နိဂဏ္ဌနာဋပုတ္တ ဆိုစွာ ဗုဒ္ဓခေတ်က ဗုဒ္ဓကို အမြဲတမ်းဝါဒလာပြိုင်နီကတေ ထင်ရှားရေ တိတ္ထိဆရာကြီး ၆ယောက်ထဲက တယောက်အပါအဝင်ဖြစ်ပါရေ၊ နိဂဏ္ဌနာဋပုတ္တဝါဒကို ဒေနိခေတ်မာတော့ခါ ဂျိန်းဘာသာ လို့ လူတိသိကတ်ပါရေ၊ ဝါဒတည်ထောင်သူကို ပါဠိတော်ထဲက သစ္စကလို့ သိကတ်ပြီးက သူရို့ကျမ်းမာတော့ မဟာဝီရ လို့ရာသုံးပါ၊ ဒေနီရာမာ တိတ္ထိဆိုစွာ ဗုဒ္ဓဝါဒမှတပါး တခြားအယူဝါဒတစ်ခုခုကို လိုက်နာကျင့်သုံးသူကို ဆိုလိုခြင်းဖြစ်ပါရေ၊ ခေတ်စကားနန့် ပြောရကေ ဘာသာခြားပါ၊ ဒိဌိ က အယူအဆ သို့မဟုတ် အမြင်ဖြစ်ပါရေ၊ ဗုဒ္ဓခေတ်မာ ဝါဒတည်ထောင်ပြီးကေ ဗုဒ္ဓကို အမျိုးမျိုးဝါဒလာပြိုင်ပနာ၊ အောက်ကိုဆွဲချဖို့ ကြိုးစားကတ်တေ တိတ္ထိတိ တပုံတခေါင်းကြီးပါ။
တချို့ဆိုကေ ပါးစပ်နန့် ပြိုင်ရုံတင်မက ငြိမ်းခြောက်မှုတိ အသက်ရန်ပြုမှုတိ နှောက်ယှက်မှုတိ အမျိုးမျိုး လုပ်ပြီးကေတောင် ပြိုင်ဆိုင်ခကတ်ရေ၊ ယင်းပြိုင်ဆိုင်မှုတိကို ဗုဒ္ဓကိုယ်တိုင် ဖြေရှင်းပီးခမှုကြောင့်ပင်လေ့ ဗုဒ္ဓဝါဒစွာ ယင်းခေတ်ကာလမာ ထင်ရှားပီပြင်စီ ခပါရေ။ ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်တော်မှုပြီးနောက်ပိုင်း ဂနိခေတ်ကာလထိလည်း ဒေပြိုင်ဆိုင်မှုတိစွာ အတောမသတ် လားခစွာကို မြင်အောင်ကြည့်အောင် မြင်သာနိုင်ပါရေ၊ ဒေနီရာမာ တခြားတိတ္တိ တိအကြောင်းကိုတော့ မပြောလိုပါရာ၊ လေ့လာလိုကေ မိစ္ဆာဒီဌိ(၆၂) ပါး၊ သက္ကာယဒီဌိ(၂၀)ကို တခုချင်းပြန်ပနာ လေ့လာကေ ဗုဒ္ဓကို လာပြိုင်ကတ်တေ တိတ္ထိအယူအဆတိနန့် ဗုဒ္ဓယူဆချက်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ဖြစ်ပါရေ၊ ဒေ Post က အယူအဆအကြောင်းပြောဖို့စွာမဟုတ်ပါ၊ နိဂဏ္ဌနာဋပုတ္တ က ဗုဒ္ဓကိုတိုက်ခိုက် ခပုံတိကို သခ်န်းစားယူဖို့ တင်ရုံချင်ရုံရာဖြစ်ပါရေ၊
သင်ခန်းစာ(၁)
တရက်နိခါ နာဠန္ဒမြို့ မာ အစာရီစာ ငတ်ပြတ်မှုတိဖြစ်ပါရေ၊ အသက်မွီးဝမ်းကျောင်းပြုဖို့ကလည်း မလွယ်ရေကာလပါ၊ စားစရာမဟိ သောက်စရာ မဟိ၊ နိန်စရာ ဆင်းရဲနန့် ကပ်ဖီးသင့်နီကတ်ပါရေ၊ ယင်းကာလမာ မြတ်စွာဘုရားနန့် တပည့်သံဃာတိစွာ ယင်းမြို့ဖက်ကို ကြွလာကတ်ရေလို့ သတင်းရပါရေ၊ ယင်းသတင်းကြားကြားချင်း နိဂဏ္ဌနာဋပုတ္တစွာ နိမရထိုင်မရ ဖြစ်ရပါရေ၊ မြတ်စွာဘုရားနန့် တပည့်သံဃာဒေလောက်အများကြီးကြွလာကေ သူ့အတွက် နီစရာထိုင်စရာ စားစရာ ကြပ်တည်းလားဖို့၊ ယင့်ဇုနန့် မြတ်စွာဘုရားနန့် တပည့်သံဃာတိကို မကြွလာအောင် ကြံရပါရေ၊ မြတ်စွာဘုရားနန့် ဝါဒပြိုင်လို့ တခါလည်း ရှုံးဖူးရာဆိုခါ ရှေ့မထွက်ရဲ။(ယင်းပြိုင်ပွဲအကြောင်းကို အောင်ခြင်းရှစ်ပါးမာကြားဖူးကတ်ပါဖို့)။ ယင်းခါ အသိဗန္ဒကသား ရွာသူကြီးပါကို လားပါရေ၊ “ရွာလူကြီး ဂေါတမ စွာ သူ့တပည့်တိနန့် ပါဝါရိကမ္ဗဝန်ကျောင်းတိုက်ကို ရောက်နီလတ်၊ ဝါဒလားပြိုင်ခီ ဗလင့်၊ ဝါဒပြိုင်လို့ နိုင်ကေ နာဠန္ဒမြို့ မာကျော်ကြားလာဖို့ဒေ” လို့ဆိုခါ ဇာပိုင်ပြိုင်ကေ နိုင်နိုင်ဖို့မေးခါ၊ -
“အသျှင်ဘုရားစွာ လူတိအပေါ်မာ အမျိုးအမျိုးသောအကြောင်းကြောင့် အစဥ် သနား၊ စောင့်ရှောက်၊ ငဲ့ညှာ တော်မှုသည်မဟုတ်ပါလော၊ ယင်းပိုင် အစဥ် သနား၊ စောင့်ရှောက်၊ ငဲ့ညှာပါလျှက်နန့် ဇာကြောင့် အစာရီစာခေါင်းပါးရေ အရပ်သို့ လှည့်လှည် အလှူခံလာခြင်းစွာ လူတိ အမျိုးပြတ်အောင်၊ အကျိုးမဲ့အောင်၊ ပျက်စီးအောင် ဖန်တီး ကြံဆောင်နီခြင်းပါလော” လို့လျောက်ပါလတ်၊ နိဂဏ္ဌနာဋပုတ္တအကြံကို မသိခါ ရွာလူကြီးလေ့ ယင်းတိုင်း မြတ်စွာဘုရားကို လျှောက်လိုက်ပါရေ၊
နိဂဏ္ဌနာဋပုတ္တကတော့ခါ တချက်ခုတ်နှစ်ချက်ပြတ်အကြံနန့် သွီးထိုးပီးစွာပါ၊ ယေဒါလည်း မြတ်စွာဘုရား အဖြေက ထင်ထားပိုင်တော့ ဖြစ်မလာခပါ၊
“ရွာလူကြီး ၉၁ကမ္ဘာကစလို့ ဒေနိကာလထိ လူတိထဲမာ ဆွမ်းလောင်းရုံလောက်နန့် စီးပွါးပျက်စီးလားဖူးလူ တယောက်တလီလေ့ မဟိစဖူးသိမ့်။ စင်စစ် ပီးလှူခြင်းကြောင့်ရာ ကြီးပွါးခြင်းဖြစ်တေ၊ မှန်ကန်မှုသစ္စာတရား၊ အကျင့်သီလ ကြောင့်သာစီးပွါးဖြစ်ရေ၊ ပျက်စီခြင်းစွာအလှူကြောင့်မဟုတ် စီးပွါးပျက်စီးခြင်း(၈)မျိုးဟိရေ။
၁။ ရာဇတော- မင်းတိကြောင့် ပျက်စီးခြင်း၊
၂။ စောရတော- ခိုးသူရို့ တိုက်ခိုက်လုယက်မှု ခံရခြင်းကြောင့် ပျက်စီးခြင်း၊
၃။ အဂ္ဂိတော- မီးလောင်ကျွမ်းခြင်းကြောင့် ပျက်စီးခြင်း၊
၄။ ဥဒကတော- ရီကြီးခြင်း၊ ရီဖီးသင့်ခြင်းကြောင့် ပျက်စီးခြင်း၊
၅။ နိဟိတံ ဝါ ဝိနဿတိ- သိုမှီးထားရေ ပစ္စည်းတိ ပျောက်ပျက်ခြင်း (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှု မှားယွင်းခြင်း၊
၆။ ဒုပ္ပယုတ္တာ ဝါ ကမ္မန္တာ- အလုပ်အကိုင် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊
၇။ ကုလေ ဝါ ကုလဂန္ဓနော ဇာယတိ- မိသားစုအတွင်း အသုံးအဖြုန်းကြီးရေ၊ ဖျက်ဆီးရေ သားဆိုးသမီးဆိုးတိ ပေါ်ထွက်လာခြင်း၊
၈။ အနိစ္စတာ- အရာရာတိစွာ မမြဲရေ သဘောဟိရေ အတိုင်း သဘာဝအလျောက် ပျက်စီးခြင်း ဆိုရေအကြောင်းတရားတိကြောင့်ရာ ဖြစ်ရေ” လို့အကျယ်ရှင်းပြလိုက်ရေခါ ရွာလူကြီးတောင် သရဏဂုံတည် လားပါသိမ့်ရေ၊ (သံယုတ္တနိကာယ် > သဠာယတနဝဂ္ဂသံယုတ် > ၈-ဂါမဏိသံယုတ် > ၉-အသိဗန္ဒကပုတ္တသုတ်)
နိဂဏ္ဌနာဋပုတ္တက ယင်းလောက်နန့် မကြေနပ်သိမ့်ပါ၊ ရွာလူကြီးအဆင့်နန့်မရကေ အဘယမင်းသားပါးကို ချဉ်းကပ်ပြီးကေ ဘုရားကိုဝါဒပြိုင်ခိုင်းပြန်ပါရေ၊ ဒေတခါတော့ခါ နောက်ပုံစံတမျိုး မြတ်စွာဘုရားစွာ သူတပါးမကြိုက်ရေ စကားကို မပြောအပ်ဆိုပြီးကေ ဇာကြောင့် ဒေဝတကို ငရဲကျမည့်သူလို့ စွပ်စွဲပြောရလဲ လို့ စွပ်စွဲခိုင်းခြင်းတိပါ၊ နောက်ထပ်တိလေ့ ကျန်ပါသိမ့်ရေ၊
ဒေအဖြစ်အပျက်တိမာ သင်ခန်းစာ ယူစရာနှစ်ချက်ဟိပါရေ၊
တချက်က နိဂဏ္ဌနာဋပုတ္တပိုင် ကိုယ်တိုင်ရှေ့ထွက်မလာရဲဘဲ နောက်ကွယ်ကနီပနာ သွီးထိုးပီး ဝါဒမှိုက်တိုက်မှု၊
နှစ်အချက်က ရပ်ရွာမြို့နိုင်ငံကျပ်တည်းမှုကို အခွင့်ကောင်းယူပြီးကေ သံဃာတိကြောင့် စီးပွါးပျက်စီရေ ဆိုရေ စွဲချက်တိပါ၊ ယင်းစွပ်စွဲချက်စွာ နိဂဏ္ဌနာဋပုတ္တ စွပ်စွဲချက်နန့် သဘောတရား တူညီနိန်ပါရေ။ ဒေဖြစ်စဥ် မျိုးခေတ်သစ်မာ ပိုကြုံလာရပါရေ၊ သံဃာ့အဖွဲ့အားနည်းချက်ဖြစ်လောက်ဖို့စွာတိကို ရှာဖွီပနာ နောက်ကွယ်က မှိုင်းတိုက် အမြတ်ထုတ်ရေ စနစ်ပါ၊ ဒေနိခေတ်ပိုကြောက်ဖို့ ကောင်းလာပါရေ။ ဒေနိခေတ်အတိုင်းအတာကိုတော့ မဝေဖန်ရဲပါ၊ မြန်မာနိုင်ငံ လွတ်လပ်ရီးမရခင်ခေတ်နန့် လွတ်ရေးရပြီး မတည်ငြိမ်သိမ့်ရေ ကာလတိကို ပြန်ကြည့်ကေ ကွန်မြူနစ်ဝါဒ၊ မာက်ခ်ဝါဒ၊ လက်ဝဲဝါဒ၊ လက်ယာဝါဒတိအားပြိုင်မှုကြားမာ နိဂဏ္ဌနာဋပုတ္တ ပိုင်မေးခွန်းတိနန့် ဗုဒ္ဓဘာသာကို ထိုးနက်ချက်တိ အတောမသတ်နိုင်ကြောင်းကို စာအုပ်တိမာ ကြားဖူးခပြီးပါရာ။ ဇာသူကောက်စားလားလေ့မိန်းကေ ကချင်၊ကရင်၊ချင်း နန့် တောင်တန်းဒေသတိကို မျက်စိဖွင့်ကြည့်ကေ ပိုသိသာလာပါလိ့မေ၊
သင်ခန်းစာ(၂)
နိဂဏ္ဌနာဋပုတ္တ အပေါင်းအပါတိ တိုက်ခိုက်မှုတိထဲမာ အဆိုးဝါးဆုံး နန့် အရက်စက်ဆုံး တိုက်ခိုက်မှုလေးခုတွိ့ရပါရေ၊
(၁)၊ တိတ္ထိတိစွာ အောက်ခြီက ဝါဒပြိုင်လို့ မနိုင်ကေ ဘုရင်ကေသလ္လမင်းကြီးပါးကို အပူကပ်ပနာ ရဟန်းသံဃာသီတင်းသုံးရေ ကျောင်းတိနားမာ ကပ်ရပ်ပြီးကေ ကျောင်းဆောက်ခိုင်းရေ လုပ်ရပ်ပါ၊၊ ဘုရင်ကလည်း သူရို့ဦးတည်ချက်ကို မသိရေအခါ လက်ခံပီးလိုက်ရေ၊ ကျောင်းဆောက်ပြီးစွာနန့် ရဟန်းတော်တိကျောင်းကို လာကတ်တေ တကာတကာမတိ အမြင်မာ ရဟန်းမှန်း အထင်မားစီအောင် တိတ္ထိတိစွာ ပုံစံမျိုးစုံနီပြပနာ ရဟန်းတိကို သိက္ခာကျစီအောင် ပြုမှုပါရေ၊ ဒေကိစ္စကို နောက်ပိုင်းဘုရားရှင်သိလာရေခါ ယင်း နိဂဏ္ဌနာဋပုတ္တ နောက်လိုက် တိတ္တိတိကျောင်းကို ပယ်ဖျက်သိမ်းပီးဖို့ ကောသလ္လမင်းကို ပြောပြခါမှ ဘုရင်လည်း အဖြစ်မှန် သဘောပေါက်ပြီးကေ ဖယ်ရှားလိုက်ပါရေ၊
(၂) နောက်တခုက ကြားဖူးနီကျ ဖြစ်တေ စိဥ္ဇမာန ကိစ္စပါ၊ နိဂဏ္ဌနာဋပုတ္တဧ့ နောက်လိုက်တပည့်မ စိဥ္ဇမာနကို ကိုယ်ဝန်ဟိဟန်ဆောင်ပြီးကေ လူပုံအလည်မာ ရှင်ကြီးဂေါတမ ကိုယ့်ကိစ္စကို တာဝန်မယူနိုင်ပဲ၊ ရဟန်းလာဝတ်နီရေဆိုပြီးကေ စွပ်စွဲရေကိစ္စပါ၊ ရိုးရိုးတွီးကြည့်ကေ ဗုဒ္ဓ၏ ခန္တီပါရမီကို မြင်ရပါဖို့၊ ပုထုဇဥ်သံဃာတိဖက်က ကြည့်ကေ ဒေပြဿနာမျိုးက အချိန်မရွီး နီရာမရွီး ဖြစ်ပေါ်လာနိုင်တွက် သတိပြုနိုင်စီဖို့ ရှေးဆရာတော်ကြီးတိက အောင်ခြင်း(၈)ပါးထဲမာ ထည့်ပနာ ပြခစွာလို့ သုံးသပ်မိပါရေ၊
(၃) ယင်းထက်ရက်စက်ရေ ပြဿနာတခုကတော့ သုန္ဒရီ အကြောင်းပါ၊ တိတ္ထိတိက သူ့ရို့တပည့်မ သုန္ဒရီကို ဇေတဝန်ကျောင်းကို မပြတ်လားခိုင်းပါရေ၊ ပြီးကေ ရဟန်းသံဃာတိနန့် ရင်းနှီးခင်မင်အောင် ပြောဆိုနီထိုင်ခိုင်းထားပါရေ၊
ကကောင်းရင်းနှီးလာရာ ဆိုခါ တိတ္ထိတိက သုန္ဒရီ ကို သတ်ပြီးကေ ဇေတဝန်ကျောင်းက မြောင်းထဲမာ ပစ်ချထားလိုက်ပါရေ၊ ပြီးကေ ဘုရင်ကို သုန္ဒရီပျောက်နီအကြောင်း တိုင်ပြီးကေ အမြဲဝင်ထွက်နီရေ ဇေတဝန်ကျောင်းထဲ ဝင်ရှာဖို့ဖိအားပီးပါရေ၊ သူရို့ချရေ မြောင်းထဲမာ ရှာတွိ့စွာ ဇေတဝန်ကျောင်းက ရဟန်းဂေါတမနန့် သူ့နောက်လိုက်တိ အားနွဲ့ရေ မမာ့ချေတောင်မရှောင် သတ်ပစ်ပနာ မြောင်းထဲချထားရေဆိုပနာ စွပ်စွဲပါရေ၊ ကိုးကွယ်ကတေ ဒါယိကာ ဒါယိကမတိကလေ့ အဟုတ်မှတ်ပြီးကေ သာဝတ္တိပြည်မာ ရဟန်းတွိ့တိုင်း ကြမ်းတမ်းစွာဆဲဆိုကတ်တေ၊ အရှက်မဟိ၊ သီလမဟိ၊ ယုတ်မာရေ ဆိုပနာ ဘုရားနန့် ရဟန်းတိကို ပြစ်တင်ညှင်းဆဲကတ်ပါရေ၊ ယင်းပိုင်ဆဲဆိုမှုတိကို ဘုရားသျှင်ကို လျှောက်ရေခါမာ “ရဟန်းရို့ ယင်းကြမ်းတမ်းစွာ ဆဲဆိုမှုတိဆိုစွာ အများဆုံးကြာကေ ၇ရက်တည်းရာ ပြီးကေ ပျောက်လားလိမ့်မေ၊ သည်းခံလိုက်ကတ်ပါ”လို့ ဘုရားသျှင်ကမိန့်ပါရေ၊ အမှန်လည်း ၇ရက်ကြာပြီးနောက်ပိုင်းမာ အမှုမှန်ပေါ်ပြီးကေ ဆဲသံတိတ်လားခစွာရာ။
(၄) နောက်ထပ်အကြောင်းအရာတခုကတော့ခါ သျှင်မဟာမောဂ္ဂလာန်အကြောင်းပါ၊ ကြားဖူးနီကြအတိုင်းပြောရကေ သျှင်မဟာမောဂ္ဂလာန်လောင်းစွာ အတိတ်ဘဝက မိဘကို သတ်ခအတွက် ဒေဘဝမာ ရဟန္တာဖြစ်စွာတောင် ခိုးသားငါးရာသတ်လို့ ပရိနိဗ္ဗာန်စံရရေလို့ မှတ်သားခဖူးပါရေ၊ ကံအကျိုးတရားအရ တဖက်က မှန်ပါရေ၊ နောက်တဖက်မာ ပစ္စုပ္ပန်ကာလကိုကြည့်ရေခါ တိတ္တိတိကြားမာ လူမုန်းများပါရေ၊ သျှင်မဟာမောဂ္ဂလာန်သာသနာထဲ မရောက်ခင်က တိတ္ထိဆရာကြီး(၆)ယောက်အနက်က သဥ္ဇယဗေလဌပုတ္တဆရာကြီးဧ့ လက်ရုံးတပည့်တိ ဖြစ်ခဖူးပါရေ၊ ဘုရားသျှင်သာသနာထဲရောက်လာရေခါလဲ ဘုရားသျှင်ဧ အားအကိုးရဆုံး လက်ဝဲတော်ရံ သာဝက ဖြစ်လာပါရေ၊ ဇာကြောင့်အားကိုးရလဲဆိုကေ ဗုဒ္ဓတရားတော်တိကို လူတိအနားလည်နိုင်ဆုံး အနီးစပ်ဆုံးရှင်းပြနိုင်လို့ သူကြောင့် ဘာသာကူးဝင်လာကတ်လူတိ များလာရေ တွက်ကြောင့်ပါ၊ သျှင်မဟာမောဂ္ဂလာန် ပရိနိဗ္ဗာန်စံပြီး သျှင်မဟာမောဂ္ဂလာန်ကို သတ်ခတ်ရေ၊ ခိုးသားတိကို အဇာတသတ်မင်းကြီးက ဖမ်းယူစီစစ်ရေခါ တိတ္ထိငါးရာက အသပြာတထောင်စီပီးပြီး သတ်ဖို့ စီခိုင်းကြောင်း အဖြစ်မှန်ပေါ်ပါရေ၊ ဒေဇာတ်လမ်းမာ ကြိုးကိုင် နိဂဏ္ဌနာဋပုတ္တပါဧ မပါဧ ကမသဲကွဲပါ၊ ဆက်စပ်ရေအတွက် ထည့်လိုက်ခြင်းရာ။ ယင်းစီခိုင်းရေ ငါးရာသော တိတ္ထိကိုလေ့ အပြစ်ဒါဏ်စီရင်ချက်ပီးကြောင်း ဖော်ပြထားစွာတွိ့ရပါရေ၊
အထက်ပါ သာဓက၄ခုကို ကြည့်ကေ ကိုယ်ဝါဒတခုယှဉ်သန်ဖို့အတွက် မလုပ်ရဲရေ မကောင်းမှုဆိုစွာ မဟိဆိုစွာကို တွိ့ပါလိ့မေ၊ ၁၊ လိုအပ်ကေ အာဏာဟိတိနားချဥ်းကပ်ခြင်း၊ ၂၊ တူညီရေသဏ္ဍာယူပနာ အပုတ်ချခြင်း၊ ၃၊ ရင်းနှီးမှုကို အကြောင်းပြပနာ တိုက်ခိုက်ခြင်း၊ ၄။လိုအပ်ကေ ကိုယ့်လူအသက်ကိုပါစတေးရဲပိုင် ရန်သူအသက်ကိုလေ့ စတေးဖို့ ဝန်မလီးခြင်း ရို့ကို သခန်းစာယူစရာတွိ့ရပါရေ။ ထူးခြားစွာက ၁အချက်ရာ ကိုယ်တိုင်ထွက်လာပြီးကေ ကျန်အချက်တိက ကလကာနောက်ကွယ်က ကြိုးကိုင်မှိုင်းတိ ရာဖြစ်နီစွာကို တွိ့ရပါရေ၊ ယင်းသာဓကတိထဲမာ ကျောင်းကနန့် စိဥ္ဇမာန, သုန္ဒရီ ရို့ပိုင်ကိစ္စတိက ဒေခေတ်ကာထိ အားကောင်းနီတုန်းဖြစ်ပါရေ၊
အရင်နှစ်လလောက်က ထိုင်းမာဖြစ်လားကိစ္စပိုင် ကျောင်းလှူပါမေ၊ကားလှူပါမေ၊ ချိုချိုငန်ငန်တိနန့် ပြောဆိုပြီးကေ အရောဝင်၊ ကျောင်းထဲဝင်ခါကပင် မသိအောင်ခိုးရိုက်ထားရေ ကင်မရာတိအပြည့်။ ပုထုဇဉ်ရဟန်းတိဆိုခါ မရှောင်သာလို့ ဂွင်မိကေ တပါးကိုအကြောင်းပြပြီးကေ သာသနာတရပ်လုံးပဲ ယုတ်မာနီကတ်ပိုင် အော်ဟစ်သံတိ ပွက်လောရိုက်။ မကောင်းမှုစွာ ဆိတ်ကွယ်ရာမဟိပါ၊ အမှုမှန်ပေါ်ရေခါ သုန္ဒရီ ရို့ထက် ယုတ်မာရေ ဇာတ်လမ်းတိက ခေတ်စနစ်မာအများကြီးပါ၊ နှစ်ဖက်လုံးကို အမွန်းတင်နီခြင်းမဟုတ်ပိုင် အပြစ်တင်နီခြင်းလေ့မဟုတ်ပါ၊ ဗုဒ္ဓခေတ်က သာဓကပိုင်မျိုးဒေခေတ်မာလည်း ဟိကြောင်း နိဂဏ္ဌနာဋပုတ္တ ကို အစပြိုးပြီးကေ ဆွဲထုတ်ကြည့်မိခြင်းရာ။ ရဟန်းတိကြေးအကောင်းလို့လေ့ ရဟန်းဖက်က ကာဗာမလုပ်လိုပါ၊
ရန်ကုန်မာနီခတုန်းက မြို့နယ်သံဃာ့သန့်ရှင်းရီးမာ နှစ်ခါလောက် ပါဝင်လိုက်ဖူးခပါရေ၊ ယင်းတုန်းက Facebook မာ သံဃာတုတိဆိုပနာ ရီးဖူးပါရေ၊ ကွန်မင့်တိမာ သံဃာတုလို့လဲဟိလားဆိုပနာ ဝိုင်းပြောကတ်လို့ ဆက်မရီးဖြစ်ခပါ၊ ကြုံဖူးစွာကို တဖဲ့ချေလောက် ဖောက်သည်ချပါမေ၊ မြို့နယ်သံဃာ့သန့်ရှင်းရီး စနစ်က ဂုထိ ဟိနီသိမ်းလားတော့ မပြောတတ်ပါ၊ မြို့နယ်က တာဝန်ကျ ကျောင်းကတပါးစီပါရရေ၊ သာသနာရီးဦးစီးပါရေ၊ မြို့နယ်သံဃာ့နာယကပါရေ၊ ရဲပါပါရေ၊ ယင်းမြို့နယ်အတွင်း စျီး လမ်း၊ ရပ်ကွက်တိမာ ဒါယိကမတိ အကြည်ညိုပျက်စီအောင် လုပ်ရပ်ကြူးလွန်နီကြောင်း မြင်ကေ စီစစ်ဖို့အတွက်ပါ၊ မြင်ဖူးကတ်ပါလိ့မေ၊ ကားဂိတ်၊ စျီး၊ လူထူထပ်နီရာတိမာ ဆီးရုံတက်စရာမဟိလို့ပါ၊ အမိနီမကောင်းလို့ပါ၊ ဖိနပ်ပြတ်လို့ပါနန့် သရုပ်အလှူခံနိန်ကစွာတိပါ၊ တချို့ဆိုကေ စာအိပ်တိလှမ်းထိုးပီး ပုံစံမျိုးစုံမြင်ခဖူးပါရေ၊ သူရို့တိကို လှန်းစစ်ဆေးရေခါ ဇာမြို့နယ်ကလဲ၊ ဇာကျောင်းတိုက်ကလဲ၊ ဥပဇ္ဇျာယ်ဆရာအသူလဲ၊ သာသနာဝင်ကတ်ဟိလား ဒေအချက်တိရာ မိန်းမြန်းပါရေ၊ အများစုစွာ ဥပဇ္ဇျာယ်ဆရာဆိုစွာတောင် မသိစွာတိပါ၊ သာသနာဝင်ကတ်လည်း မကိုင်ထားကေ စဉ်းစားစရာဖြစ်လာပါရေ၊ ကိုရင်ဆိုကေတောင် တဝါဆိုနှစ်ဝါလောက်ကေ သာသနာ့ကဒ်(သာသနာ့မှတ်ပုံတင်)ကိုင်ဆောင်ရပါရေ၊
ရဟန်းဆိုကေ တဝါဆိုပြီးကေ သာသနာဝင်ကဒ် လျောက်ထားရပါရေ၊ မပါကေ လားလာခွင့်တောင်မဟိပါ၊ ယင်းကိုယ်တော်တစ်ခုခုကျူးလွန်ကေ လက်မှတ်ထိုးပီးထားရေ၊ ကျောင်းတိုက်နန့် ဥပဇ္ဇျာယ်ဆရာမာ တာဝန်အပြည့်ဟိပါရေ၊ ပရိယတ္တိထမ်းဆောင်နီရဟန်းဖြစ်စီ၊ ပဋိပတ္တိထမ်းဆောင်နီရေ ရဟန်းဖြစ်စီ၊ သာသနာဝင်ကဒ် ကိုင်ဆောင်ထားရပြီးကေ ကျောင်းတိုက်ဂုဏ်သိက္ခာ၊ ဆရာသမားဂုဏ်သိက္ခာကို ငဲ့ရေ ဇာရဟန်းမဆို ရဲတင်းစွာအလှူခံမှု၊ အကြည်ညိုပျက်စီမှုကို ရှောင်ပါရေ၊ လုပ်လည်းမလုပ်ဝံ့ပါ၊ ရဟန်းတိ ဇာလုပ်လုပ်ခွင့်လွတ်ပီးရဖို့၊ ယင်းသဘောကို ဆိုလိုရင်းမဟုတ်ပါ၊ ရဟန်းတပါးသာသနာတွက် ဂုဏ်ညိုးအောင် လုပ်ရေလို့ ထင်ရကေ၊ မြင်ရကေ အဆင့်ဆင့်ဖြေရှင်း/တိုင်ကြား လို့ရပါရေ၊
၁။ကျောင်းတိုက်
၂။ဥပဇ္ဇျာယ်ဆရာ
၃။မြို့နယ်သံဃာ့နာယက/သံဃာ့ဝိနစ္စယ
၄။မြို့နယ်သာသနာရီးဦးစီး/သာသနာရီးဝန်ကြီးဌာန
၅။ ဗဟိုသံဃာ့နာယက/ သံဃာ့ဝိနစ္စယ
သာသနာဆိုစွာ ဝင်ချင်တိုင်းဝင် လုပ်ချင်တိုင်းလုပ်ခွင့်ပီးထားရေ စနစ်မဟိရေ အဖွဲ့အစည်းတရပ်တော့ မဟုတ်ပါ၊ တပါးမကောင်းကေ ယင်းတပါးတွက် ပြစ်ဒါဏ်ဟိပါရေ၊ အဖွဲ့အစည်းအနီနန့် လားကတ်ရေခါ လူအမျိုးမျိုး စိတ်အထွေထွေဟိအတွက် ဇာအဖွဲ့အစည်းမဆို အပြစ်အနာကင်းရေလို့တော့ မဟိနိုင်ပါ။ သို့သော် ယင်းအနာကို ဇာပိုင်ကုစားကတ်လေ့ ဆိုစွာက ပိုအက္ခရာကျပါရေ။ ကိုယ့်အနာကို ဆားနန့်ပါ ထပ်ပက်ကေ တုတ်နန့် ပါ ဝိုင်းထိုးဖို့ စောင့်နီကတ်တေ ဘုရားရှင်ခေတ်က သုန္ဒရီပိုင် ဆရာတိ နိဂဏ္ဌနာဋပုတ္တ ပိုင် လူတိ ဝိုင်းနီရေဆိုစွာ သင်ခန်းစာယူစီလိုပါရေ၊
သခန်းစာ(၃)
ဘုရားသျှင်လက်ထက်တုန်းက မိဂါရ သူဌေးရို့၊ မေဏ္ဍကသူဌေး ရို့ဆိုစွာဟိပါရေ၊ သူရို့တိ ဂေါတမ တရားဟောစွာ ကောင်းကောင်း ကောင်းရေလတ်၊ တရားနာဖို့ ကျောင်းကို လားကေကောင်းဖို့ လို့ ညီးလိုက်ကေ နိဂဏ္ဌနာဋပုတ္တအပါအဝင် တိတ္ထိက သူဌေးတိဆုံးရှုံလားဖို့ ကြောက်ရေခါ ဇာပိုင်ဝါဒဖြန့်လေ့ ဆိုကေ “ရဟန်းဂေါတမ ဟိရေကျောင်းကို မလားကတ်ကေ့ ရဟန်းဂေါတမစွာ အာဝဋ္ဋနီအတတ်နန့် ပြုစားတတ်ရေလတ်” (အာဝဋ္ဋနီ=မိမိအလိုသို့ရောက်အောင် လှည်ပတ်ပြောဆိုတတ်ခြင်း) တချို့ကလေ့ ဟုတ်လီဖို့၊ တရားနာပြီးပြန်လာကလူတိ အများစု ရဟန်းဝတ်လူဝတ်၊ ဟိစာတိအကုန်စွန့်လူစွန့်၊ ကျောင်းလှူလူကလှူ၊ ယင့်ချင့်တိစွာ ဒေပိုင်လှည့်စားပစ်စွာဟိဖို့ဆိုပနာ မလားရဲအောင်စည်းရုံးပါရေ၊ ယင်းထဲကမာ မေဏ္ဍကကတော့ မရ လားဖို့၊ ယင်းပိုင်တားမရခါ နောက်တမျိုးကြံပါရေ၊ ကျောင်းကို လားကေတော့လား ယေဒါလည့် ရဟန်းဂေါတမနန့် မျက်နှာချင်းမဆိုင်မိလီကေ့၊ မျက်နှာချင်းဆိုင်ကေ ပြုစားတတ်ရေ၊ ယင်းပိုင်နန့် မေဏ္ဍကစွာ လိပ်ကာနောက်က ဘုရားသျှင်တရားကို နာခပါရေ၊ နောက်ဆုံးမာ ဘုရားတရားနာရပြီးကေ မေဏ္ဍကလည်း အကျွတ်တရားရလားပါရေ၊ ယင်းပိုင် ဘုရားရှင်းစွာ အာဝဋ္ဋနီအတတ်တတ်ရေဆိုရေ သတင်းကို ဘဒ္ဒိယ ခေါ် လိစ္စဝီမင်းသား ကြားလားရေခါ ဘုရားကိုလာလျှောက်ပါရေ၊ အသျှင်ဘုရား ဒေပိုင်တစ်ခုကြားပါရေ၊ ယင်းချင့်မှန်ပါလား၊ ဆိုခါ ဘုရားသျှင်က-
တကာတော် ဘဒ္ဒိယ-
၁။ ဒေပိုင်ပြောသံကြားဆိုကေလေ့ မယုံလီကေ့ဦး
၂။ အစဉ်အဆက် ကြားလာစွာဆိုပြီးကေလည်း မယုံလီကေ့ဦး
၃။ ဒေပိုင်ဖြစ်ဖူးလတ် လို့ ကြားကေလည်း မယုံလီကေ့ဦး
၄။ ကျမ်းဂန်စာပီနန့် ညီညွတ်ရေဆိုပြီးကေလေ့ မယုံလီကေ့ဦး
၅။ ကြံဆတွီးတောလို့ ရရုံလောက်နန့်လေ့ မယုံလီကေ့ဦး
၆။ နည်းမှီ ယူလို့ရရေ ဆိုပြီးကေလေ့ မယုံလီကေ့ဦး
၇။ အခြင်းအရာကို ကြံစည်လို့ရရေ ဆိုပြီးကေလည်း မယုံလီကေ့ဦး
၈။ မိမိရို့အယူနန့် တူညီရေဆိုပနာလေ့ မယုံလီကေ့ဦး
၉။ မှတ်ယူထိုက်ရေ သဘောနန့်လေ့ မယုံလီကေ့ဦး
၁၀။ ငါရို့လေ့စားထိုက်ရေ ရဟန်းကပြောရေဆိုပြီးလေ့ မယုံလီကေ့ဦး(ဘဒ္ဒိယသုတ်)
ဒေချင့်သည် သတ္တဝါတိအပေါ်မာ အကျိုးဖြစ်ထွန်းစီလား၊ အကျိုးယုတ်လားစီလား တွီးဆပြီးကေဆုံးဖြတ်ပါ လို့ဘုရားကမိန့်ပါရေ။
နောက်ပြီးကေ “သတ္တဝါတိ အကုသိုလ်ကို ပယ်ရန်၊ ကုသိုလ်ကို ပြုရန် အလိုငှါ ငါဘုရား အာဝဋ္ဋနီမာယာနန့် လှည့်စားခကေ ဆိုကေတောင် တလောကလုံးအတွက် ချမ်းသာဖို့ရန်သာ ဖြစ်တေ” လို့ မိန့်ပါရေ၊(ဆီလျော်အောင်ဘာသာပြန်ခြင်း)
ဒေသာဓကမာ ဇာတိရလိုက်လည်းဆိုကေ ကျောင်းဆိုစွာ ကုသိုလ်ပွါးများရာနန့် ဓမ္မစကားတိ နားကြားရရာ၊ နီးနှောဖလှယ် နီရာဖြစ်ပါရေ၊ ယင့်ချင်ကြောင့်လည်း နိဂဏ္ဌနာဋပုတ္တအပါအဝင် တိတ္ထိတိစွာ သူရို့ယုံကြည်ရာလူတိက ကျောင်းကလာဖို့က ကောင်းစိုးရိမ်ခပုံပေါ်ပါရေ၊ ကျောင်းကို မလားစီရေ နည်းပေါင်းစုံအကြံတိလည်း ထုတ်ခကတ်ပါရေ၊ ကိုယ်ရို့အချေခါက ရွာထဲက လူကြီးတိက ပြောဖူးပါရေ၊ ကောင်းချေတိ ကျောင်းမလားကတ်ကေ့နန့်၊ ဘုန်းကြီးအသတ်ကြမ်းဒေ၊ အသတ်ခံနီရမေ၊
ကိုယ်ကိုတိုင်ဘုန်းကြီးကျောင်းကို လားကြည့်ခါမာလည်း ကြားခတိုင်းလည်း ဟုတ်မနီပါ၊ ပိုပြီးကေတောင် ပျော်ဖို့ကောင်းပြီးကေ ကိုယ်အိမ်ထက်တောင် လွတ်လပ်ပိုင် ခံစားရပါရေ။ လူကြီးတိက အချေတိကို ဘုန်းကြီးကျောင်းကို မလာစီချင်ရေ ဆန္ဒနန့် တိတ္ထိတိ ကျောင်းကိုမလာစီလိုရေ စေတနာဆန္ဒကတော့ ကွာခြားချက်ဟိစွာတွိ့ရပါရေ၊ လူကြီးတိက အချေတိကို ဘုန်းကြီးကျောင်းကို မလားစီစေလိုရေ ဆန္ဒက ဆရာတော်အီးအီးချမ်းချမ်းသတင်းသုံးပါစီဆိုရေစေတနာ၊ အချေတိဆော့နီဖို့စွာ စိုးရေစေတနာတိတွိ့ပါရေ၊ လက်တွိ့မာ ဆရာတော်တိက ယင်းပိုင်မတွိ့ရပါ၊ အချေတိကျောင်းကို လာစီချင်ရေ၊ ကျောင်းမာဟိစွာတိကို စား၊ ဝိုင်းလုပ်၊ ဆော့ချင်ကေဆော့၊ ပြီးကေ ဆရာတော်တိ တတ်မြောက်ထားစွာကို အချေတိကို သင်ပီးစီလိုရေ ဆန္ဒအပြည့်တွိ့ရရေ၊ ပြောဆိုဆုံးမ မရကေ တုတ်နန့်ရိုက်ပုတ်ဆုံးမတတ်ရေ၊ နိဂဏ္ဌနာဋပုတ္တနန့် တိတ္ထိကတော့ ကျောင်းကို မလာစီလိုစေတနာက သူရို့အကျိုး ရော့လားဖို့စိုးလို့ပါ၊
ကြာပါရာ တကာကြီးတယောက်ပြောဖူးစွာသတိရပါရေ၊ တပည့်သားသမီးတိကိုတော့ ဘုန်းကြီးကျောင်းကို မလားခိုင်းပါလတ်၊ ဇာလို့လည်း တကာကြီးဆိုခါ မြင်နီရပါကား၊ ဘုန်းကြီးတိ မယားခိုးပြီးလားရေလတ်၊ တကာကြီးရွာမာပါလား၊ မဟုတ်ပါ၊ ကြားဖူးစွာပါလတ်။
ခုလိုင်းမာဆိုကေ ပိုဆိုးရေ ကိုယ်မရောက်ဖူးရေ ဒေသတခုက ရဟန်းတပါး ပြစ်မှုကျုးလွန်ကြောင်းကြားရကေ (ဇာသူသွီးထိုးလို့ထိုးမှန်းမသိ၊ ဇာရည်ရွယ်ချက်ကြောင့်လေ့မသိ၊ ယင်းအမှုစွာ ဖြေရှင်းပြီးသားလား၊ ဇာမြို့ကလေ့ ဇာကျောင်းကလဲ၊ ဇာခါက ဖြစ်စွာလဲ မသိ) မစဉ်းစားပါရာ၊ ဘုန်းကြီးအားလုံးယင်းပိုင်းဟိဖို့ အကုန်လိမ်စားနီစွာဆိုပြီးကေ ကျောင်းမလားကေ့နန်း၊ ဘုန်းကြီးတိနန့် ဝီးဝီးရှောင်နန်းဆိုရေ စကားတိက အနာဂါတ်သာသနာမျိုးဆက်ကို ဖြတ်ပစ်ပိုင် ဖြစ်နီစီစွာကို သတိပြုမိဖို့လိုရေ၊ မဖြစ်သိမ့်ရေပြဿနာကို မဖြစ်လာအောင်ဆန်ခြင်စွာက သင့်မြတ်ရေ၊
သို့သော် ဘဒ္ဒိယပိုင် လူတိရှားပါရေ၊ ဒေပိုင်တစ်ခုကြားနီရေ ဟုတ်ပါလား တိုက်ရိုက်မိန်းမြန်း အဖြေရှာရဲရေ သတ္တိလေ့ဟိဖို့လိုပါရေ၊ ယေမှ နီစပ်ရေ ရလာဒ်ကို ရနိုင်ဖို့ဖြစ်ပါရေ။
သင်ခန်းစာ(၄)
ပူရာဏကဿပ၊ အက္ခလိဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ ရို့စွာအဝတ်မဝတ်ပါ၊ ကိုယ်တိုင်လည်း အဝတ်မဝတ်ပိုင် သူနောက်ပါ တပည့်တိကိုလည်း အဝတ်မဝတ်စီခိုင်းပါ၊ ဇာကြောင့် အဝတ်မဝတ်စီခြင်းလည်း ဆိုစွာကိုတော့ခါ ကိုယ်ဝါဒဦးတည်ချက်နန့်ကိုတော့ခါ ဟိကတ်ပါရေ၊ ယင်းထဲက နိဂဏ္ဌနာဋပုတ္တ ကတော့ခါ ကိလေသာကို စွန့်ဖို့ ကျင့်လူတစ်ယောက်အနိန်နန့် စွဲလန်းမှုကို ဖြစ်စီရေ၊ အရာမှန်သမျှကို စွန့်ခြင်းဖြစ်တွက်နန့် ဇာမဟုတ်မဟုတ်ရေ အဝတ်ကိုလည်း စွန့်သင့်ရေဆိုရေ အတွေးနန့် အဝတ်တောင်မဝတ်ပါ၊ သူမဝတ်ရေပိုင် ဗုဒ္ဓဝါဒထဲ သီတင်းသုံးကတ်တေ ရဟန်းတိကိုလည်း ရဟန်းဂေါတမတပည့်တိစွာ ပြောကေတော့ ကိလေသာကင်းကွင်းရေးပြောပြီးကေ
အဝတ်ဝတ်နီသိမ့်ရေ၊ အဝတ်မဝတ်ခြင်းစွာ အလိုလောဘနည်းစီရေ၊ ရောင့်ရဲတင်းတိမ်ရေ၊ ခေါင်းပါးစွာကျင့်ရေ၊ ကိလေသာတိကိုခါထုတ်ရေ၊ ကြည်ညိုဖွယ်ကိုဆောင်ရေ၊ အဝတ်ဝတ်ခြင်းကြောင့် ကိလေသာမြစ်ဖျားခံရေ၊ အဝတ်တွက်လုံးလအားထုတ်ရရေ၊ ယင်းပိုင်းဖြစ်ပါလျှက်နန့် ဇာကြောင့် ရဟန်းဂေါတမတပည့်တိ အဝတ်နီကတ်လဲ၊ အဝတ်မဝတ်သင့်ဆိုပြီးကေ ဝါဒဖြန့်ပါရေ၊ သူရို့ပြောပိုင်တဖက်က ကြည့်ကေ ဟုတ်တုတ်တုတ်ထင်ကောင်း ထင်ရပါဖို့၊ ရဟန်းတိစွာ အိမ်ရာတိစွန့်၊ ဆံပင်၊လက်သည်း၊ ခြီးသည်းပါမကျန်စွန့်ထားပြီးကေ အဝတ်လောက်တော့ စွန့်သင့်ရေထင်စရာပါ၊ တချို့ရဟန်းတိက ဟုတ်လောက်တေထင်ပြီးကေ အဝတ်မဝတ်ပဲနီရေ ရဟန်းတောင်ဟိပါရေ၊ ဘုရားသျှင်ကြားရေခါမာ ယင်းရဟန်းကို ခေါ်ယူပြီးကေ အဝတ်မဝတ်ဘဲ သီတင်းသုံးကေ ဒုလ္လစ္စည်းအာပတ်သင့်စီ ဆိုပနာ အာပတ်တောင်ပညတ်လိုက်ပါသိမ့်ရေ၊ ဗုဒ္ဓဝါဒဆိုစွာ အစွန်းနှစ်ဖက်လုံးကို ရှောင်ရေ မဇ္ဇျိမပဋိပဒါ လမ်းစဉ်ဖြစ်ပါရေ၊ တခုကို အစွဲပြုပနာ အစွန်းရောက်လားစီဖို့ ကျင့်စဉ်ကို ရှောင်ပါရေ၊ တခြားအာပတ်ဆိုင်ရာ စွပ်စွဲချက်တတ်လည့်အများအများကြီးပါ၊ထားပါဖိ၊
ဒေနီရာမာသင်ခန်းစာယူစရာတစ်ခုက စွပ်စွဲရေလူတိကတော့ တနည်းမဟုတ်တနည်း ပုံစံမျိူးစုံနန့် စွပ်နီကတ်ဖို့စွာပါပဲ၊ သံသရာဝဠ်က လွတ်ချင်လို့ရဟန်းဝတ်စွာဆို ဒေချင့်တောင် မစွန့်လွတ်နိုင်လား၊ ဘုရားက ယင်းတွက်သိက္ခာပုဒ်တိ ပညတ်ထားပါရက်နန့် ဘုရားစကားကို မနားထောင်စွာမလားဆိုရေစွဲချက်တိ၊ လောဘ၊ဒေါသ၊မောဟ နည်းအောင် လုပ်ရဖို့ဆိုပြီး ဇာလို့ လောဘ၊ ဒေါသဖြစ်စီရေ စာမေးပွဲတိ ဇာလို့ ဖြေနီကတ်သိမ့်လေ့ဆိုရေ စွဲချက်တိ၊ ဝိနည်းနန့် မညီရေ အလိဇ္ဇတိဆိုရေစွဲချက်တိ၊ ဘုရားရှင်ခေတ်ကတောင် တိတ္ထတိ ဒေလောက် စွပ်စွဲကပ်ဖို့လား မပြောတတ်ပါ၊ ယကေ မပြောရ မဝေဖန်ရလားဆိုပြီးကေ လာပြန်ရာ၊ ထောက်ပြစွာနန့် တိုက်ခိုက်စွာ တခြားစီပါရာ။ သုတ္တံ ရို့ အဘိဓမ္မာရို့ သာသနာရေး၊ဘာသာရီးဆိုင်ရာ ရို့ကို ရဟန်းတော်တိနန့် ဆရာတကာဆွဲနွီးနွီးအဖြေရှာကတ်စွာက သင့်တော့ပါရေ၊ ဆွီးနွီးပါငြင်းခုံ မေးမြန်းပါ၊ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ သာသနာနှစ်ရပ်ကို ကွဲပြာအောင် နားလည်ကေတော့ ပိုသင့်တော်ပါဖို့။
တခါက တကာချေတစ်ယောက်လာမီးပါရေ၊ အသျှင်ဘုရားရဟန်းတိ ဖေသာအလှူခံကေ အာပတ်သင့်ဆိုစွာ ဟုတ်ပါလားလတ်၊ သင့်ကားလို့ ဖြေလိုက်ပါရေ၊ ယကေလေ့ ရွှေငွီကိုတိုက်ရိုက်အလှူခံဖို့ခွင့်မပြုထားကေလည်း လှူလာရေ ရွီငွီကို အပ်စပ်ပစ္စည်း နန့် လှဲလဲသာယာဖို့တော့ ခွင့်ပြုထားရေလို့ဖြေလိုက်ပါရေ၊ ဂုခေတ် ရဟန်းတိကလေ့ ဣမံဇာတရူပရဇတံ လို့ လည်းတပါးလည်း အလှူခံတော့ မတွိ့ဖူးလို့၊ ဣမံဒါတပ္ပဝတ္ထုနံ လို့ ရာ ဝိနည်းလွတ် သာသနာရီးဌာနကလည်း ခွင့်ပြုအတိုင်း စာအိပ်ချေနန့် တဆင့်အလှူခံပနာ ပစ္စည်းလေးပါးနန့် ပြန်လှဲလှယ်အသုံးပြုကတ်စွာရာဟိရေလို့တော့ ဖြေဖူးပါရေ၊ ယင်းစနစ်က အာပတ်သင့်စီရေဆိုကေ လေ့ သာသနာရီးဦးစီး/သာသနာရီးဝန်ကြီးဌာန/သံဃာ့နာယက/ သံဃာ့ဝိနစ္စယ တိက ခေါ်ယူဆုံးမကတ်ပါလိမ့်မေ၊ ရဟန်းတိနန့် ဝီနည်းဆွီးနွီးလိုကေ ဝီနည်းငါးကျမ်း အရင် စုံအောင်ဖတ်သင့်ရေ၊ အချိတ်အဆက်တိ၊အကြောင်းတရား၊အကျိုးတရားစသည်ရို့ကို အထွီထွီနားလည်ရေခါမှ ဒေချင့်ဒေအတွက်မလားဆိုစွာကို နားလည်ပြီးကေ ဆွီးနွီးရစွာ ပိုလေးနက်စီလို့ပါ၊ သဘောတရားနန့်လက်တွိ့က တဖဲ့ချေတော့ ကွာဟိမှုဟိရေ၊ လက်တွိ့ဆန်ရေ ဗုဒ္ဓဝါဒကို သဘောတရားနန့် နိဂဏ္ဌနာဋပုတ္တချဉ်းကပ်ပိုင်ချဥ်းကပ်ကေတော့ မေးခွန်းပြီးမေးခွန်းတိရာဆက်လားပြီးကေ အဖြေနန့်ဝီးကွာလားကစီပါဖို့၊
အထက်ကရွီငွီဥပမာနန့်ပြန်ပြောရကေ ထေရဝါဒရော၊ မဟာယာနနိုင်ငံတိပါ ခေတ်စနစ်အရ ကင်းဖို့က မလွယ်ပါ၊ ဇာပိုင်နည်းနန့် ဝိနည်းလွတ်အောင် စီမံဖို့လဲဆိုစွာကြ သံဃအကြီးအကဲတိ ပေါ်မာမှုတည်ပါရေ၊ ယင်းချင့်တိကို အခွင့်ကောင်းယူ မှိုင်းတိုက်ခံလိုက်ရရေ စနစ်ဆိုတိကတော့ သာသနာတော့ကြီး ကင်းလွတ်စီလိုပါရေ၊
နိဂုံး
အထက်မာ နိဂဏ္ဌနာဋပုတ္တကိုအခြီခံပြီးကေ သင်ခန်းယူစရာ လေးခုပြောခပါရေ၊ အမြင်တူစွာလည်းပါဖို့ အမြင်မတူစွာတိလည်း ပါကောင်းပါပါဖို့ ၊ ကိုယ့်ဘာသာတူချင်းချင်းတောင် မမြင်မတူမူတိဟိသိမ့်ကေ ဘာသာခြားတိအတွက် အမြင်တူဖို့ဆိုစွာကတော့ မလွယ်ကူနိုင်ပါ၊ ယင်းမတူရေ အမြင်တစ်ကို အခွင့်ကောင်းယူအဆုံးချပနာ ထိုးနက်လာခကေတောင် ဟုတ်မဟုတ် သင့်မသင့် ခွဲခြားဆင်ခြင်ပြီးကေ လေ့လာဆန်းစစ် မေးမြန်းအဖြေထုတ်ခြင်းက ပြဿနာရင်းမြစ်ကို တူဆအဖြေရှာနိုင်ပါရေ၊
ဒေါသတုံပြန်မှုတိ၊ မှားမှားမှန်မှန်လက်ခံ ယုံကြည်လိုက်မှုတိကို တိကျရေ ရလာဒ်ကို မထွက်စီပိုင် ကိုယ်ရို့တန်ဖိုးထားရေ အရာတိပါပဲ့ပါလားနိုင်စွာကို သတိချပ်ခြင်ပြီးကေ ကိုယ်ပေါင်ကိုလှန်ထောင်ရေ ဖြစ်ရပ်မျိုးမဖြစ်အောင် ဆန်ခြင်သင့်ပါရေ၊ နိဂဏ္ဌနာဋပုတ္တ(ဂျိန်းဘာသာ)စွာ ဗုဒ္ဓခေတ်က ဗုဒ္ဓနန့် ဝါဒပြိုင်စွာမာ အလဲလဲကွဲကွဲရှုံးနိမ့်ခြင်း၊ သွီးအတန်တန်ထိုးခကေလည်း မအောင်မြင်ခြင်းတိ ဟိခကေလည်း ဒေနိဒေ အချိန်မာတော့ခါ ၂၀၁၇ တုန်းက ကမ္ဘာအငြိမ်းချမ်းဆုံး ဘာသာဆုတောင်ရလားပါရာ။ ကိုယ်ဝါဒအောင်နိုင်ဖို့ တခြားဘာသာကို နောက်ကွယ်က ထိုးနှက်ရေ စနစ်သည် ဗုဒ္ဓခေတ်ကလည်း ဟိပိုင် ဒေနိခေတ်လည်း ဟိနီရေဆိုစွာကို သတိထားစီလိုရေ။ သို့သော် ဇာသူဇာလောက်ထိုးနက်ထိုးနက် တခြားဘာသာ ဝါဒတိကို ထိုးနက်ဖို့ ရိုင်းစိုင်းစွာ ပြန်တုန့်ဖို့ကိုတော့ အားမပီးပါ၊ ပြဿနာတစ်ခု ကြုံကေ သည်ခံခြင်းနန့် ရင်းမြစ်ဆွဲထုတ်အဖြေရှာခြင်းစွာ ဗုဒ္ဓကျင့်သုံးရေ နည်းဆိုစွာ အထက်က သာဓကတိက သင်ခန်းစာ ယူခပြီးပါရာ။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို အသန့်ရှင်းဆုံးဖြစ်အောင် ဆည်းကပ်ကိုးကွယ်နိုင်ကတ်ပါစီ။
💬 မှတ်ချက်တိ (0)