YaThaWinTha

BA(Philosophy), MA(Linguistics)

ရခိုင်ပြည်ဧ့ "ထောင်နယ်" ပျက်ကိန်းအလွန်

🕒 2026-10-14 17:00 👁️ 1 ကြည့် 📖 11 မိနစ်

ထောင်နယ်စနစ်လို့ပြောကေ ဒေနိ ရခိုင်လူငယ်ချေတိနားစိမ်းလာကတ်ပါရာ။  စာနန့် ကောင်းကြီး မစိမ်းရေလူတိလောက်ရာ ကြားဖူးနား၀ ဟိကတ်ပါဖို့ရာ ထင်မိပါရေ။ ထောင်နယ် စနစ်ဆိုစွာ ရခိုင်ဘုရင်တိလက်ထက်ကပင် အုပ်ချုပ်ရီး စနစ်တစ်ခု ဖြစ်ပါ

ရေ။ ရခိုင်ပြည်မာ ရှိခေတ်ကပင် ကျွန်းတိ ရွာတိပေါများရေအတွက်နန့် ရခိုင်ဘုရင်တိက ထောင်နယ်စနစ်နန့်ဖွဲ့အုပ်ချုပ်ကတ် ရပါရေ။

ထောင်နယ်တစ်ခုမာ အနည်းဆုံး အိမ်ခြီ

(၁၀၀) အထက် ဟိရေ ရွာ (၁ဝ)ရွာ (သို့မဟုတ်)

အိမ်ခြီ (၁၀၀၀) အထက်ဟိရေ နယ်မြီတခု ကိုတထောင်နယ်စီ သတ်မှတ်ပါရေ။

ရခိုင်ဘုရင်တိ ခေတ်က ထင်ယှားရေ ထောင်နယ်တိကတော့ခါ---

  1. စနဲထောင်နယ်
  2. မင်းရပ်ထောင်နယ်
  3. ကင်းထောင်နယ်
  4. သံထောင်နယ်(အထက်သံထောင် - အောက်သံထောင်) 
  5. လေးတောင်ထောင်နယ်
  6. ကန်ဒိုင်းထောင်နယ်
  7. ရမ်းပေါက်ထောင်နယ်
  8. ကျောက်ချောင်းထောင်နယ်
  9. ဟုန်းထောင်နယ်
  10. ရမ်းဗြဲ့ငယ်ထောင်နယ်
  11. သင်းဗန်းကိုင်းထောင်နယ်
  12. တန့်ထောင်နယ်(ရမ်းပြည့်ထောင်)
  13. လောင်းထောင်နယ်
  14. လောင်းနီထောင်နယ်
  15. ဖယောင်းထောင်နယ်
  16. သံသမထောင်နယ်
  17. သံချထောင်နယ်
  18. ကျောက်ဖြူထောင်နယ်

ဆိုပြီးကေ ရခိုင်ဘုရင်တိ ခေတ်က  ထောင်နယ်စနစ် ဖွဲ့စည်း အုပ်ချုပ်ခဖူးပါရေ။ ယင်းထောင်နယ်တိထဲမှာ အခွဲထောင်နယ်တိလေ့ ထပ်ခွဲပါရေ။

ထောင်နယ်ခွဲတိ--

  1. ပေါက်ဆိန်ထောင်နယ်
  2. ပေါက်ဆိန်သယ်ထောင်နယ်
  3. မီးပေါက်ထောင်နယ်
  4. အမြောက်ထောင်နယ်
  5. သက်ထောင် နယ်
  6. ပလံထောင်နယ်
  7. ဗိုလ်မင်းထောင်နယ်
  8. မရိုးသားထောင်နယ်
  9. လောင်းဂဒု ထောင်နယ်
  10. ပလက်ထောင်နယ်
  11. ကျောက်ဖျာထောင်နယ်
  12. ပျာရေထောင်နယ်
  13. ပြင်ထောင်နယ်
  14. ပြင်သားထောင်နယ်
  15. ဖရင့်ထောင်နယ်

ဆိုပြီးကေ ထားပါရေ။(နောက်ထပ်ကျန်နိုင်သိမ့်ရေ)

 ရခိုင်ဘုရင်ပါတော်မူနောက်ပိုင်းမာ ဘုရင်အုပ်ချုပ်ရီးစနစ် ပျက်စီးလာခကေလည်း ထောင်နယ် စနစ်ကို မဖျက်ပဲ။ ကျန်ခရေ သံဃာ့ဂိုဏ်းတိက ဂါမပညတ်စနစ်နန့်  ထောင်နယ်စနစ်တိကို ထိန်းထားခကတ်ပါရေ။ ဗမာဘုရင် အုပ်ချုပ်ကာလကုန်ပြီးကေ အဂ်လိပ်ခေတ်_ဂျပန်ခေတ်တိမာလေ့ သူရို့တိ အုပ်ချုပ်ရလွယ်အောင် ခရိုင်စနစ်သတ်မှတ်လာခကေလေ့ သော့

ရခိုင်တိကတော့ခါ ထောင်နယ်စနစ်ကိုရာ လက်ခံကျင့်သုံးဆဲ ဖြစ်ပါရေ။

ဗမာဘုရင်ခေတ်_အဂ်လိပ်ခေတ်တိမာ သူရို့တိသတ်မှတ်ရေ ဥပဒေကတမျိုး ရခိုင်တိကိုယ်ထူကိုယ်ထ ထောင်နယ်စနစ်က သတ်မှတ်ရေ ဂါမပညတ်ဥပဒေက ကိုတမျိုး ဖြစ်လာပါရေ။  ယင့်ခေတ်ကာလတိမာ သြဇာအညောင်းဆုံးစွာသည် ရဟန်းတိဖြစ်လာပါရေ။ ရွာဦးကျောင်းဘုန်းကြီးတစ်ခွန်းစွာသည်  ဘုရင်တပါးနီးပါး သြဇာညောင်းပါရေ ။

အဂ်လိပ်ခေတ်က အဂ်လိပ်တိက အထက်ဗမာပြည်ကို အရက်နန့် ဖျက်စီးနေချိန်မာ အစောဆုံးသိမ်းပိုက်ခံလိုက်ရေ ရခိုင်မာတော့ခါ အရက်ဆိုစွာသောက်ခွင့်တောင်မရခပါ။ ထောင်နယ်ကချမှတ်ရေ အရက်မသောက်ရ။ မရောင်းရ။ လောင်းကစားမလုပ်ရ အမိန့်စွာသည် ရခိုင်တပြည်လုံးလိုက်နာခရပါရေ။ 

ယင့်စနစ်တိစွာ လွတ်လပ်ရီး အကြိုကာလ ဆရာတော်ဦးစိန္တာ ဆရာတော်ပညာသီဟရို့လက်ထက်ထိ  ထောင်နယ်စနစ်က အသက်၀င်နီတုန်းဖြစ်ပါရေ ။ ဆရာတော်တပါးက လာလတ်ကလို့ခေါ်လိုက်ကေ ကြာအင်းတောင်ညီလာခံရို့ပိုင် ဆယ်ခုမကလည်း လုပ်ပစ်နိုင်တထိ ထောင်နယ်စနစ်ကသြဇာကြီးနိန်တုန်းသိမ့်ပါရေ။

၁၉၆၂ မဆလ အုပ်ချုပ်ရီးကာလမာ ထောင်နယ်စနစ်စွာ ပါတီစနစ်ကို အားပြိုင်စီရေ ဆိုပနာ ထောင်နယ်စနစ်ကို ယင်းခါမှ ဖျက်သိမ်းခိုင်း ပစ်လိုက်ပါရေ။  ယင်းခေတ်ကာလမာ နိုင်ငံရီးနန့် ဘာသာရီး မရောရဆိုပြီးကေ _

ရခိုင်မာ ကျေးရွာအစိုးရအုပ်ချုပ်ရီး-ဆရာဆရာမ ကျောင်းသူကျောင်းသား -သမ၀ါယမကတစ်အုပ်စု။

ကျေးရွာရပ်ကွက်ကို ဦးဆောင်ရေ ရဟန်း-အရပ်လူကြီးကတစ်အုပ်စု စီဖြစ်လားရေခါ ထောင်နယ်တခုတည်း ပျက်လားစီရုံမက ဘာသာရီးနန့် လူငယ်လူလတ်တိကြားကိုပါ အဆက်ပြတ်လားစီပါရေ။

(တချက်ခွတ် သုံးချက်ပြတ်စနစ်ပါ)

နောက်တချက်ကတော့ခါ ရပ်ကွက် ကျေးရွာ ဥက္ကဋတိကို အရက်တိတရား၀င် ရောင်းချခွင့် ပီးလိုက်စွာက အရင်ပိုင် ထောင်နယ်အုပ်ချုပ်ရီး မဟိရာတွက်နန့် အထိန်းအကွတ်မဟိပဲ သောက်ပစ်ကတ်စွာ ၁၉၈၈  မဆလသက်တမ်းအကုန် ရခိုင်သားတိ အရက်ပုလင်းကြားမာ ခေါင်းစိုက်လားကတ်ပါရာ။

ယင်းကာလ သတင်းစာတိမာပါရေ ရခိုင်အရေးကိုလွတ်တော်တင်ပြမူမှာ ''ရခိုင်မာ အရက်နန့် ဆီးခြောက်၀ယ်ရစွာသည်  ငပိ-ငခြောက် ၀ယ်ရစွာထက်လွယ်နီရေလို့ ဂုဏ်ပြုမှတ်တမ်းတင်ခကတ်ယင့်။

ဘာသာရီးဘက်မာဆိုလေ့  ကွန်မြူနစ်၀ါဒ သိမ်းသွင်းခံရမူတိ ။ ကျောက်တွင်းဆရာတော်ဧ့ ရခိုင်ပြည်ထိလာပနာ လူသေလူဖြစ်၀ါဒ သွတ်သွင်းမူတိက ရခိုင်လူငယ်တိ စာရိတ္တမဏ္ဍိုင်ကို ရိုက်ချိုးလိုက်ပိုင် ဖစ်လားစီပါရေ။

စိတ်ဓာတ်မြှင့်တင်ရီး /ခွန်အားတိ ဆုံးရုံးလားရေ ပြည်နယ်တစ်ခုအတွက် အဆင်းရဲဆုံးစရင်း ၀င်လားစွာတော့ အဆန်းတော့မဟုတ်ပါရာ။ လူမျိုးမပျောက်လာစွာကိုရာ ကျေးဇုးရှာကြံတင်ကတ်ပါဖို့။

ယင်းကာလ အထက်ဗမာပြည်မာ ဗုဒ္ဓဘာသာကလျာယု၀ အသင်းတိပိုင် ဘာသာရေးအသင်းတိက ယဉ်ကျေးလိမ္မာသင်တန်း-အဘိဓမ္မာသင်တင်း-၀ိသုဒ္ဓိမဂ်သင်တန်းရို့ပိုင်ဘာသာရီးနန့် လူငယ်တိစိတ်ဓာတ်မြှင့်တင်နီရေအချိန်မာ ရခိုင်သားတိကအရက်ခွက်ကြားမှာ  ခေါင်းမဖော်နိုင်လိုက်ရာ။ ပစ္ဈိမာရုံဆရာတော်ကြီးစကားကို ကိုးကားရကေ  ''ယင့်ကာလမာ ရခိုင်ပြည်မာ ဘာသာရီးအသင်းဟိဖို့ကိုမပြောကေ့ ဘာသာရီး စာအုပ်တစ်အုပ် ရဖို့တောင် ကကောင်းခဲယင်းပါရေ" လတ်။

 ဒေချင့်တိစွာသည် ထောင်နယ်စနစ်အလွန် ရခိုင်လူငယ်ချေတိ အဆိုးရွားဆုံး ရင်ဆိုင်ခရရေ ကာလတိဖြစ်ပါရေ။

ကိုလိုနီဆိုးမွေစနစ်ကြောင့်အမြှစ်တွယ်နီရေ အကျင့်ဆိုးတိကို ဆီးချွတ်ဖို့  တောင်ကိုးရီးယား ရို့ပိုင် တချို့အာရှနိုင်ငံတိမာ လူငယ်တိချေတိပြင်လည်မွန်းမွံရီး စခန်းတိစွာ ရဲစခန်းတိထက် တန်ဖိုးကြီးပါရေ။  ဇာအရာကိုပဲ စွဲစွဲ လူအရင်းအမြှစ်ကို ဆုံးရှုံးစီရရေအစွဲဆိုကေ ဆွဲချွတ်ပစ်ပနာ ပြန်ပြီးကေ နလန်ထူဖို့ စခန်းတိက အသင့်ဟိနီပါရေ။မြန်မာနိုင်ငံမာတော့ခါ ပြန်လည်ထူထောင်ရီးစခန်း ၁၀ကျော်လောက်ရှာတွိ့ပါရေ။

  1. ရန်ကုန် ပြန်/ထူစခန်း
  2. မန္တလေး ပြန်/ထူစခန်း
  3. မြစ်ကြီးနား ပြန်/ထူစခန်း
  4. ဝက်ထီးကန် ပြန်/ထူစခန်း
  5. လားရှိုး ပြန်/ထူစခန်း
  6. ကျိုင်းတုံ ပြန်/ထူစခန်း
  7. တာချီလိတ် ပြန်/ထူစခန်း
  8. နမ့်လတ် ပြန်/ထူစခန်း
  9. မြဝတီ ပြန်/ထူစခန်း
  10. ဘားအံ ပြန်/ထူစခန်း
  11. ကလိန်အောင် ပြန်/ထူစခန်း
  12. ကော့သောင်း ပြန်/ထူစခန်း
  13. ဖယ်ခုံ ပြန်/ထူစခန်း

ရခိုင်မာကကော ထောင်နယ်အလွန်ကနိန်ပနာ လက်ဟိကာလအထိ ဆိုးမွေက ပီးရေ အငွေ့အသက်တိ ပျောက်ရာလား။ ပိုဆိုးလာလား။

ပုလင်းလေ့ လဲ-လူလေ့ လဲ

လူလေ့ လဲ- မိသားစုလေ့ လဲ

မိသားစုလေ့ လဲ- ဘာသာရီးလေ့ လဲ

ဘာသာရီးလေ့ လဲ- အသိတရားလေ့ လဲ

အသိတရားလေ့ လဲ- ပညာရီးလေ့ လဲ

ပညာရီးလေ့ လဲ- အရာအားလုံး လဲ

💬 Comment 0

💬 မှတ်ချက်တိ (0)