတွိ့ရသိမ့်စွာက စဥ်းစားစရာတစ်ခုဖြစ်ရေ။
ဝိုင်အမ်ဘီအေလှုပ်ယှားမှုဆိုင်ရာ မှတ်တမ်းတိမာလေ့ ဦးမေအောင်ကို ခေတ်ပညာတတ်ခေါင်းဆောင်တစ်ဦးအဖြစ် တွိ့ရပြီးကေ ဆရာတော်စွာ မြန်မာပြည်သို့ ပြန်ရောက်လာရေအခါ ယင်းအသင်းနန့် ဆက်သွီဆောင်ရွက်ခကြောင်း ဖော်ပြထားရေ။ ဒေအဖွဲ့အစည်းဆိုင်ရာ ဆက်စပ်မှုက သူရို့ကို အမျိုးသားလှုပ်ယှားမှုဧ့ တူညီရေပတ်ဝန်းကျင်အတွင်း တွိ့မြင်စီကေလေ့ နိုင်ငံရီးနည်းလမ်းအားလုံး တူညီခစွာလို့ မဆိုလိုပါ။[၃၃]
နောက်တဆင့်မာ ပိုပြီးကေသိသာရေ ရပ်တည်ချက်ကွဲပြားမှု ပေါ်လာရေ။ ဒေးဒရဲမျိုးမြင့်ဧ့ “ဆရာတော် ဦးဥတ္တမနန့် ဆူးကလပ်တရားပွဲ” နန့် မောင်ဇေယျာဧ့ဆောင်းပါးနှစ်ပုဒ်လုံးက ၁၉၂၁ ခုနှစ် ဆရာတော်ဧ့ နိုင်ငံရီးဟောပြောမှုအမှုမာ ဦးမေအောင်စွာ အစိုးရဘက်အကျိုးဆောင်ရှေ့နေအဖြစ် ပါဝင်ခကြောင်း ဖော်ပြရေ။ အသျှင်ဣန္ဒဝံသဧ့ “ဦးဥတ္တမအတွက် ဒိုင်ယာရီ” မာလေ့ ရုံးပြောင်းလျှောက်ထားရေအဆင့်မာ တရားခံဘက် ဦးသိန်းမောင်နန့် အစိုးရတရားလိုဘက် ဦးမေအောင်ရို့ လျှောက်လဲခကြောင်း ဖော်ပြထားရေ။[၃၃][၃၄][၃၇] ယင့်ချင်ကြောင့် ဦးမေအောင်နန့် ဆက်နွီမှုကို “ရက္ခိုင်ပညာတတ်တစ်ဦးက ရက္ခိုင်ဆရာတော်ကို အမြဲထောက်ခံခဲ့စွာ” ဆိုပနာလည်းကောင်း၊ “တိုက်ရိုက်ပတ်သက်မှုမဟိ” ဆိုပနာလည်းကောင်း ရိုးရှင်းစွာ မရီးနိုင်ပါ။ မူရင်းစုစည်းဒေတာအရ တွိ့ဆုံလိ့လာဆက်ဆံခဖူးသူနှစ်ဦးစွာ နောက်ပိုင်း တရားရုံးအမှုတစ်ခုမာ မတူညီရေဘက်တိက ပါဝင်လာခြင်းဖြစ်ရေ။ ယင်းက လူမျိုးတူခြင်း၊ ပညာတတ်အသိုင်းအဝိုင်းတူခြင်းနန့် နိုင်ငံရီးရပ်တည်ချက်တူခြင်းရို့ မတူညီကြောင်း ပြသရေ။ ယင်းမတူညီစွာ ပါဝင်ခကတ်စွာခြင်းစွာ တူညီရေအကြောင်းအရာတစ်ခုကို ဦးတည်နီခခြင်းလား ဆိုစွာ မေးခွန်းထုတ်ရန်လိုလာရေ။ (က)ယင်းအချိန်က ဆရာတော်ကို စွဲချက်တင်ခရေ အမှုတိုင်းစွာ သေဒါဏ်(သို့မဟုတ်) ပြည်နှင်ဒါဏ်နန့် ညီမျှစွာ၊ ယေဒါလေ့ ဆရာတော်စွာ ထောင်နှစ်အနည်းငယ်သာ ကျအောင် လုပ်နိုင်ခရေ။ (ခ) ဦးမေအောင်တာဝန်လွဲပြောင်းပြီးချိန်မာ သူဧ့သား ဝတ်လုံတော်ရ ဦးလှထွန်းဖြူ(ရက္ခိုင်) က ဆရာတော်ဧ့ အထူးအကြံပီးဝတ်လုံဖြစ်လာရေ။ ယင်းစွာ တိုက်ဆိုက်မှုသက်သက်ပင်လော။
ဦးစိန်လှအောင်နန့် ရက္ခိုင်ပညာတတ်တိဧ့ မတူညီရေရွီးချယ်မှု
ဦးမေအောင်ကို ဖော်ပြပြီးနောက် ဦးစိန်လှအောင်ကို တွဲဖက်ထည့်သွင်းမှရာ ယင့်ခေတ်ရက္ခိုင်ပညာတတ်တိဧ့ နိုင်ငံရီးရပ်တည်မှုကွာခြားချက်ကို မြင်နိုင်ရေ။ မောင်ဇေယျာဧ့ဆောင်းပါးက ဦးစိန်လှအောင်ကို ရက္ခိုင်အမျိုးသားဟု သတ်မှတ်ပြီး ဆရာတော်ဧ့အမှုမာ တရားခံဘက်မှ ဝတ်လုံတော်ရဦးပု၊ ဦးဘစီ၊ ဦးကျော်ဦးရို့နန့်အတူ ချေပကူညီခကြောင်း ရီးထားရေ။ ဒေးဒရဲမျိုးမြင့်ဧ့ ဆူးကလပ်တရားပွဲဆောင်းပါးကလည်း တရားခံဘက်လိုက်ပါသူတိအတွင်း ဦးစိန်လှအောင်ကို ထည့်သွင်းထားရေ။[၃၃][၃၄] တူညီရေအမှုအကြောင်းကို ဖော်ပြရေ မှတ်တမ်းတိအရ ဦးမေအောင်က အစိုးရဘက်မာ ပါဝင်ခချိန်မာ ဦးစိန်လှအောင်က ဆရာတော်ဘက်မာ ပါဝင်ခရေ။ ရက္ခိုင်နိုင်ငံရီးကို လူမျိုးတစ်မျိုးဧ့ တညီတညွတ်တည်းသော ရပ်တည်ချက်အဖြစ်ရာမဖော်ပြသင့်ကြောင်း ဒေနှိုင်းယှဉ်ချက်က သတိပီးထားရေ။ လူမျိုးတူသူတိပင် အုပ်ချုပ်ရီးယန္တရားနန့် ဆက်ဆံပုံ၊ ဥပဒေပညာကို အသုံးပြုပုံနန့် လှုပ်ယှားမှုကို ပံ့ပိုးပုံ မတူနိုင်ကတ်ပါ။
အလားတူ ဆူးကလပ်တရားပွဲဆောင်းပါးတွင် အမှုချိန်းကြောင့် မအူပင်မာ ရဟန်းရှင်လူတိ စုဝီးလာချိန် ရမ်းဗြဲဦးမောင်မောင်စွာ ဦးဘဖေ၊ ဦးချစ်လှိုင်၊ ဦးပု၊ ဦးသင်းမောင်နန့် ဦးဘလှိုင်ရို့နန့်အတူ နယ်ချဲ့ဆန့်ကျင်ရီး၊ လွတ်လပ်ရီးတရားတိ ဟောပြောစည်းရုံးခကြောင်း ဖော်ပြထားရေ။ ရမ်းဗြဲဦးမောင်မောင်ဧ့ ဆက်နွီမှုမှာ ဒေလူထုစည်းရုံးရီးအဆင့်မာ ဖြစ်ပြီး အခြားဦးမောင်မောင်နာမည်ရှိသူတိနန့် မရောသင့်ပါ။[၃၄]
ရက္ခိုင်သံဃာနန့် ဒေသခံပညာရီးကွန်ရက်ဧ့ လူပုဂ္ဂိုလ်ဆိုင်ရာအခြီခံ
ရက္ခိုင်သံဃာနန့် ဆရာတော်ဧ့ဆက်နွီမှုမာ ငယ်စဉ်ပညာရီးအခြီခံနန့် နောက်ပိုင်းနိုင်ငံရီးပူးပေါင်းမှုကို ခွဲကြည့်နိုင်ရေ။ ရွှေစေတီဆရာတော်စွာ ငယ်စဉ်ပညာသင်ကြားရာ ဆရာဖြစ်ပိုင် နိုင်ငံခြားမှ ဆရာတော်ပြန်လာဖို့အချိန် ပစ္စည်းတိနန့် စာအုပ်တိ အပ်နှံထားရာ ကျောင်းဧ့ဆရာတော်လည်းဖြစ်ရေ။ ပထမစစ်တွေခရီးစဉ်အကြောင်းမာ အာဏာပိုင်တိနန့် ဒေသခံအချို့က ဆရာတပည့်ဆက်နွီမှုကိုပင် ငြင်းဆိုစီဖို့ ဖိအားပီးခကြောင်း ဖော်ပြထားရေ။ ယင့်ချင့်ကြောင့် ကျောင်းနန့်သံဃာကွန်ရက်ဟိခြင်းကို ကိုလိုနီအာဏာပိုင်တိဧ့ စောင့်ကြည့်မှုမှ ကင်းလွတ်ခြင်းဟု မယူဆသင့်။[၂][၃] စစ်တွေအမျိုးသားကျောင်းအကြောင်းမာ ၁၉၂၁ ခုနှစ် ရွှေစေတီကျောင်းမာ ဆရာတော်အမှူးပြု ဖွင့်လှစ်ခမှုအပြင် သင်္ဃရာဇာနန့် ပညာလင်္ကာရကျောင်းတိကို ယာယီစာသင်ခန်းတိအဖြစ် အသုံးပြုခကြောင်း ဖော်ပြရေ။ ၁၉၂၃ ခုနှစ် ကျောင်းတည်ဆောက်ဖွင့်လှစ်မှုမာ ၁၉၂၁ ဧပြီလ ကျောင်းသားညီလာခံသို့ စစ်တွေကိုယ်စား ဦးအောင်ထွန်းဦး၊ ဦးစံအောင်နန့် ဦးစံထွန်းအောင်ရို့ တက်ရောက်ခကြောင်းလည်း ဆိုရေ။ ယင်းပုဂ္ဂိုလ်တိစွာ ဆရာတော်နန့်ဆက်စပ်ရေ ပညာရီးလှုပ်ယှားမှုကို လက်တွိ့ဆက်လက်ဆောင်ရွက်ခသူတိဖြစ်ကေလေ့ ဒေစာသားတခုတည်းနန့် အားလုံးကို သူဧ့တိုက်ရိုက်တပည့်တိဟု မခေါ်သင့်။[၅] နောက်ပိုင်းစစ်တွေခရီးမာ ရွှေစေတီဆရာတော်၊ ကျားရုပ်ကျောင်းမှ ဦးသုမန၊ သရက်တောကျောင်းဘုန်းကြီးနန့် ဗေဒင်ပညာရှိ ဆရာထွန်းလှခိုင်ရို့ လီဆိပ်သို့ လိုက်ပါပို့ဆောင်ခကြောင်း ဖော်ပြထားရေ။ [၇] ဦးစိန္ဒာ၊ ဦးပညာသီဟနန့် ဦးကေတုကျောင်းရို့ဧ့ အခန်းကဏ္ဍကိုမူ အထက်ပါ အဖွဲ့အစည်းပေါင်းစည်းရီးမှတ်တမ်းအတွင်း တွိ့ရရေ။ ဒေပိုင် ခွဲခြားကြည့်ခြင်းက ရက္ခိုင်ရဟန်းတော်တိစွာ ပညာသင်ကြားပီးသူ၊ နယ်လှည့်စည်းရုံးသူ၊ အဖွဲ့အစည်းပူးပေါင်းရေးဆောင်ရွက်သူနန့် လူထုစုဝီးရာနီရာပံ့ပိုးသူဆိုပနာ မတူညီရေတာဝန်တိ ထမ်းဆောင်ခကြောင်း ပြသရေ။[၁၁]
ရက္ခိုင်ပြည်သတင်းစာနန့် အများပြည်သူနိုင်ငံရီး
နိုင်ငံရီးလှုပ်ယှားမှုတစ်ရပ် အားကောင်းလာဖို့ လူထုတွိ့ဆုံရာနီရာနန့် အတွေးအခေါ်ဖြန်ဝီရာမီဒီယာ နှစ်ခုစလုံးလိုအပ်ရေ။ ဆရာတော်ဦးဥတ္တမစွာ တရားပွဲတိကတဆင့် လူထုနန့် တိုက်ရိုက်ဆက်သွီပိုင် သတင်းစာ၊ ဆောင်းပါးနန့် ပန်ကြားလွှာရို့ကိုလည်း ထိရောက်စွာ အသုံးပြုခရေ။
“ဆရာတော် ဦးဥတ္တမနန့် ရက္ခိုင်ပြည်သတင်းစာ” ဆောင်းပါးစွာ ဆရာတော်နန့် ရက္ခိုင်ဒေသခံစာနယ်ဇင်းရို့ဧ့ ဆက်စပ်မှုကို သီးခြားဖော်ပြထားရေ။[၈] ယင့်ချင့်အပြင် သူရိယ၊ ပညာအလင်းနန့် ဒီးဒုတ်ပိုင် သတင်းစာတိကတဆင့် သူဧ့ ခရီးသွားအတွိ့အကြုံ၊ ကမ္ဘာ့နိုင်ငံရီးအမြင်နန့် နယ်ချဲ့ဆန့်ကျင်ရီးဆောင်းပါးတိကို ဖြန်ဝီခကြောင်း အတ္ထုပ္ပတ္တိဆိုင်ရာ ဆောင်းပါးတိတွင် တွိ့ရရေ။[၁][၉]
ဆရာတော်ဧ့ သတင်းစာအသုံးပြုပုံမာ နိုင်ငံရီးသင်ခန်းစာနှစ်ခုဟိရေ။ ပထမတခုမာ အာဏာကို ဝေဖန်ဖို့ စာပီနန့် အများပြည်သူဆွီးနွီးခွင့် အရီးကြီးခြင်းဖြစ်ရေ။ ဘုရင်ခံကို မြန်မာပြည်က ထွက်လားရန် ရီးသားစိန်ခေါ်မှုစွာ လူတစ်ဦးကို စော်ကားခြင်းထက် ပြည်သူက အုပ်ချုပ်သူကို ပြန်ပနာမေးခွန်းထုတ်နိုင်ကြောင်း လက်တွိ့သင်ကြားပီးခြင်းဖြစ်ရေ။
ဒုတိယတခုမာ ဒေသတစ်ခုဧ့ နိုင်ငံရီးအတွိ့အကြုံကို အခြားဒေသတိနန့် ဆက်စပ်ပီးနိုင်ခြင်းဖြစ်ရေ။ စစ်တွေမှ ရက္ခိုင်လူထုစွာ ရန်ကုန်၊ အိန္ဒိယ၊ ဂျပန်နန့် အခြားအာသျှနိုင်ငံတိဧ့ လှုပ်ယှားမှုတိကို သတင်းစာကတဆင့် သိဟိနိုင်ခရေ။ တစ်ဖက်မာလေ့ ရက္ခိုင်ပြည်ဧ့ နိုင်ငံရီးလှုပ်ယှားမှုတိကို မြန်မာတစ်ပြည်လုံးသို့ ဖြန်ဝီနိုင်ခရေ။ ယင်းပိုင်နန့် ရက္ခိုင်နိုင်ငံရီးစွာ ဒေသအတွင်း ပိတ်မနေဘဲ အမျိုးသားနန့် နိုင်ငံတကာအကြောင်းအရာတိနန့် ဆက်သွီလာခရေ။
ရက္ခိုင်အမျိုးသားပညာရီးနန့် အိန္ဒိယလွတ်လပ်ရီးလှုပ်ယှားမှုရို့ဧ့ ဆက်စပ်မှု
ဆရာတော်ဦးဥတ္တမနန့် ဆက်နွီသော ရက္ခိုင်အမျိုးသားပညာရီးလှုပ်ယှားမှုကို လိ့လာရာမာ ဂျဝါဟလာနေရူးနန့် သမီး အင်ဒီရာဂန္ဒီရို့ စစ်တွေအမျိုးသားကျောင်းသို့ လာရောက်ခကြောင်း မှတ်တမ်းစွာ ထည့်သွင်းဆွီးနွီးသင့်ရေ အချက်တစ်ခုဖြစ်ရေ။ အသျှင်ဣန္ဒဝံသဧ့ “စစ်တွေအမျိုးသားကျောင်း ရံပုံဖေသာ ယှာဖွီခြင်း” ဆောင်းပါးမာ ၁၉၃၆ ခုနှစ်မာ နေရူးနန့် သမီးရို့စွာ အမျိုးသားပညာရီးနန့် အမျိုးသားလွတ်မြောက်ရီးအတွက် စစ်တွေအမျိုးသားကျောင်းသို့ ဝင်ရောက်လည်ပတ်ခကြောင်း ဖော်ပြထားရေ။ ယင်းဖော်ပြချက်အရ စစ်တွေအမျိုးသားကျောင်းစွာ ဒေသခံကလေးငယ်တိ ပညာသင်ယူရာနီရာဖြစ်ပိုင် ပြင်ပအမျိုးသားလှုပ်ယှားမှုခေါင်းဆောင်တိ လာရောက်ထိတွိ့ခရေ နီရာတစ်ခုလည်း ဖြစ်ခရေ။[၃၈] နေရူးရို့ လာရောက်ခရေ အမျိုးသားကျောင်းစွာ လူထုဧ့ ပညာရီးလိုလားချက်နန့် ကိုယ့်အားကိုယ်ကိုးလိုသည့် စိတ်ဓာတ်ရို့နန့် တည်ဆောက်ထားရေ အဖွဲ့အစည်းဖြစ်ကြောင်း နားလည်နိုင်ရေ။[၄၇]
ဒေခရီးစဉ်ဧ့ အဓိပ္ပာယ်ကို ဆရာတော်ဦးဥတ္တမဧ့ အိန္ဒိယနိုင်ငံရီးဆက်ဆံမှုနန့် တွဲဖတ်ရေအခါ ပိုပြီးကေထင်ရှားလာရေ။ “ဦးဥတ္တမကိုယ်တော်နန့် ပဏ္ဍိတ်နေရူးတွိ့ဆုံခြင်း” ဆောင်းပါးက ၁၉၃၇ ခုနှစ် မေလထုတ် သူရိယသတင်းစာတိကို ကိုးကားပနာ ဆရာတော်နန့် နေရူးရို့ ရန်ကုန်မာ တွိ့ဆုံခပုံကို ဖော်ပြထားရေ။ ဆရာတော်စွာ အကျိုးတော်ဆောင် ဦးနရိန္ဒနန့်အတူ နေရူးတည်းခိုရာသို့ ကြွရောက်ခပြီးကေ နေရူးဧ့ မြန်မာပြည်ခရီးစဉ်၊ မိသားစုကျန်းမာရေးနန့် အိန္ဒိယကွန်ဂရက်ဧ့ အခြီအနိန်ရို့ကို ဆွီးနွီးခကတ်ရေ။ နေရူးကလည်း ယင်းရန်ကုန်ခရီးမာ မိမိဧ့သမီးနန့် အကျိုးဆောင်ရို့ ပါလာကြောင်း ပြောကြားခစွာလို့ မှတ်တမ်းမာ ပါဟိရေ။[၃၉]
ယင်းတွိ့ဆုံမှုမာ ဆရာတော်က နေရူးဧ့မိခင် နာမကျန်းဖြစ်စဉ် အလ္လာဟာဘတ်သို့ လားရောက်ကြည့်ရှုခဖူးကြောင်း ပြောဆိုထားရေ။ ယင်းအချက်စွာ ဆရာတော်နန့် နေရူးမိသားစုရို့ဧ့ ဆက်ဆံရီးတွင် နိုင်ငံရီးအကြောင်းအရာတိနန့်အတူ ပုဂ္ဂိုလ်ရီးရင်းနှီးမှု၊ အပြန်အလှန်ဂရုစိုက်မှုရို့လည်း ပါဝင်ကြောင်း ပြသရေ။ ဆရာတော်ဧ့ အိန္ဒိယဆက်ဆံရီးကို အဝေးက အားကျလိ့လာမှုသက်သက်အဖြစ်ရာမမြင်ဘဲ ခေါင်းဆောင်တိနန့် တိုက်ရိုက်တွိ့ဆုံဆွီးနွီးနိုင်ရေ ဆက်ဆံရီးအဖြစ် နားလည်ဖို့ ဒေမှတ်တမ်းက အထောက်အကူပြုရေ။[၃၉]
စစ်တွေခရီးကို ဆရာတော်ကိုယ်တိုင် ဖိတ်ကြားစီစဉ်ပီးခကြောင်း၊ နေရူးနန့် သမီးရို့ကို စစ်တွေမာ ကိုယ်တိုင်ဧည့်ခံခကြောင်း၊ သို့မဟုတ် အင်ဒီရာက ဟောပြောခကြောင်းကိုလည်း ယင်းရင်းမြစ်တိက မဖော်ပြထားပါ။ ယေဒါလေ့ ဓာတ်ပုံမှတ်တမ်းမှာတော့ ဖော်ပြထားစွာကို တွိ့မြင်ရရေ။ အထောက်အထားတိအပေါ် အခြီခံ၍ ဆိုနိုင်စွာမာ နေရူးနန့် သမီးရို့ဧ့ စစ်တွေအမျိုးသားကျောင်းသို့ လာရောက်မှုစွာ ရက္ခိုင်အမျိုးသားပညာရီးနန့် အိန္ဒိယအမျိုးသားလှုပ်ယှားမှုရို့ ထိတွိ့ခရေ ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်းပင်ဖြစ်ရေ။ ဆရာတော်ဦးဥတ္တမဧ့ အမျိုးသားပညာရီးအားပီးမှုနန့် နေရူးမိသားစုအပါအဝင် အိန္ဒိယခေါင်းဆောင်တိနန့် ဆက်ဆံရီးရို့ကို ယင်းဖြစ်စဉ်နန့် တွဲဖတ်ကေ ရက္ခိုင်ပြည်ဧ့ လွတ်မြောက်ရီးအတွေးအခေါ်စွာ ဒေသတွင်းအတွိ့အကြုံတိနန့် အိမ်နီးချင်းနိုင်ငံဧ့ နယ်ချဲ့ဆန့်ကျင်ရီးလှုပ်ယှားမှုရို့အကြား ဆက်စပ်ဖြစ်ပေါ်နိန်ခကြောင်း သုံးသပ်နိုင်ရေ။
ရက္ခိုင်အမတ်တိနန့် တိုက်ရိုက်ဆွီးနွီးညှိနှိုင်းခပုံ
ရက္ခိုင်အမတ်တိနန့် ဆရာတော်ဧ့ဆက်နွီမှုကို နာမည်နန့်ဖြစ်စဉ်တိနန့် ကြည့်ဖို့ဆိုကေ ၁၉၃၇ ခုနှစ် မတ်လ ၃ ရက် သူရိယသတင်းစာကို ပြန်ပနာဖော်ပြထားရေ စာစွာ အဓိကအထောက်အထားဖြစ်ရေ။ ယင့်ချင့်ထဲမာ စက်သူဌေးအမတ်ဦးအောင်ကျော်က ဆရာတော်နန့် ရန်ကုန်မာတွိ့ဆုံခကြောင်း၊ ဝတ်လုံတော်ရဦးထွန်းအောင်ကျော်က ဒေါက်တာဘမော်ပါတီနန့် ရက္ခိုင်အမတ်များ ဆက်ဆံရီးအကြောင်း လျှောက်ထားဆွီးနွီးခကြောင်း ဖော်ပြရေ။ ဆရာတော်က ထိုပါတီဧ့ ကတိကဝတ်အပေါ် သံသယနန့်တုံ့ပြန်ခပြီးကေ စစ်တွေမာ အမတ်တိနန့် ဆက်လက်ဆွီးနွီးခရေ။[၁၀]
ယပြီးနောက် ဆရာတော်ဧ့သူငယ်ချင်းဟု ဖော်ပြထားရေ ပင်စင်စားစက်သျှင်မင်းကြီး ဦးသာထွန်းအောင်၊ ပင်စင်စားအရီးပိုင် ဦးသာဘန်း၊ ဦးစံအောင်၊ ညီမ မပုပုဧ့ခင်ပွန်းဟု ဖော်ပြထားရေ ဝတ်လုံတော်ရဦးအဒိုးနန့် ဒေသခံလူကြီးတိ ပါဝင်ဆွီးနွီးပြီးကေ ဦးရွှေသာကို ရက္ခိုင်အမတ်ခေါင်းဆောင်တင်ဖို့ ဆရာတော်က တိုက်တွန်းခရေ။ ခေါင်းဆောင်ရွီးပြီးကြောင်း သိရရေအခါ ရန်ကုန်သို့ ကြေးနန်းပို့အကြောင်းကြားခကြောင်းလည်း မှတ်တမ်းမာ ပါဟိရေ။ ယင်းစွာ ဆရာတော်က အမတ်တိကို အဝီးကဝေဖန် ထောက်ပြရုံမဟုတ်ဘဲ ဒေသတွင်းခေါင်းဆောင်ရွီးချယ်ရီးနန့် ရန်ကုန်နိုင်ငံရီးအဖွဲ့တိကြား ဆက်သွီညှိနှိုင်းမှုမာ ပါဝင်ခကြောင်း ပြသရေ။[၁၀]
အမတ်ဦးဧမောင်ကလည်း လွှတ်တော်ဥက္ကဋ္ဌရွီးချယ်မှုမတိုင်မီ ဆရာတော်ပါးကိုလာပြီးကေ ရက္ခိုင်အမတ်တိဧ့ မဲပီးမှုကို တိုက်တွန်းပီးဖို့ တောင်းဆိုခကြောင်း ဖော်ပြရေ။ ယေဒါလေ့ ဆရာတော်က ရက္ခိုင်အမတ်တိစွာ ရွှေစေတီဆရာတော်ရှိ့မာ ပီးခရေ ကတိကိုပင် မလိုက်နာကြောင်း ထောက်ပြပြီး မိမိတိုက်တွန်းရေအတိုင်း မဲပီးဖို့လို့ အာမမခံခပါ။ ဒေနီရာမာ ရဟန်းတော်ဧ့ လူမှုဩဇာကို ပါတီမဲစုဆောင်းရီးအတွက် အသုံးပြုလိုရေ လိုလားချက်နန့် ဆရာတော်ဧ့ သံသယသတိထားမှုရို့ကို တစ်ပြိုင်နက်တွိ့ရရေ။[၁၀] ဒေစာစွာ ဆရာတော်နာမည်နန့် သတင်းစာမာ ဖော်ပြခရေ အကဲဖြတ်ချက်ဖြစ်တွက်နန့် ဆက်စပ်အမတ်တိဘက်မှ မှတ်တမ်းနန့် တိုက်ဆိုင်ဖို့လေ့ လိုအပ်ရေ။ စာပါအမတ်အားလုံးစွာ လုပ်ရပ်တူညီသူတိဖြစ်ကြောင်း၊ ရက္ခိုင်လူထုအားလုံးက သူရို့ကို ထောက်ခံခကြောင်း သို့မဟုတ် ဆရာတော်ဧ့ဩဇာကို အားလုံးလိုက်နာခကြောင်း ကောက်ချက်မချသင့်ပါ။
ရက္ခိုင်အမတ်တိကို လူထုအကျိုးနန့် တိုင်းတာခြင်း
ဆရာတော်ဦးဥတ္တမဧ့ ရက္ခိုင်နိုင်ငံရီးဆိုင်ရာ အရီးပါဆုံးအခန်းကဏ္ဍတခုမာ အုပ်ချုပ်သူအင်္ဂလိပ်ရို့ကိုရာ ဝေဖန်ခြင်းမဟုတ်ဘဲ ရက္ခိုင်လူမျိုးအတွင်းဟိ အမတ်၊ ခေါင်းဆောင်နန့် အထက်တန်းလွှာရို့ကိုပါ လူထုအကျိုးအပေါ်မူတည်၍ ဝေဖန်ခခြင်းဖြစ်ရေ။ “ရက္ခိုင်အမတ်တိနန့်ပတ်သက်ပနာ ဦဥတ္တမကိုယ်တော်ဧ့စာ ဖော်ပြချက်” မာ ရက္ခိုင်အမတ်တိဧ့ လုပ်ရပ်နန့် ရပ်တည်ချက်ကို ဆရာတော်က စောင့်ကြည့်ဝေဖန်ခကြောင်း တင်ပြထားရေ။[၁၀] အလားတူ “ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ပေါ်ပေါက်လာပုံ” နန့် အာရကံပါတီဆိုင်ရာ ဆောင်းပါးတိမာ ရက္ခိုင်နိုင်ငံရီးအတွင်း လူထုအခြီပြုလမ်းကြောင်းနန့် အမတ်အထက်တန်းလွှာအခြီပြု လမ်းကြောင်းနှစ်ခုကို ခွဲခြားဖော်ပြထားရေ။[၁၁][၁၂]
ဆောင်းပါးပါဖော်ပြချက်အရ ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးစွာ ရက္ခိုင်ပြည်သူလူထုကို နိုင်ငံရီးဦးဆောင်မှုပီးခြင်း၊ လယ်သမားတိ လယ်လက်ငုတ်လက်ရင်း မပြုတ်ရီးနန့် သီးစားခတိုက်ဖျက်ရီးရို့ကို အရီးဆိုခြင်း၊ မြန်မာပြည်မဟိ တိုးတက်ရေအဖွဲ့တိနန့် လက်တွဲခြင်းရို့ကို ဆောင်ရွက်ခရေ။ အာရကံပါတီကိုမူ ရက္ခိုင်အမတ်တိနန့် ဖွဲ့စည်းထားရေ လွှတ်တော်တွင်းပါတီအဖြစ် ဖော်ပြပြီးကေ ဝန်ကြီးရာထူးတိ ရဟိကေလေ့ လူထုနန့်ကင်းကွာကာ လယ်ပိုင်သျှင် အရင်းသျှင် အကျိုးကို ပိုပြီးကေကာကွယ်ခစွာလို့ ဝေဖန်ထားရေ။[၁၂][၁၃]
ဒေဖော်ပြချက်တိစွာ ဆောင်းပါးသျှင်ဧ့ နိုင်ငံရီးအကဲဖြတ်ချက်တိ ပါဝင်နီအတွက်နန့် မူရင်းပါတီမှတ်တမ်းနန့် လွှတ်တော်ဆွီးနွီးချက်တိကို ထပ်မံစစ်ဆေးရဖို့။ ယင့်ချင့်အပြင် အာရကံပါတီနန့် ၉၁ ဌာနအုပ်ချုပ်ရီးဆိုင်ရာ ဖြစ်စဉ်အချို့စွာ ဆရာတော်ဧ့ နောက်ဆုံးကာလနန့် ဆက်စပ်နီကေလေ့ သူကိုယ်တိုင် တိုက်ရိုက်စီမံခရေ လုပ်ငန်းအားလုံးဟု မယူဆသင့်။ ဆရာတော်ဧ့ နိုင်ငံရီးစံနှုန်းမှာ ရှင်းလင်းရေ။ ရက္ခိုင်နာမည်ကို ကိုယ်စားပြုနိုင်ခြင်းတစ်ခုတည်းက ရက္ခိုင်အမျိုးသားခေါင်းဆောင်ဖြစ်ဖို့ မလုံလောက်ပါ။ ရက္ခိုင်ပြည်သူလူထု၊ အထူးသဖြင့် လယ်သမားနန့် အားနည်းသူတိဧ့ အကျိုးကို အကာအကွယ်ပီးနိုင်မှရာ နိုင်ငံရီးတန်ဖိုးဟိဖို့လို့ ဆိုရေ စံနှုန်းဖြစ်ရေ။
ဆရာတော်ဧ့ ရပ်တည်ချက်မှ အောက်ပါအခြီခံသဘောတိကို ဆွဲထုတ်နိုင်ရေ။
၁။ အမတ်နန့်ဝန်ကြီးရာထူးရဟိခြင်းကို နိုင်ငံရီးအောင်မြင်မှုဟု မသတ်မှတ်ရ။
၂။ ခေါင်းဆောင်စွာ လူထုနန့် အဆက်မပြတ်ထိတွိ့ရဖို့။
၃။ လယ်ယာမြီ၊ အခွန်နန့် အသက်မွီးဝမ်းကျောင်းပြဿနာတိကို လူမျိုးရီးနိုင်ငံရီးဧ့ အဓိကအစိတ်အပိုင်းအဖြစ် ထည့်သွင်းရဖို့။
၄။ နိုင်ငံရီးမူဝါဒကို ကိုယ်ကျိုး၊ ရာထူးနန့် အာဏာအတွက် မလဲလှယ်ရ။
၅။ ရက္ခိုင်အကျိုးကို မြန်မာတစ်ပြည်လုံးဧ့ လွတ်မြောက်ရီးနန့် ဆန့်ကျင်ဘက်မထားဘဲ ဆက်စပ်ဆောင်ရွက်ရဖို့။ ၆။ ဘုံရန်သူကို နားလည်ရဖို့
ဒေစွာမှာ ဂနိခေတ်အထိ အဓိပ္ပာယ်မပျောက်သိမ့်ရေ နိုင်ငံရီးစံနှုန်းဖြစ်ရေ။
အာရကံပါတီ၊ ရက္ခိုင်တိုင်းလုံးဆိုင်ရာအစည်းအရုံးနန့် နိုင်ငံရီးလမ်းကြောင်းကွဲပြားမှု
“အာရကန်ပါတီ (Arakan Party) ဖွဲ့စည်းခြင်းအကြောင်း” နန့် “အာရကံပါတီမှ ကိုယ်စားလှယ် ရုပ်သိမ်းခြင်း” ဆောင်းပါးနှစ်ပုဒ်စွာ စစ်ကြိုခေတ် ရက္ခိုင်နိုင်ငံရီးအတွင်း လမ်းကြောင်းကွဲပြားမှုကို အသေးစိတ်ဖော်ပြထားရေ။[၁၂][၁၃] အာရကံပါတီကို ရက္ခိုင်က ရွီးကောက်ခံရရေ မင်းတိုင်ပင်အမတ်တိက လွှတ်တော်အတွင်း စည်းလုံးစွာ ရပ်တည်နိုင်ဖို့ ဖွဲ့စည်းခကြောင်း ဖော်ပြရေ။ ပါတီစွာ နိုင်ငံရီးပါတီတိကြား “ချိန်ခွင်လျှာ” အခန်းကဏ္ဍကို ရဟိခပြီးကေ အဖွဲ့ဝင်အချို့စွာ အစိုးရအဖွဲ့တွင် ဝန်ကြီးရာထူးတိ ရဟိခကတ်ရေ။ ဒေအချက်ကိုကြေ့ကေ ရက္ခိုင်ကိုယ်စားလှယ်တိက လွှတ်တော်တွင်း စုပေါင်းညှိနှိုင်းနိုင်ဖို့ ကြိုးစားခခြင်းကို မြင်နိုင်ရေ။ တစ်ဖက်မာ ရက္ခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးစွာ ပြည်သူ့လှုပ်ယှားမှု၊ လယ်သမားအရီးနန့် နယ်ချဲ့ဆန့်ကျင်ရီးကို အခြီခံခစွာလို့ ဆိုရေ။ အဖွဲ့နှစ်ခုအကြား အခြီခံရပ်တည်ချက်ကွာခြားအတွက်နန့် အစည်းအရုံးဧ့ကိုယ်စားလှယ် ဦးအောင်ဇံဝေကို အာရကံပါတီမှ ပြန်ပနာရုပ်သိမ်းခကြောင်း ဖော်ပြထားရေ။
ဒေဖြစ်စဉ်က ရက္ခိုင်နိုင်ငံရီးမာ ဂနိတိုင်တွိနိုင်ရေ မေးခွန်းတစ်ရပ်ကို ရှိ့ပြေးဖော်ပြထားရေ။ ယင်းချင့်မာ လွှတ်တော်နန့် အစိုးရအတွင်း နီရာရဟိခြင်းက ပိုအရီးကြီးလား၊ သို့မဟုတ် လူထုအခြီပြုအင်အားနန့် မူဝါဒတည်ကြည်မှုက ပိုအရီးကြီးလား—ဆိုရေ မေးခွန်းဖြစ်ရေ။ ဆရာတော်ဧ့ အမွီအနှစ်ကို ကိုးကားရေ ဆောင်းပါးတိက ဒုတိယလမ်းကြောင်း၊ အထူးသဖြင့် လူထုအကျိုးနန့် နိုင်ငံရီးကိုယ်ကျင့်တရားဘက်တိမာ ပိုပြီးကေ ရပ်တည်ကတ်ရေ။
ယေဒါလေ့ လွှတ်တော်နိုင်ငံရီးနန့် လူထုနိုင်ငံရီးကို လုံးဝဆန့်ကျင်ဘက်အဖြစ်ရာ မမြင်သင့်ပါ။ ဖြစ်စဉ်မာ ရက္ခိုင်တိုင်းလုံးဆိုင်ရာ အစည်းအရုံးကပင် ရက္ခိုင်ရီးရာတိကို လွှတ်တော်အတွင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကိုယ်စားလှယ်စီလွှတ်ခရေ။ ယင့်ချင်ကြောင့် ပြဿနာမှာ လွှတ်တော်ထဲဝင်ခြင်း မဝင်ခြင်းမဟုတ်ဘဲ ဝင်ရောက်ရေ ကိုယ်စားလှယ်စွာ ဇာသူ့အကျိုးကို ကိုယ်စားပြုလဲ၊ လူထုအဖွဲ့အစည်းနန့် တာဝန်ခံဆက်ဆံမှုဟိလား ဆိုရေအချက်ဖြစ်ရေ။ ယင်းစွာ ဆရာတော်ဧ့ နိုင်ငံရီးအမွီအနှစ်က ရဟိနိုင်ရေ ပိုပြီးကေနက်ရှိုင်းရေ သင်ခန်းစာဖြစ်ရေ။
ကိုယ်ပိုင်အုပ်ချုပ်ရီး၊ တွဲရီး–ခွဲရီးနန့် နယ်ချဲ့နိုင်ငံရီး
ဆရာတော်ဦးဥတ္တမစွာ နိုင်ငံရီးပြုပြင်ပြောင်းလဲမှုတိုင်းကို လွတ်လပ်ရီးပါးသို့ အလိုအလျောက်တိုးတက်မှုအဖြစ် မမြင်ခပါ။ ကိုလိုနီအစိုးရပီးရေ အုပ်ချုပ်ရီးအဆင့်တိ၊ ဒိုင်အာခီစနစ်၊ အိန္ဒိယနန့် မြန်မာပြည် တွဲရီး–ခွဲရီးကိစ္စတိကို အာဏာအမှန်တကယ် ပြည်သူ့လက်သို့ ရောက်မရောက်ဆိုရေ မေးခွန်းနန့် သုံးသပ်ခရေ။ “ကိုယ်ပိုင်အုပ်ချုပ်ရီး” ဆောင်းပါးမာ ဆရာတော်ဧ့ နိုင်ငံရီးရည်မှန်းချက်ကို အုပ်ချုပ်ရီးဌာနအချို့ လွှဲပြောင်းရယူခြင်းထက် ပိုပြီးကေ ကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြစ် ဖော်ပြထားရေ။[၁၄] “အသျှင်ဥတ္တမနန့် တွဲရီးခွဲရီး မှတ်စု” နန့် “အိန္ဒိယ–မြန်မာ ခွဲ–တွဲကာလ ဦးဥတ္တမဧ့ နိုင်ငံရီးအမြင်” ရို့မာလေ့ မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ခြင်းစွာ နယ်ချဲ့အုပ်ချုပ်ရီးကို အဆုံးသတ်မပီးဘဲ အမျိုးသားလှုပ်ယှားမှုကို အားနည်းစီနိုင်ရေ အစီအစဉ်လားလို့ သံသယနန့် ကြေ့ခကြောင်း တင်ပြထားရေ။[၁၅][၁၆]
ဆရာတော်ဧ့ တွဲရီး–ခွဲရီးဆိုင်ရာ အမြင်ကို ဂနိခေတ် နိုင်ငံရီးနယ်နိမိတ်မေးခွန်းတိထဲသို့ တိုက်ရိုက်ရွှိ့မချသင့်ပါ။ သူ့ခေတ်အခြီအနိန်မှာ ဗြိတိသျှအိန္ဒိယအုပ်ချုပ်ရီးစနစ်အတွင်း မြန်မာပြည်ဧ့ အနိန်အထားနန့် သက်ဆိုင်ရေ။ ယေဒါလေ့ သူအသုံးပြုခရေ သုံးသပ်နည်းမှာ ဂနိထိ အသုံးဝင်ရေ။ အုပ်ချုပ်ရီးပုံစံသစ်တစ်ခု သို့မဟုတ် နယ်မြီနာမည်သစ်တစ်ခု ပေါ်ပေါက်ရုံနန့် လွတ်လပ်မှုရရာလို့ မသတ်မှတ်ဘဲ—
- ဆုံးဖြတ်ပိုင်ခွင့် အမှန်တကယ် ဇာသူ့လက်ထဲမာလဲ၊
- အရင်းအမြစ်နန့် ဘဏ္ဍာရီးကို ဇာသူက စီမံလဲ၊
- လူထုက ခေါင်းဆောင်ကို တာဝန်ခံခိုင်းနိုင်လား၊
- လယ်သမားနန့် သာမန်ပြည်သူရို့ဧ့ ဘဝ တိုးတက်လား၊
- နိုင်ငံရီးအပြောင်းအလဲစွာ လူထုညီညွတ်မှုကို အားကောင်းစီလား၊ ခွဲခြားအားနည်းစီလား
ဆိုရေ မေးခွန်းတိနန့် စစ်ဆေးရဖို့ဖြစ်ရေ။ ရက္ခိုင်နိုင်ငံရီးအတွက်လည်း နာမည်ခံကိုယ်ပိုင်အုပ်ချုပ်မှုနန့် အဓိပ္ပာယ်ဟိရေ လူထုအာဏာပိုင်ခွင့်ရို့ကို ခွဲခြားသိမြင်ဖို့ ယင်းသုံးသပ်နည်းက အရီးကြီးရေ။
ရက္ခိုင်အမျိုးသားရီးနန့် ပြည်ထောင်စုအမြင်
ဆရာတော်ဦးဥတ္တမကို ရက္ခိုင်အမျိုးသားခေါင်းဆောင်ဟု ခေါ်ခြင်းနန့် မြန်မာ့လွတ်လပ်ရီးခေါင်းဆောင်ဟု ခေါ်ခြင်းရို့စွာ တစ်ခုနန့်တစ်ခု ဆန့်ကျင်ခြင်းမဟိပါ။ ဆောင်းပါးတိက “ရက္ခိုင်ပြည်သား အမျိုးသားခေါင်းဆောင်ကြီး”၊ “ရက္ခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရီးရှေ့ဆောင်”၊ “ရက္ခိုင်အာဇာနည်”၊ “မြန်မာ့လွတ်လပ်ရီး မီးရှူးတန်ဆောင်” နန့် “အာသျှနီဝန်း” ဆိုရေ နာမည်တိကို တစ်ပြိုင်နက်တည်း အသုံးပြုကတ်ရေ။[၁၇][၁၈][၁၉] ယင်းခေါ်ဝေါ်မှုတိက ဆရာတော်ဧ့ အမျိုးသားအမှတ်သညာမာ အလွှာသုံးခုဟိကြောင်း ဖော်ပြရေ။
- ရက္ခိုင်အလွှာ — မွီးရပ်၊ လူမျိုး၊ ဒေသသမိုင်းနန့် ရက္ခိုင်လူထုအကျိုး။
- မြန်မာအလွှာ — မြန်မာပြည်တစ်ပြည်လုံး နယ်ချဲ့အုပ်ချုပ်မှုက လွတ်မြောက်ရီး။
- အာသျှအလွှာ — အာသျှနိုင်ငံတိဧ့ စည်းလုံးညီညွတ်မှုနန့် အနောက်တိုင်းနယ်ချဲ့စနစ်ဆန့်ကျင်ရီး။
ယင့်ချင်ကြောင့် ဆရာတော်ဧ့ ရက္ခိုင်အမျိုးသားရီးစွာ မိမိဒေသကို အခြားလူမျိုးတိနန့် ခွဲထုတ်ပနာ မြင့်မားစွာထားရေ အမျိုးသားရီးမဟုတ်ဘဲ မိမိလူမျိုးဧ့ လွတ်လပ်မှုကို အခြားအုပ်ချုပ်ခံလူမျိုးတိဧ့ လွတ်လပ်မှုနန့် ချိတ်ဆက်ရေ အမျိုးသားရီးဖြစ်ရေ။ သူဧ့ လုပ်ဆောင်ချက်တိအရ ရက္ခိုင်လူမျိုးစွာ မိမိအမှတ်သညာကို ထိန်းသိမ်းရဖို့၊ တစ်ချိန်တည်းမာ ဘုံရန်သူဖြစ်ရေ နယ်ချဲ့စနစ်ကို ဆန့်ကျင်ဖို့ အခြားတိုင်းရင်းသားတိနန့် ပူးပေါင်းရဖို့ဆိုရေ အမြင်ပေါ်လွင်ရေ။
“ပြည်ထောင်စုဧ့ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရီးဗိသုကာ” ပိုင် အမြင်တိစွာ ဆရာတော်ကို တိုင်းရင်းသားစည်းလုံးညီညွတ်ရီးဧ့ ရှိ့ပြေးတစ်ဦးအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားရေ။[၂၀] ယင်းကို သူ့ခေတ်မူရင်းစာတိနန့် ထပ်မံတိုက်ဆိုင်သင့်ကေလေ့ အနည်းဆုံး စာတမ်းတိအတွင်း ဆရာတော်ဧ့ ရက္ခိုင်အမှတ်သညာကို ပြည်ထောင်စုအမြင်နန့် ပေါင်းစပ်မှတ်သားထားကြောင်း ရှင်းလင်းပါရေ။
ကိုယ်ကျင့်တရားနန့် ရာထူးမဲ့ခေါင်းဆောင်မှု
ဆရာတော်ဦးဥတ္တမဧ့ နိုင်ငံရီးသြဇာစွာ အစိုးရရာထူး၊ စစ်တပ် သို့မဟုတ် ဖေသာကြေးအင်အားပေါ် မတည်ခပါ။ သူဧ့သြဇာစွာ ပညာ၊ ရဲရင့်မှု၊ ကိုယ်ကျိုးစွန့်မှုနန့် လူထုယုံကြည်မှုရို့က ပေါက်ဖွားလာခရေ။ အင်္ဂလိပ်အစိုးရဧ့ ဖမ်းဆီးခြင်း၊ အလုပ်ကြမ်းနန့် ထောင်ဒဏ်ချမှတ်ခြင်း၊ သင်္ကန်းချွတ်ပနာ ထောင်ဝတ်စီခြင်းရို့ကို ခံခရကေလေ့ မကြောက်တရားကို ဆက်လက်ဟောပြောခကြောင်း “ထောင်မှတ်တမ်း” မူကွဲတိနန့် အတ္ထုပ္ပတ္တိဆောင်းပါးတိမာ ဖော်ပြထားရေ။[၂၁][၂၂]
ရက္ခိုင်နိုင်ငံရီးနန့် ဆက်နွီပနာ ဒေအချက်မာ အရီးကြီးရေ။ လူမျိုးနာမည်နန့် နိုင်ငံရီးလုပ်ခြင်းစွာ ကိုယ်ကျိုးစွန့်နိုင်ရေ ကိုယ်ကျင့်တရားမဟိပါကေ လူထုအကျိုးမဆောင်နိုင်ပါ။ ဆရာတော်ဧ့ နိုင်ငံရီးစွာ ပြည်သူကို စွန့်လွှတ်၍ ရာထူးယူခြင်းမဟုတ်ဘဲ မိမိရာထူးမဟိကေလေ့ ပြည်သူအား မေးခွန်းထုတ်တတ်လာရောင် ပြုလုပ်ပီးခြင်းဖြစ်ရေ။
ဒေနီရာမာ “ခေါင်းဆောင်” ဆိုရေ အဓိပ္ပာယ်လည်း ပြောင်းလဲလားရေ။ ခေါင်းဆောင်စွာ လူထုဧ့ကိုယ်စား အားလုံးဆုံးဖြတ်ပီးသူ မဟုတ်ဘဲ လူထုကိုယ်တိုင် နိုင်ငံရီးစွမ်းရည်ရဟိလာအောင် နိုးကြားပီးသူဖြစ်ရေ။ ဆရာတော်ဧ့ မိန့်ခွန်းတိက လူထုကို မိမိနောက်လိုက်ဖို့ရာ မတောင်းဆိုဘဲ မိမိရို့အခွင့်အရီးကို သိဟိပြီး မိမိရို့ဘာသာ လှုပ်ယှားတတ်လာဖို့ တိုက်တွန်းရေ။ ယင်းစွာ ရက္ခိုင်နိုင်ငံရီးအတွင်း ပုဂ္ဂိုလ်ကိုးကွယ်မှုထက် နိုင်ငံရီးအသိဟိရေ ပြည်သူတည်ဆောက်ရီးကို ဦးစားပီးသင့်ကြောင်း သင်ကြားပီးရေ။
နောက်ဆုံးဘဝနန့် ဈာပနတွင် ရက္ခိုင်ရဟန်းရှင်လူရို့ ပါဝင်ခပုံ
ဆရာတော်နန့် ရက္ခိုင်အသိုင်းအဝိုင်းရို့ဧ့ ဆက်ဆံရီးစွာ နိုင်ငံရီးတရားပွဲတိမာသာ မရပ်တန့်ခပါ။ အသျှင်ဣန္ဒဝံသဧ့ “ဦးဥတ္တမအတွက် ဒိုင်ယာရီ” မာ ၁၉၃၉ ခုနှစ် ဩဂုတ်လ ၇ ရက် ရန်ကုန်မြို့ ရက္ခိုင်ရဟန်းတော်များသမဂ္ဂအစည်းအဝီးက ကျန်းမာရေးချို့ယွင်းနီရေ ဆရာတော်ကို ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်ခကြောင်း ဖော်ပြရေ။ “ဦးဥတ္တမဧ့နောက်ဆုံးနေ့များ” မာလေ့ ရက္ခိုင်သံဃာတော်တိနန့် သူရိယဦးဘကလေးရို့က နီရာပြောင်းပင့်ဆောင်ခြင်းနန့် ပြုစုကုသရန် စီစဉ်ခြင်းရို့ကို ဆောင်ရွက်ခကြောင်း ဆိုရေ။[၃၆][၃၇]
ပျံလွန်ပြီးနောက် စစ်တွေက ရဟန်း၊ မယ်သီလရှင်နန့် လူပုဂ္ဂိုလ်များပါဝင်ရေ လူပေါင်း ၃၀၀ ခန့်ဧ့ ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်သို့ စီလွှတ်နိုင်ရီးအတွက် ရှေ့နေကြီးဦးသာဇံလှက စီစဉ်လှုံ့ဆော်ခရေ။ ဦးပညာ၊ ဦးဉာဏ်၊ ဦးစန္ဒီနန့် တင်းထရန်ဆရာတော်ရို့က အဖွဲ့ကိုဦးဆောင်ခကြောင်း မှတ်တမ်းက ဖော်ပြရေ။ ဦးဉာဏ်နန့် ဦးစန္ဒီဧ့ဘွဲ့တိကို အခြားမူတွင် ဦးဉာဏ၊ ဦးစန္ဒဟု ဖော်ပြထားသဖြင့် မူကွဲအဖြစ် မှတ်သားထားရဖို့။ ဒေရဟန်းတော်တိကို ဆရာတော်အသက်ထင်ရှားစဉ် နယ်လှည့်နိုင်ငံရီးတပည့်တိဟု မဆိုဘဲ ဈာပနကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တိအဖြစ် သတ်မှတ်ခြင်းက တိကျရေ။[၃၆]သူရို့တိစွာသည်လေ့ ဆရာတော်စွာ ရခိုင်ဖြစ်ရေ အတွက် လာရောက်ကတ်ခြင်းမဟုတ်ပဲ ရခိုင်တိကို အရင်ဆုံ နိုင်ငံရီးမျက်စိဖွင့်ပီးခရေ ကျေးဇူးကြောင့်ဖြစ်ပါရေ။
ရမ်းဗြဲနယ်က သံဃာတော်တိ၊ ဦးလှထွန်းဖြူနန့် လူငယ်တိ ရုပ်ကလာပ်ပြင်ဆင်ရေးမာ ပါဝင်ခကြောင်းလည်း ဖော်ပြရေ။ ရမ်းဗြဲတောင်ကျောင်း ဦးသုမနထံမှ ဆရာတော်ဧ့ ရက္ခိုင်ပြည်လွမ်းရတု ရဟိခကြောင်းနန့် နာရေးစောင့်ရှောက်မှုကာလမာ ရဟိခခြင်းဖြစ်နိုင်ကြောင်း ဆောင်းပါးသျှင်က ယူဆထားရေ။[၃၆] ဒေဖြစ်စဉ်တိက ဆရာတော်ဧ့ ရက္ခိုင်ဆက်နွီမှုမာ နိုင်ငံရီးသဘောတရားအပြင် ကျေးဇူးသိတတ်မှု၊ မကျန်းမာချိန်စောင့်ရှောက်မှုနန့် ပျံလွန်ပြီးနောက် အများပြည်သူမှတ်ဉာဏ်ကို ထိန်းသိမ်းပေးမှုရို့ပါ ဟိခကြောင်း ဖော်ပြရေ။ နိုင်ငံရီးခေါင်းဆောင်တစ်ဦးနန့် လူထုဆက်ဆံရီးကို နာမည်ကျော်ချိန်က ထောက်ခံမှုနန့်ရာမဟုတ်ဘဲ အားနည်းချိန်တွင် ဇာသူက ဇာပိုင်တာဝန်ယူခလဲနန့်ပါ လိ့လာနိုင်ရေ။
ဦးဥတ္တမနေ့နန့် ခေတ်သစ်ရက္ခိုင်နိုင်ငံရီးမှတ်ဉာဏ်
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူပြီးနောက် သူဧ့နာမည်စွာ သမိုင်းစာအုပ်ထဲမာရာ ကျန်ရစ်ခခြင်းမဟုတ်။ ရက္ခိုင်ပြည်တွင်း၊ မြန်မာပြည်မနန့် ပြည်ပရောက်ရက္ခိုင်အသိုင်းအဝိုင်းတိက ဦးဥတ္တမနိကို နှစ်စဉ်အောက်မေ့ကျင်းပခြင်း၊ သဝဏ်လွှာပေးပို့ခြင်း၊ ရုပ်တုနန့် ပြတိုက်တည်ဆောက်ရန် ကြိုးစားခြင်း၊ ပန်းခြံနာမည် ပြန်ပနာသတ်မှတ်ရန် တောင်းဆိုခြင်းရို့နန့် သူဧ့အမွီအနှစ်ကို နိုင်ငံရီးအများပြည်သူနီရာသို့ ပြန်ပနာယူဆောင်လာခကတ်ရေ။
ရက္ခိုင်အမျိုးသားကွန်ရက်၊ ရက္ခိုင်အမျိုးသမီးတိအစည်းအရုံး၊ ရက္ခိုင်တိုင်းရင်းသားများတိုးတက်ရီးပါတီ၊ ပြည်ပရက္ခိုင်အသင်းတိ၊ Arakan Army၊ Arakan Liberation Party နန့် အခြားအဖွဲ့အစည်းတိဧ့ ဦးဥတ္တမနိသဝဏ်လွှာတိ ပါဝင်ရေ။[၂၃][၂၄][၂၅][၂၆] အဖွဲ့အစည်းတစ်ခုချင်းစီမာ မတူညီရေ နိုင်ငံရီးမူဝါဒနန့် ရည်ရွယ်ချက်ဟိကေလေ့ ဆရာတော်ကို ရက္ခိုင်အမျိုးသားဂုဏ်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ နယ်ချဲ့ဆန့်ကျင်ရီး၊ အမျိုးသားညီညွတ်ရီးနန့် ကိုယ်ကျိုးစွန့်ခေါင်းဆောင်မှုရို့ဧ့ သင်္ကေတအဖြစ် တူညီစွာ အသုံးပြုကတ်ရေ။
ဒေသဝဏ်လွှာတိကို ဆရာတော်ဧ့ မူလနိုင်ငံရီးသဘောထားအဖြစ် တိုက်ရိုက်မယူသင့်ပါ။ ယင်းချင့်ရို့စွာ ဆရာတော်က ပြောခရေ စကားထက် ခေတ်သစ်အဖွဲ့အစည်းတိက သူဧ့သမိုင်းကို ဇာပိုင်အဓိပ္ပာယ်ဖွင့်ပြီးကေ မိမိရို့နိုင်ငံရီးအတွက် အသုံးပြုကတ်စွာကို ဖော်ပြရေ အထောက်အထားတိဖြစ်ရေ။ ယေဒါလေ့ မတူညီရေ ရက္ခိုင်အဖွဲ့အစည်းတိ အားလုံးနီးပါးက သူ့ကို အားကိုး အားထားနိုင်ခြင်းစွာ ဆရာတော်ဦးဥတ္တမစွာ ရက္ခိုင်နိုင်ငံရီးဧ့ ဘုံသမိုင်းသင်္ကေတ ဖြစ်လာကြောင်း ပြသရေ။
ခေတ်သစ်သတင်းဆောင်းပါးတိမာ ဦးဥတ္တမနိအခမ်းအနားကို ကန့်သတ်ကျင်းပရခြင်း၊ အစိုးရက ဦးဆောင်မကျင်းပခြင်း၊ ပျံလွန်တော်မူသည့်နိကို ရုံးပိတ်ရက်သတ်မှတ်ပီးဖို့ တောင်းဆိုခြင်းနန့် ပြည်တွင်းမာ ခွင့်မပြုအတွက်နန့် ပြည်ပတွင်ကျင်းပခြင်းရို့ကိုလည်း ဖော်ပြထားရေ။[၂၇][၂၈][၂၉] ယင်းအချက်တိက ဦးဥတ္တမကို အောက်မေ့ခြင်းစွာ ဘာသာရီးဂုဏ်ပြုပွဲ သို့မဟုတ် သမိုင်းအထိမ်းအမှတ်ပွဲသက်သက်မဟုတ်ဘဲ ဇာသမိုင်းကို နိုင်ငံတော်က အသိအမှတ်ပြုဖို့လေ့၊ ရက္ခိုင်လူမျိုးစွာ နိုင်ငံသမိုင်းကို အများပြည်သူရှိ့ ဖော်ပြပိုင်ခွင့်မဟိစွာလားဆိုရေ နိုင်ငံရီးမေးခွန်းဖြစ်လာကြောင်း ဖော်ပြရေ။
ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြန်ပနာနာမည်ပီးဖို့ ကြိုးပမ်းမှုစွာလေ့ အလားတူဖြစ်ရေ။ ၁၉၆၁ ခုနှစ်မာ ဦးဥတ္တမပန်းခြံလို့ နာမည်ပြောင်းခပြီးကေ နောက်ပိုင်းနာမည်ပျောက်လားကြောင်း၊ ယပြီးနောက် ပြန်ပနာသတ်မှတ်ပီးဖို့ လူထုနန့် လွှတ်တော်အတွင်း တောင်းဆိုခကြောင်း ကြေညာစာတမ်းနန့် သတင်းတိမာ ဖော်ပြရေ။[၃၀][၃၁] အများပြည်သူပိုင်နီရာတစ်ခုဧ့ နာမည်စွာ စာလုံးသက်သက်သာ မဟုတ်။ နိုင်ငံတော်က ဇာသူ့ကို သမိုင်းသူရဲကောင်းအဖြစ် သတ်မှတ်ပြသဖို့လဲ၊ ဇာလူမျိုးဧ့ မှတ်ဉာဏ်ကို အများပြည်သူနီရာမာ မြင်သာခွင့်ပီးဖို့လေ့ ဆိုရေ သင်္ကေတနိုင်ငံရီးဖြစ်ရေ။
ဂနိ ရက္ခိုင်နိုင်ငံရီးအတွက် ဆရာတော်ဦးဥတ္တမဧ့ သင်ခန်းစာတိ
ဆရာတော်ဦးဥတ္တမဧ့ လုပ်ရပ်နန့် အတွေးအခေါ်ကို သူ့ခေတ်အခြီအနိန်မှ ဖြုတ်ယူပနာ ဂနိအခြီအနိန်ထဲသို့ တိုက်ရိုက်မရွှိ့သင့်ပါ။ ကိုလိုနီခေတ်နိုင်ငံရီး၊ ဂနိတိုင်းရင်းသားနိုင်ငံရီးနန့် ခေတ်ပြိုင်ပဋိပက္ခရို့ဧ့ အခြီအနိန်တိ မတူညီကတ်ပါ။ ယေဒါလေ့ သူဧ့ နိုင်ငံရီးလုပ်နည်းနန့် ကိုယ်ကျင့်တရားစံနှုန်းတိက ဂနိတိုင် အသုံးဝင်ရေ သင်ခန်းစာတိ ရဟိနိုင်ရေ။
၁။ ရက္ခိုင်အမျိုးသားရီးစွာ လူထုဘဝနန့် ဆက်စပ်ရဖို့
ရက္ခိုင်နာမည်၊ အလံနန့် သမိုင်းဂုဏ်ကို ဖော်ပြခြင်းတခုတည်းနန့် နိုင်ငံရီးတာဝန် မပြီးမြောက်နိုင်ပါ။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား၊ အမျိုးသမီးနန့် အားနည်းရေ လူမှုအုပ်စုတိဧ့ ဘဝတိုးတက်မှုဟိ မဟိကို နိုင်ငံရီးအောင်မြင်မှုဧ့ တိုင်းတာချက်အဖြစ် ထားရဖို့။ အာရကံပါတီအပေါ် ဝေဖန်ချက်တိစွာ လူမျိုးနာမည်ကို အသုံးပြုကေလေ့ လူထုနန့်ကင်းကွာနိုင်ကြောင်း သတိပီးထားရေ။
၂။ ပညာရီးမဟိဘဲ နိုင်ငံရီးလွတ်မြောက်မှု မတည်မြဲနိုင်
စစ်တွေ အမျိုးသားကျောင်းဧ့ သမိုင်းက လွတ်လပ်ရီးလှုပ်ယှားမှုနန့် ပညာရီးတည်ဆောက်မှုကို တစ်ပြိုင်နက်ဆောင်ရွက်ရကြောင်း ပြရေ။ ပြည်သူကို စာတတ်အောင်လုပ်ခြင်းထက် သတင်းအချက်အလက်ကို စိစစ်တတ်ရန်၊ မိမိအခွင့်အရီးကို သိရန်နန့် အာဏာကို မေးခွန်းထုတ်တတ်ရန် သင်ကြားပီးရေ နိုင်ငံရီးပညာရီးလိုအပ်ရေ။
၃။ နိုင်ငံရီးခေါင်းဆောင်စွာ လူထုကို အစားထိုးမရ
ဆရာတော်ဧ့ မကြောက်တရားစွာ လူထုကို သူ့နောက်လိုက်စီဖို့ထက် လူထုကိုယ်တိုင် ရပ်တည်တတ်လာအောင် နိုးကြားပီးခြင်းဖြစ်ရေ။ ဂနိနိုင်ငံရီးမာလေ့ ခေါင်းဆောင်တစ်ဦးဧ့ အင်အားကို သူ့နာမည်ဇာလောက်ကျော်ကြားစွာနန့် မတိုင်းဘဲ ပြည်သူတိကို ဇာလောက်ပါဝင်ဆုံးဖြတ်နိုင်စီလဲနန့် တိုင်းတာရဖို့။
၄။ သံဃာဧ့ လူမှုအခန်းကဏ္ဍမာ ကိုယ်ကျင့်တရားနန့် ငြိမ်းချမ်းမှုလိုအပ်
ဆရာတော်ဧ့ သာသနာရီးနန့် နိုင်ငံရီးပေါင်းစပ်ပုံမှ သံဃာစွာ လူထုဒုက္ခ၊ ပညာရီးနန့် တရားမျှတမှုရို့မာ အကျိုးပြုနိုင်ကြောင်း သင်ယူနိုင်ရေ။ ယေဒါလေ့ ဘာသာရီးသြဇာကို အမုန်းတရား၊ လူမျိုးခွဲခြားမှု သို့မဟုတ် ပါတီအကျိုးအတွက် အသုံးချခြင်းစွာ ဆရာတော်ဧ့ လူထုလွတ်မြောက်ရီးအမြင်နန့် ဆန့်ကျင်ဖို့ဖြစ်ရေ။
၅။ ဒေသအကျိုးနန့် ပိုပြီးကေကျယ်ပြန့်ရေ ပူးပေါင်းမှုကို ချိန်ညှိရဖို့
ဆရာတော်စွာ ရက္ခိုင်အမျိုးသားအဖြစ် ဂုဏ်ယူကေလေ့ ရက္ခိုင်ပြည်ကို အခြားအုပ်ချုပ်ခံလူမျိုးတိက ခွဲထုတ်မထားခပါ။ ရက္ခိုင်လူထုဧ့ အကျိုးကို ကာကွယ်ရင်း တူညီရေဖိနှိပ်မှုခံနီရသူတိနန့် ပူးပေါင်းနိုင်ရေ အမြင်ဟိခရေ။ ဂနိအတွက် သင်ခန်းစာမှာ ကိုယ့်အမှတ်သညာကို ထိန်းသိမ်းခြင်းနန့် အခြားလူမျိုးတိနန့် တရားမျှတစွာ ပူးပေါင်းခြင်းရို့ကို ဆန့်ကျင်ဘက်ဟု မမြင်ဖို့ဖြစ်ရေ။
၆။ ရာထူးထက် နိုင်ငံရီးကိုယ်ကျင့်တရားကို ဦးစားပီးရဖို့
ရာထူးနန့် အစိုးရအဖွဲ့အတွင်း နီရာရဟိခြင်းစွာ လူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတစ်ခုသာဖြစ်ရေ။ ယင်းရာထူးကြောင့် လူထုနန့်ကင်းကွာကေ၊ မူဝါဒကို စွန့်လွှတ်ရကေ သို့မဟုတ် အထက်တန်းလွှာအကျိုးကို ကာကွယ်ရကေ နိုင်ငံရီးဧ့ရည်ရွယ်ချက်ပျောက်ဆုံးလားဖို့။ ဆရာတော်ဧ့ ဘဝစွာ ရာထူးမဟိဘဲလေ့ နိုင်ငံတစ်နိုင်ငံဧ့ နိုင်ငံရီးအသိကို ပြောင်းလဲနိုင်ကြောင်း သက်သေပြရေ။
၇။ သမိုင်းကို ဂုဏ်ပြုရုံမက ဝေဖန်လိ့လာရဖို့
ဦးဥတ္တမနေ့ကျင်းပခြင်း၊ ရုပ်တုတည်ခြင်းနန့် ပန်းခြံနာမည်ပီးခြင်းရို့စွာ အရီးကြီးကေလေ့ ယင့်အခမ်းအနားတိရာ ကျန်ဟိပြီးကေ ဆရာတော်ဧ့ လူထုအခြီပြုနိုင်ငံရီး၊ မကြောက်တရားနန့် ကိုယ်ကျိုးစွန့်မှုရို့ ပျောက်ဆုံးသွားပါကေ သမိုင်းအမွီအနှစ်စွာ အနှစ်သာရမဲ့လားဖို့။ သူ့ကို အမှန်တကယ်ဂုဏ်ပြုခြင်းဆိုစွာမှာ သူ့နာမည်ကို အသုံးပြုခြင်းထက် သူထားခရေ စံနှုန်းတိနန့် လက်ဟိနိုင်ငံရီးကို ပြန်ပနာစစ်ဆေးခြင်းဖြစ်ရေ။
ဆရာတော်ဧ့ ပုံရိပ်ကို အသုံးချကာ နိုင်ငံရီး အမြတ်ထုတ်ခကတ်ရေ သမိုင်းသင်ခန်းစာတိမာလေ့ သင်္ဝေဂယူစရာဖြစ်ပါရေ။ ဆရာတော် သက်ဟိထင်ရှားဟိစဉ်ကပင် နိုင်ငံရီးအယူအဆ မတူညီမှုတိကြောင့် ဆရာတော်ဧ့ ဂုဏ်သိက္ခာကို အမျိုးမျိုးညှိုးနွမ်းအောင် တိုက်ခိုက်ခကတ်ရေအပြင် သမိုင်းစာမျက်နှာထက်က ဆရာတော်ဧ့ နာမည်ကို ရည်ရွယ်ချက်ဟိဟိ ဖျောက်ပစ်ဖို့ပင် ကြိုးစားခကတ်ဖူးပါရေ။ ယင်းပိုင် လုပ်ဆောင်ခကတ်သူတိထဲမာ အချို့သော ရခိုင်နိုင်ငံရေးသမားတိပင် ပါဝင်ခခြင်းမာ ကကောင်းဝမ်းနည်းစရာကောင်းရေ သမိုင်းအမှောင်ဖုံးမှုတစ်ခု ဖြစ်ခပါရေ။
ဆရာတော်ကမူ ဇာတိုက်ခိုက်မှု၊ ဇာပုဂ္ဂိုလ်ရီးအကျိုးအမြတ်ကိုလေ့ ဂရုမစိုက်ဘဲ ရခိုင်ပြည်သူ့အကျိုးနန့် ရခိုင်ပြည်သူ့မျက်နှာတစ်ခုတည်းကိုရာ ကြည့်ကာ ဆက်လက်တိုက်ပွဲဝင်ခသူဖြစ်ပါရေ။ အချို့သော နိုင်ငံရေးသမားတိက မိမိရို့ နိုင်ငံရီးစင်မြင့်ထက်သို့ ရောက်ဟိရီးအတွက် ဆရာတော်ဧ့ သြဇာနန့် အရှိန်အဝါကို လိုပိုင် အသုံးချခပြီးကေ၊ မိမိရို့ လိုလားရေ နိုင်ငံရေးစင်မြင့်နန့် ရာထူးဌာနန္တရတိ ရဟိလားရေအခါမာ "ရဟန်းနန့် နိုင်ငံရီး တခုလေ့ မသက်ဆိုင်","ဆရာတော်ရခိုင်တိအပေါ်ဇာကျေးဇူးဟိခလဲ" ဆိုရေ အောက်တန်းကျရေ စကားတိနန့် ဆရာတော်ကို နိုင်ငံရေးစင်မြင့်ထက်က အောက်သို့ ဆွဲချဖို့ ကြိုးပမ်းခဖူးကတ်ရေ ဖြစ်ရပ်တိ ဟိပါရေ။
ယင့်တွက်နန့် ဦးဥတ္တမဧ့ သမိုင်းကို ဂုဏ်ပြုရာမာ ယင့်ခါက သမိုင်းဝင် အမှားတိနန့် သစ္စာဖောက်မှုတိကိုပါ သတ္တိဟိဟိ ဝေဖန်လိ့လာ ဆန်းစစ်နိုင်မှရာကေ ပစ္စုပ္ပန် နိုင်ငံရီးအတွက် အမှန်တကယ် အကျိုးဟိရေ သင်ခန်းစာတိကို ဖော်ထုတ်နိုင်ဖို့ ဖြစ်ပါရေ။
နိဂုံး
ဦးနန္ဒမာလာ(ဦးထွန်းစိန်)၊ ဦးမြထွန်း ရို့နန့် ဦးစိန္တာ ရို့ဧ့ လှုပ်ယှားမှုကို ထည့်သွင်းကြည့်လိုက်ရေအခါ ဆရာတော်ဧ့ ရက္ခိုင်နိုင်ငံရီးအပေါ် သက်ရောက်မှုစွာ ခရီးစဉ်နန့် ဟောပြောပွဲတိထက် ကျယ်ပြန့်ကြောင်း မြင်လာရရေ။ တပည့်တိကို လက်တွိ့စည်းရုံးရီးသင်ပီးခြင်း၊ သူရို့ကတဆင့် ဒေသခံအဖွဲ့တိအတွင်း အတွေးအခေါ်ပြန့်ပွားခြင်းနန့် ရဟန်း၊ လူပုဂ္ဂိုလ်ရို့ ပူးပေါင်းနိုင်ခြင်းဆိုရေ ဆက်စပ်မှုဟိရေ။ ဦးမေအောင်နန့် ဦးစိန်လှအောင်ရို့ဧ့ ကွဲပြားရေ တရားရုံးအခန်းကဏ္ဍကလည်း ရက္ခိုင်လူမျိုးတူခြင်းစွာ နိုင်ငံရီးရပ်တည်ချက်တူခြင်းနန့် မညီမျှစီကြောင်း ပြသရေ။ ယေဒါလေ့ ဘုံသဘောတူညီကြောင်းကိုလည်း ရလာဒ်က ပြသနီရေ။
ဆရာတော်ဦးဥတ္တမနန့် ရက္ခိုင်နိုင်ငံရီးရို့ဧ့ ဆက်နွီမှုစွာ သာမန်ဇာတိဆက်နွီမှုထက် များစွာနက်ရှိုင်းရေ။ ရက္ခိုင်ပြည်စွာ သူမွီးဖွါးရာမြီဖြစ်ပိုင် နိုင်ငံရပ်ခြားက ရဟိခရေ အတွိ့အကြုံတိကို လူထုအင်အားအဖြစ် ပြန်ပနာပြောင်းလဲပီးရာ နိုင်ငံရီးအခြီစိုက်မြီလည်း ဖြစ်ရေ။ စစ်တွေခရီးစဉ်တိ ကတဆင့် မကြောက်တရားနန့် နယ်ချဲ့ဆန့်ကျင်ရီးအသိကို ဖြန်ဝီခရေ။ သံဃာ၊ ကျောင်းသားနန့် မြို့မိမြို့ဖတိကို စုစည်းကာ စစ်တွေ အမျိုးသားကျောင်းဧ့ အခြီခံကို အားပီးခရေ။ သတင်းစာနန့် စာပီကို လူထုနိုင်ငံရီးပညာပီးကိရိယာအဖြစ် အသုံးပြုခရေ။
ယင့်ချင့်အပြင် ရက္ခိုင်အမတ်နန့် နိုင်ငံရီးအထက်တန်းလွှာတိကို လူမျိုးနာမည်နန့် မျက်နှာသာပီးခြင်းမဟိဘဲ လူထုအကျိုး၊ လယ်သမားအရီး၊ မူဝါဒတည်ကြည်မှုနန့် ကိုယ်ကျင့်တရားရို့နန့် တိုင်းတာခရေ။ ရက္ခိုင်အမျိုးသားရီးကို မြန်မာတစ်ပြည်လုံးဧ့ လွတ်မြောက်ရီးနန့် အာသျှနယ်ချဲ့ဆန့်ကျင်ရီးရို့နန့် ချိတ်ဆက်ပီးခရေ။ နိုင်ငံလွတ်လပ်မှု၊ လူထုပညာရီးနန့် သာသနာတိုးတက်ရီးရို့ကိုလည်း သီးခြားကိစ္စတိမဟုတ်ဘဲ အပြန်အလှန်မှီခိုနီရေ လုပ်ငန်းစဉ်တစ်ခုအဖြစ် မြင်ခရေ။
ယင့်ချင်ကြောင့် ဆရာတော်ဦးဥတ္တမကို ရက္ခိုင်နိုင်ငံရီးသမိုင်းအတွင်း အတိကျဆုံးနီရာချရကေ သူစွာ ရက္ခိုင်ပြည်ဖွား ခေါင်းဆောင်တစ်ဦးသာမက ရက္ခိုင်လူထုကို အုပ်ချုပ်ခံအနိန်အထားက နိုင်ငံရီးအခွင့်အရီးဟိရေ ပြည်သူတိအဖြစ် နိုးကြားစီခသူ၊ ရက္ခိုင်အမျိုးသားရီးကို လူထုအကျိုးနန့် ကိုယ်ကျင့်တရားပေါ်တည်ဆောက်ရန် လမ်းညွှန်ခသူ၊ ရက္ခိုင်က မြန်မာနန့် အာသျှလွတ်မြောက်ရီးသို့ ပေါင်းကူးပီးခသူ ဆိုပနာ ဆိုရဖို့ဖြစ်ရေ။
သူ့အမွီအနှစ်ဧ့ အဓိကအနှစ်သာရစွာ ရုပ်တု၊ ပန်းခြံနာမည်နန့် အောက်မေ့ပွဲတိထဲမာရာ မဟိပါ။ မတရားမှုကို မကြောက်ဘဲ မေးခွန်းထုတ်ခြင်း၊ လူထုကို နိုင်ငံရီးဧ့အခြီခံအဖြစ်ထားခြင်း၊ ပညာရီးကို လွတ်မြောက်ရီးဧ့ အုတ်မြစ်အဖြစ် တည်ဆောက်ခြင်းနန့် ကိုယ့်လူမျိုးကိုချစ်ရင်း အခြားလူမျိုးတိဧ့ လွတ်လပ်မှုကိုလည်း လေးစားခြင်းရို့မာ တည်ဟိရေ။ ယင်းအနှစ်သာရကို ပြန်ပနာအသက်သွင်းနိုင်မှရာ ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုခြင်းစွာ အခမ်းအနားတစ်ခုကို ကျော်လွန်ပနာ ရက္ခိုင်နိုင်ငံရီးဧ့ အနာဂတ်ကို လမ်းညွှန်ပီးနိုင်ဖို့ဖြစ်ရေ။
အကိုးအကားမှတ်စု
၁။ အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ “ဆရာတော် ဦးဥတ္တမ၏ ဇာတိပုည ဂုဏ်မာန”၊-ရင်းမြစ်-ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။
၂။ အသျှင်ဣန္ဒဝံသ၊ “ဆရာတော် ဦးဥတ္တမ၏ ပဌမအကြိမ် စစ်တွေခရီးစဉ်”၊ ရင်းမြစ်-ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။
၃။ အထက်ပါဆောင်းပါး။
၄။ ဓညဝတီ–ရှင်ဥတ္တမကျော်၊ “အသျှင်ဦးဥတ္တမကိုယ်တော်တိုင် ဟောပြောခဲ့သော (မကြောက်တရား) နိုင်ငံရေးမိန့်ခွန်းများ”။
၅။ အသျှင်ဣန္ဒဝံသ၊ “ဆရာတော် ဦးဥတ္တမနှင့် စစ်တွေအမျိုးသားကျောင်း”၊ ရင်းမြစ်—ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။ ဆက်လက်ကြည့်ရန်—အသျှင်ဣန္ဒဝံသ၊ “စစ်တွေအမျိုးသားကျောင်း ရံပုံငွေ ရှာဖွေခြင်း”။
၆။ ခိုင်ကျော်နွယ်၊ “ဗုဒ္ဓသာသနာ စည်ပင်ရာ ခါးပမ်းကြိုးကို နာနာစည်းကြလော့”၊ ခိုင်ကျော်နွယ် စုစည်းသော အသျှင်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ် နှင့် ဆက်နွှယ်။
၇။ အသျှင်ဣန္ဒဝံသ၊ “ဆရာတော် ဦးဥတ္တမနှင့် ရခိုင်သံဃသာမဂ္ဂီ စစ်တွေခရီး”၊ ရင်းမြစ်—ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။
၈။ အသျှင်ဣန္ဒဝံသ၊ “ဆရာတော် ဦးဥတ္တမနှင့် ရခိုင်ပြည်သတင်းစာ”၊ ရင်းမြစ်—ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။
၉။ အသျှင်ဣန္ဒဝံသ၊ “ဆရာတော် ဦးဥတ္တမ၏ ဇာတိပုည ဂုဏ်မာန”။
၁၀။ အသျှင်ဣန္ဒဝံသ၊ “ရခိုင်အမတ်များနှင့်ပတ်သက်၍ ဦဥတ္တမကိုယ်တော်၏စာ ဖော်ပြချက်” (မူရင်းခေါင်းစဉ်စာလုံးပေါင်းအတိုင်း)။
၁၁။ အသျှင်ဣန္ဒဝံသ၊ “ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ပေါ်ပေါက်လာပုံ”။
၁၂။ အသျှင်ဣန္ဒဝံသ၊ “အာရကန်ပါတီ (Arakan Party) ဖွဲ့စည်းခြင်းအကြောင်း”၊ ရင်းမြစ်—ဦးဥတ္တမနှင့် အိန္ဒိယပြည် U Ottama in India (သတင်းစာများကပြောသော အိန္ဒိယ၊ မြန်မာ နိုင်ငံရေး)။
၁၃။ အသျှင်ဣန္ဒဝံသ၊ “အာရကံပါတီမှ ကိုယ်စားလှယ် ရုပ်သိမ်းခြင်း”၊ ရင်းမြစ်—ဦးဥတ္တမနှင့် အိန္ဒိယပြည် U Ottama in India။
၁၄။ သခင်လွင်၊ “ကိုယ်ပိုင်အုပ်ချုပ်ရေး”၊ ရင်းမြစ်—သခင်လွင် ပြုစုသော ဦးဥတ္တမ လက်ရွေးစင် မိန့်ခွန်းနှင့် ဆောင်းပါးများ။
၁၅။ KZO၊ “အသျှင်ဥတ္တမနှင့် တွဲရေးခွဲရေး မှတ်စု”။
၁၆။ အသျှင်ဣန္ဒဝံသ၊ “အိန္ဒိယ–မြန်မာ ခွဲ–တွဲကာလ ဦးဥတ္တမ၏ နိုင်ငံရေးအမြင်”။
၁၇။ ဦးခန့်–ပန်းတနော်၊ “ရခိုင်ပြည်သား အမျိုးသားခေါင်းဆောင်ကြီး”၊ ရင်းမြစ်—ခိုင်ကျော်နွယ် စုစည်းသော အသျှင်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ်။
၁၈။ မင်းသေ့၊ “ရခိုင်လူမျိုး ဗမာ့ဝံသာနုနိုင်ငံရေးရှေ့ဆောင် ဆရာတော် ဦးဥတ္တမ”။
၁၉။ မောင်ဖြူ (ကြွီတဲကျွန်း)၊ “အာရှနေဝန်း၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ ရခိုင်အာဇာနည် အသျှင်ဦးဥတ္တမ”။
၂၀။ ခိုင်လင်း (မေဃဝတီ)၊ “ပြည်ထောင်စု၏ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရေးဗိသုကာ”။
၂၁။ ဦးနန္ဒမာလာ၊ “ထောင်မှတ်တမ်း”၊ ရင်းမြစ်—ခိုင်ကျော်နွယ် စုစည်းသော အသျှင်ဦးဥတ္တမနေ့ (၇၅)နှစ်မြောက် စိန်ရတုအထူးထုတ်။
၂၂။ သခင်လွင် စုစည်းဖော်ပြသော “ထောင်မှတ်တမ်း”၊ ရင်းမြစ်—ဦးဥတ္တမ လက်ရွေးစင် မိန့်ခွန်းနှင့် ဆောင်းပါးများ။ အဖွင့်ရှင်းလင်းချက်အရ မူရင်းစာရေးသူမှာ ဦးနန္ဒမာလာ၊ “ထောင်ကျောင်းပြန်” အမည်ဖြင့် ၁၂၈၉ ခုနှစ်ထုတ် ဝံသာနုသတင်းစာများ၌ ရေးသားခဲ့ခြင်းဖြစ်သည်။
၂၃။ ရခိုင်အမျိုးသားကွန်ရက်၊ “(၇၄) ကြိမ်မြောက် ဆရာတော်ဦးဥတ္တမနေ့သို့ ပေးပို့သော သဝဏ်လွှာ”၊ (၇၄)နှစ်မြောက်…ဦးဥတ္တမနေ့ အခမ်းအနားမှတ်တမ်း။
၂၄။ ရခိုင်အမျိုးသမီးများအစည်းအရုံး၊ “၇၄ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ”၊ အထက်ပါမှတ်တမ်း။
၂၅။ Arakan Army၊ “(၇၄)နှစ်မြောက် ဆရာတော်အသျှင်ဥတ္တမနေ့သို့ ပေးပို့အပ်သော သဝဏ်လွှာ”၊ အထက်ပါမှတ်တမ်း။
၂၆။ Arakan Liberation Party၊ “ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ပေးပို့သော သဝဏ်လွှာ”။
၂၇။ RFA၊ “စစ်တွေမှာ ဆရာတော် ဦးဥတ္တမ အခမ်းအနား အကန့်အသတ်နဲ့ ကျင်းပ”၊ ၂၀၂၁ စက်တင်ဘာ ၈။
၂၈။ ကိုမင်းသိန်းအောင်၊ “ဆရာတော် ဦးဥတ္တမနေ့ကို အစိုးရက ဦးဆောင်ကျင်းပခြင်းမရှိ”။
၂၉။ RFA၊ “ပြည်တွင်းမှာ ခွင့်မပြုသည့် ဦးဥတ္တမ အခမ်းအနား ချင်းမိုင်မှာကျင်းပ”။
၃၀။ ပွဲဖြစ်မြောက်ရေးကော်မတီ၊ “၂၀၁၃-ခုနှစ်၊ (၇၄)နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်အသျှင် ဦးဥတ္တမနေ့ အခမ်းအနား ကြေညာစာတမ်း”၊ ရင်းမြစ်—သမိုင်းရှင် (မြောက်ဦး)၊ ဆရာတော် ဦးဥတ္တမ၏ မော်ကွန်းဝင်သမိုင်းမှတ်တမ်းများ။
၃၁။ RFA၊ “ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံ ပြောင်းခေါ်ဖို့ လွှတ်တော်ဆုံးဖြတ်”။
၃၂။ မောင်ဗသိန်း၊ “ဦးထွန်းစိန် မှတ်မိသမျှ ဆရာတော် ဦးဥတ္တမ”။ ဖိုင်ပါရင်းမြစ်—မောင်ဗသိန်ရေးသားသော ရခိုင်စာအရီးအသားနှင့် ပြဿနာများ စာအုပ်။ ဖိုင်ပါမှတ်ချက်အရ ရခိုင်ပြည်နယ်စာစောင် အမှတ် (၁၀)၊ ၁၉၈၁ တွင် ဖော်ပြဖူးသည်။ ၁၉၆၉ ဧပြီ၊ မင်းပြား၌ မေးမြန်းခဲ့သည့် နှုတ်ပြောမှတ်တမ်းမှ ကောက်နုတ်ထားခြင်း။
၃၃။ မောင်ဇေယျာ၊ “လွတ်လပ်ရေးရှေ့ဆောင်လမ်းပြ ဆရာတော်ဦးဥတ္တမ”၊ ပြည်သူ့ခေတ်၊ ဖေဖော်ဝါရီ ၂၀၁၃၊ အတွဲ ၃၊ အမှတ် ၁၃၅။ ဦးမေအောင်နှင့် လန်ဒန်၌တွေ့ဆုံမှု
၃၄။ ဒေးဒရဲမျိုးမြင့်၊ “ဆရာတော် ဦးဥတ္တမနှင့် ဆူးကလပ်တရားပွဲ”၊ ကျော်စိုးလူပြုစုသော မျိုးချစ်အာဇာနည် (သို့မဟုတ်) မျဉ်းဖြောင့်ပေါ်မှ အာရှကြယ်နီ (ကလောင်စုံ)
၃၅။ အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ “ဆရာတော်ဦးဥတ္တမ၏သင်္ဘောပေါ်က သီဟနာဒ”၊ ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။
၃၆။ အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ “ဦးဥတ္တမ၏နောက်ဆုံးနေ့များ”၊ ဦးဥတ္တမနှင့် အိန္ဒိယပြည် U Ottama in India (သတင်းစာများကပြောသော အိန္ဒိယ၊ မြန်မာ နိုင်ငံရေး)၊ ၂၀၁၉ စက်တင်ဘာ ၁၉
၃၇။ အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ “ဦးဥတ္တမအတွက် ဒိုင်ယာရီ”၊ ဦးဥတ္တမ၏နိုင်ငံရေးအမှုကောက်ကြောင်း။
၃၈။ အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ “စစ်တွေအမျိုးသားကျောင်း ရံပုံငွေ ရှာဖွေခြင်း”၊ ဖိုင်ပါရင်းမြစ်—ဆရာတော်ဦးဥတ္တမ၏ စစ်တွေခရီးစဉ်။
၃၉။ အသျှင်ဣန္ဒဝံသ (ကိန်းသာ)၊ “ဦးဥတ္တမကိုယ်တော်နှင့် ပဏ္ဍိတ်နေရူးတွေ့ဆုံခြင်း”၊ ဖိုင်ပါရင်းမြစ်—ဦးဥတ္တမနှင့် အိန္ဒိယပြည် U Ottama in India။ ဆောင်းပါး၌ သူရိယသတင်းစာ ၁၉၃၇ မေ ၁၄ နှင့် မေ ၂၁ ရက်ထုတ်များကို ညွှန်းထားသည်။
ဒေဆောင်းပါစွာ (ပင်လယ်သစ်မဂ္ဂဇင်း) မာအချင်းဆက်အဖြစ် ဖော်ပြထားပြီး ဖြစ်ရေ
💬 မှတ်ချက်တိ (0)