စစ်တွေစျီး မိုးသောက်ဖက်က စတင်ကြည့်ခြင်း
ကိုလိုနီခေတ် စစ်တွေမြို့၏ မိုးသောက်ဖက်တခုကို စိတ်ကူးနန့် မြင်ကြေ့ကတ်ပါမေ။
ဆိပ်ကမ်းဖက်မာ ရွက်သင်္ဘောနန့် မီးသင်္ဘောတိ ဝင်ထွက်နီကတ်ရေ။ ဈီးထဲမာ ဆန်၊ ငါးခြောက်၊ ဆား၊ ငါးပိ၊ အုန်းသီးနန့် နယ်ဘက်က ရောက်လှာရေ လယ်ယာထွက်ကုန်တိ ရောင်းဝယ်နီကတ်တေ။ ဆိပ်ကမ်းအလုပ်သမားတစုက ကုန်အိတ်တိ ထမ်းနီကတ်တေ။ အစိုးရရုံးလားဖို့ စာရီးဝန်ထမ်းတဦးက ဒယောကို ပပိတ်သသိပ်ဝတ်ပြီးကေ အိန်းဂလိချ်စာရွက်စာတမ်းတိ ထည့်ထားရေ အိတ်ကို ကိုင်ထားရေ။ ရွာကလာရေ လယ်သမားတဦးက အခွန်ပီးဖို့၊ အမှုကိစ္စတင်ပြဖို့ တနည်း အကြွီးသျှင်းဖို့ ရုံးတရုံး၏ ရှိ့မာ စောင့်နီရရေ။
အဝီးကကြည့်ကေ စစ်တွေမြို့စွာ စည်ကားလာရေ ဆိပ်ကမ်းမြို့ဖြစ်တေ။ မင်းကြီးရုံး၊ အရီးပိုင်ရုံး၊ ပုလိပ်ရုံး၊ သံကြိုးရုံး၊ စာတိုက်ရုံး၊ ဆီးရုံနန့် ကျောင်းတိဟိရေ။ သင်္ဘောကြီးတိ ဆိုက်ကပ်ရေ။ နိုင်ငံအသီးအသီးကကုန်တိ ဝင်ထွက်ကတ်တေ။ ယေဒါလေ့ ယင့်စည်ကားမှု၏ နောက်ကွယ်ကို ဝင်ကြည့်ကေ လူတိုင်း တူညီရေ အကျိုးခံစားနိန်ရခြင်းမဟုတ်ကြောင်း တွိ့ရဖို့ဖြစ်ပါရေ။
ဆိပ်ကမ်းဟိခြင်းကြောင့် ကုန်တိက အမြတ်ရနှိုင်ရေ။ ယေဒါလေ့ ကုန်ထမ်းသမားက တရက်စာလုပ်အားခ ရဖို့ကိုရာ ရုန်းကန်နိန်ရနှိုင်ရေ။ စပါးဈီးတက်ကေ မြီပိုင်ရှင်တိဝင်ငွီ တိုးနှိုင်ရေ။ ယေဒါလေ့ အငှားလယ်သမားက မြီငှားခ၊ အခွန်ခနန့် အတိုး ဆပ်ပြီးကေ မိသားစုစားဖို့ မလောက်ငှနိုင်ပါ၊၊ အိန်းဂလိချ်ကျောင်းတက်ခွင့်ရရေ လူငယ်တဦးအတွက် အစိုးရအလုပ်တန်းခါး ပွင့်လာနိုင်ကေလေ့ ကျေးရွာက ဆင်းရဲရေ အချေတိအတွက် ကျောင်းလားခြင်းထက် မိသားစုအလုပ်ကို ကူရခြင်းက ပိုအရီးကြီးနီနှိုင်ရေ။
ယင်းအတွက်နန့် ကိုလိုနီလက်အောက်က ရခိုင်ပြည်ကို နားလည်ဖို့ ရုံးအဆောက်အအုံနန့် လူဦးရွီစာရင်းတိကိုရာ မကြည့်သင့်ပါ၊၊ ယင်းအဆောက်အအုံတိအထဲ ဇာသူက အမိန့်ပီးနီလဲ၊ ဇာသူက အခွန်ကောက်နီလဲ၊ ဇာသူက မြီကို ပိုင်နီလဲ၊ ဇာသူက နိစိုင်အလုပ်လုပ်ပြီးကေ ဇာသူက အကျိုးအမြတ်ကို ရယူနီလဲလို့ရာ မေးရဖို့ ဖြစ်တေ။
ဒေချင့်စွာ ဆရာတော်ဦးဥတ္တမ မွီးဖွားကြီးပြင်းလာခရေ ရခိုင်ပြည်၏ လူမှုမျက်နှာပြင်ဖြစ်ပါရေ။
၁။ စစ်ပွဲနန့် လူဦးရွီလျော့ပါးမှုအပြီးက ရခိုင်ပြည်
ရခိုင်ပြည်စွာ ကိုလိုနီလက်အောက် မရောက်ခင်ကပင် ရာစုနှစ်တဝက်နီးပါး မတည်ငြိမ်မှုတိကို ဖြတ်သန်းခရရေ။ ၁၇၈၄–၁၇၈၅ ခုနှစ်မာ ကုန်းဘောင်တပ်တိက ရခိုင်နိုင်ငံကို သိမ်းပိုက်ပြီးကေ လူအများ စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံရခြင်း၊ နယ်စပ်ဖြတ်ပနာ ထွက်ဗြီးယှောင်ဗြီးခြင်းနန့် စစ်ဖီး၊ အစာယှားပါးမှု၊ ရောဂါရို့ကြောင့် လူဦးရွီ ပြင်းထန်စွာ လျော့နည်းခရေ။ ၁၈၂၄–၁၈၂၆ ပထမအိန်းဂလိချ်–မြန်မာစစ်အထဲ နောက်ထပ်စစ်ဒဏ် ခံခရပြီးကေ ရန္တပိုစာချုပ်အရ ရခိုင်ပြည်စွာ ဗြိတိသျှလက်အောက် ရောက်လှားရေ။
အသျှင်ဣန္ဒဝံသ၏ [အိန်းဂလိချ်အစိုးရအုပ်ချုပ်ရီးကာလ ရခိုင်ပြည်လူဦးရွီ] ဆောင်းပါးမာ ၁၈၂၆ ခုနှစ်နောက်ပိုင်း ရခိုင်တပြည်လုံးမာ လူဦးရွီ တသိန်းလောက်ရာ ကျန်ခရေလို့ ဖော်ပြထားရေ၊ ယင်းချင့်ထဲမာ စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံရမှုနန့် နယ်စပ်ဖြတ်ကျော် ထွက်ဗြီးမှုရို့နန့် ဆက်စပ်ယှင်းပြထားရေ။[၁] ဒေကိန်းဂဏန်းသည် အရီးကြီးကေလေ့ ဇာနှစ်၏ စာရင်း၊ ဇာနယ်နိမိတ်နန့် ဇာကောက်ယူနည်းကို အခြီခံထားလဲဆိုစွာကိုတော့ခါ မူရင်းအစိုးရအစီအစာခံစာနန့် စီစစ်ကြေ့ဖို့တော့လိုပါဖို့သိမ့်။
လူဦးရွီစာရင်းဆိုစွာမာ လူတိကို ရိုးရိုးရွီတွက်ထားခြင်းလောက်ရာ မဟုတ်လီ။ ကိုလိုနီအစိုးရက အခွန်ကောက်ဖို့၊ လုပ်သားအင်အားသိဖို့၊ မြီယာနန့် ကျေးရွာတိကို အုပ်ချုပ်ဖို့၊ လူမျိုးနန့် ဘာသာအလိုက် ခွဲခြားသတ်မှတ်ဖို့အသုံးပြုရေ အုပ်ချုပ်ရီးကိရိယာလည်းဖြစ်တေ။ လူတဦးကို ဇာ လူမျိုး၊ ဘာသာ၊ မွီးရပ် တနည်း အလုပ်အကိုင် အောက် ထည့်သွင်းထားလဲ ဆိုခြင်းကို စာရင်းကောက်သူ အဓိပ္ပာယ်ဖွင့်ဆိုမှုက သက်ရောက်နှိုင်ရေ။ ယင်းအတွက်နန့် ကိုလိုနီသိုင်ခေါင်စာရင်းကို အမှန်တရား၏ နောက်ဆုံးစကားအဖြစ် မယူဘဲ ယင်းခေတ်အုပ်ချုပ်ရီးက လူမှုအဖွဲ့အစည်းကို ဇာပိုင်မြင်ခသနည်းဆိုရေ မှန်ဘီလူးတခုအဖြစ် အသုံးပြုသင့်ရေ။
၂။ တိုးတက်လာရေ စစ်တွေမြို့
ဗြိတိသျှရို့က စစ်တွေကို ရခိုင်ပြည်၏ အုပ်ချုပ်ရီးနန့် ကုန်သွယ်ရီးဗဟိုချက်အဖြစ် တည်ဆောက်ခရေ။ ပင်လယ်ဆိပ်ကမ်းကောင်းဟိခြင်း၊ ကုလားတန်မြစ်ဝှမ်းက စပါးနန့် အခြားထွက်ကုန်တိကို သယ်ယူနိုင်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တလျှောက် ကုန်သွယ်ရီးလမ်းကြောင်းနန့် ချိတ်ဆက်နိုင်ခြင်းရို့ကြောင့် စစ်တွေစွာ တဆတ်ဆတ် ကြီးထွားလာရေ။
စစ်တွေမြို့လူဦးရွီကို ဆောင်းပါးတိမာ အောက်ပါအတိုင်း ဖော်ပြထားရေ။[၁]
ခုနှစ် စစ်တွေမြို့လူဦးရွီ
၁၈၇၀ ၁၆,၇၈၅
၁၈၇၂ ၁၉,၂၃၀
၁၈၈၁ ၃၃,၉၈၉
၁၈၉၁ ၃၇,၉၃၈
၁၉၀၁ ၃၅,၆၈၀
၁၉၁၁ ၃၇,၈၉၃
၁၉၂၁ ၃၆,၅၆၉
၁၉၃၁ ၃၈,၀၉၄
ဒေကိန်းကဏာန်းက ၁၉ ရာစုနှောင်းပိုင်းမာ စစ်တွေမြို့ ကြီးထွားခကြောင်း ပြရေ။ စစ်တွေ၏ တိုးတက်မှုစွာ သဘာဝအတိုင်း ဖြစ်လှာခြင်းမဟုတ်။ ဆန်ကုန်သွယ်ရီး၊ အုပ်ချုပ်ရီးရုံးတိနန့် ဆိပ်ကမ်းလုပ်ငန်းရို့က လူတိကို သိမ်းသွင်းလာခြင်းဖြစ်တေ။ ရခိုင်ကျေးရွာက လူတိ၊ ဘင်္ဂလားဘက်က ရာသီအလိုက် အလုပ်သမားတိနန့် အခြီချသူတိ၊ အိန္ဒိယနယ်အသီးသီးက ကုန်သည်၊ စာရီးနန့် လုပ်သားတိ၊ အထက်ဗမာပြည်ဒေသက အရာဟိတိနန့် ဝန်ထမ်းတိ ဝင်ရောက်လှာကတ်တေ။ သမိုင်းပညာသျှင် Jacques Leider ၏ လိလာချက်အရ ၁၈၇၂ မှ ၁၉၃၁ အထဲ အက်ကျပ်(စစ်တွေ)ခရိုင်လူဦးရွီစွာ ၁၃၀ ရာခိုင်နှုန်းခန့် တိုးလာပြီးကေ ကျောက်ဖြူနန့် သံတွဲမာ ၇၆ ရာခိုင်နှုန်းလောက် တိုးလာရေ။ စိုက်ပျိုးရီးတိုးချဲ့မှုနန့် စစ်တကောင်းဘက်က ရာသီအလိုက်၊ နောက်ပိုင်း အခြီချရွှိပြောင်းမှုရို့က အက်ကျပ်(စစ်တွေ)ခရိုင်၏ လူမှုနန့် စီးပွားရီးဖွဲ့စည်းပုံကို အထူးပြောင်းလဲစီခကြောင်း ယင်းသုတေသနက ဆိုထားရေ။[၂]
ကိုလိုနီခေတ် အိန္ဒိယနန့် မြန်မာပြည်ကြားမာ ဒေနိပိုင် နိုင်ငံနယ်စပ်နန့် လူဝင်မှုကြီးကြပ်ရီးစနစ် မဟိသိမ့်ပါ၊၊ မြန်မာပြည်စွာ ဗြိတိသျှအိန္ဒိယ၏ ပြည်နယ်တခုဖြစ်နန့် လူနန့်လုပ်သား ရွိ့မှုကို အင်ပါယာအထဲ လားလာမှုအဖြစ် အုပ်ချုပ်သူရို့က မြင်ခကတ်တေ။ ယေဒါလေ့ ဒေသခံလူမှုအဖွဲ့အစည်းအပေါ် မြီ၊ အလုပ်အကိုင်နန့် ယိုင်ကျေးမှုဆိုင်ရာ ဖိအားတိ ဖြစ်လှာနှိုင်စွာကိုလေ့ လျစ်လျူမရှုသင့်ပါ၊၊
၃။ လူမှုဖွဲ့စည်းပုံ - လူမျိုးစာရင်းထက် ပိုပြီးကေသပွတ်အူလိုက် လောက
ကိုလိုနီခေတ် ရခိုင်လူ့အဖွဲ့အစည်းကို လူမျိုးနန့် ဘာသာနှစ်မျိုးတည်းနန့် ခွဲကြည့်လို့ မပြည့်စုံပါ၊၊ လူတဦး၏ နိစိုင်ဘဝမာ ယင့် လူမျိုးတိစွာ မြီပိုင်မပိုင်၊ အကြွီးဟိမဟိ၊ ဇာအလုပ်လုပ်လဲ့၊ မြို့မာနီလား ရွာမာနီလား၊ အိန်းဂလိချ်စာတတ်လား၊ အစိုးရနန့် ဆက်သွီနိုင်လားဆိုရေ အချက်တိကိုပါ ဆုံးဖြတ်ပီးရဖို့ ဖြစ်ပါရေ။
ယင်းခေတ်ကာလ လူမှုအလွှာတိကို အပြိန်းအနိန်နန့် အောက်ပါအတိုင်း တွိနှိုင်ရေ။
က။ အုပ်ချုပ်ရီးအထက်တန်းလွှာ
ထိပ်ဆုံးမာ ဗြိတိသျှအရာဟိတိ ဟိပါရေ။ အရေးပိုင်၊ အရေးပိုင်နန့် အဆင့်မြင့်ဌာနဆိုင်ရာအရာဟိတိစွာ ဥပဒေ၊ အခွန်၊ ရဲနန့် တရားစီရင်ရီးအာဏာကို ကိုင်တွယ်ကတ်တေ။ ဥရောပသားဖြစ်ခြင်းက လစာ၊ နီထိုင်ရာရပ်ကွက်၊ လူမှုဂုဏ်သိက္ခာနန့် တရားစီရင်ရေးရို့မာ အခွင့်ထူးပီးထားရေ။
ခ။ ဒေသခံအလယ်အလတ်အာဏာပိုင်တိ
ဗြိတိသျှအရာဟိအောက်မာ မြို့အုပ်၊ ရွာသူကြီး၊ စာရီး၊ စကားပြန်၊ အခွန်ကောက်နန့် ပုလိပ်ရို့ ဟိရေ။ ယင့်လူရို့စွာ အစိုးရနန့် ပြည်သူကြား ကြားခံတိ ဖြစ်ကတ်တေ။ တချို့က ပြည်သူဘက်က ရပ်တည်ပနာ အခက်အခဲ လျှော့ချပီးကတ်ကေလေ့ တချို့က အစိုးရအာဏာကို အသုံးချပနာ ကိုယ့်အကျိုးရှာ နှိုင်ကတ်ရေ။ ဆင်းရဲသားလူတန်းစားအတွက် ကိုလိုနီအာဏာကို မြင်တွိရရေ မျက်နှာစွာ ဗြိတိသျှအရီးပိုင်၏မျက်နှာ မဟုတ်ဘဲ အခွန်တောင်းလာရေ ဒေသခံအမှုထမ်း၏မျက်နှာ ဖြစ်နှိုင်ရေ။
ဂ။ မြီသျှင်၊ ကုန်သည်နန့် လူကုံထံ
မြီအများကြီးပိုင်သူ၊ စပါးနန့် ကုန်ဝန်ရောင်းဝယ်သူ၊ အစိုးရကန်ထရိုက်ရသူနန့် ဖေသာချီးသူရို့စွာ စျီးကွက်ချဲ့ထွင်လှာမှုက အကျိုးခံစားနှိုင်ကတ်တေ။ မြီသျှင်တိုင်း ဖိနှိပ်သူမဟုတ်ပိုင် ဆင်းရဲသားတိုင်းလဲ မြီယာမဟိသူ မဟုတ်လီ။ ယေဒါလေ့ စနစ်တခုလုံးက မြီ၊ ငွီနန့် အစိုးရဆက်သွီမှုဟိသူကို အားသာ စီရေ စနစ်ဖြစ်နီရေ။
ဃ။ ဘုန်းကြီးနန့် ဘာသာရီးအဖွဲ့အစည်း
ယင်းခေတ်က ရခိုင်မာ ဘုန်းကြီးကျောင်းစွာ ပညာရီး၊ ယိုင်ကျေးမှုနန့် လူမှုကူညီရီး ဗဟိုချက်ဖြစ်တေ။ မင်းစနစ်ပျောက်လားပြီးကေ သာသနာ့ထောက်ပံ့မှု ဖွဲ့စည်းပုံပြောင်းလှားကေလည်း ရပ်ရွာလူထုနန့် သံဃာ၏ ဆက်နွယ်မှု မပျောက်ပါ၊၊ ရဟန်းတော်တိစွာ သတင်းနန့် အတွေးအခေါ် ဖြန့်ဝီပီးနှိုင်ရေ ကွန်ရက်တခုလည်း ဖြစ်တေ။ ဒေကွန်ရက်က နောင်မာ ဝံသာနုနိုင်ငံရီးအတွက် အရီးပါလာပါရေ။
င။ လယ်သမား၊ ပိုက်ချသမားနန့် နိခစားလုပ်သား
လူအများစုက ကျေးရွာမာ နီထိုင်ပြီးကေ လယ်ယာ၊ ပိုက်ချ၊ သစ်တောတိ အသီးစားလက်မှုလုပ်ငန်းတိနန့် အသက်မွီးကတ်တေ။ ရခိုင်ကမ်းရိုးတန်းနန့် ကျွန်းတိမာ ပိုက်ချခြင်း၊ ဆားလုပ်ခြင်းနန့် ရီလမ်းသယ်ယူပို့ဆောင်ရီး အရီးပါရေ။ စစ်တွေ၊ ကျောက်ဖြူနန့် တခြားမြို့တိမာ ဆိပ်ကမ်းကုန်ထမ်း၊ လောင်းသမား၊ လက်သမား၊ ဈီးသည်နန့် အငှားသမားလုပ်သားတိရာ ဟိကတ်တေ။
စ။ အမျိုးသမီးတိ
သမိုင်းမှတ်တမ်းတိက အရာဟိနန့် အမျိုးသားဂေါင်းဆောင်တိကို ပိုပြီးကေမှတ်တမ်းတင်ကတ်အတွက်နန့် ရခိုင်အမျိုးသမီးရို့၏ အလုပ်ကို မမြင်ရ လွယ်ပါ၊၊ လက်တွိမာ ရခိုင်အမျိုးသမီးတိစွာ စပါးစိုက်ပျိုးရီး၊ ငါးခြောက်နန့် ငါးပိလုပ်ငန်း၊ ဈီးရောင်းဝယ်ရီး၊ ရက်ကန်း၊ အိမ်မာထုတ်လုပ်မှုနန့် မိသားစုစီးပွားရီးကို ထမ်းထားကတ်တေ။ အခွန်စာရင်းမာ အိမ်ထောင်စုဂေါင်းဆောင်အမျိုးသား၏ နာမည်ရာ ပေါ်နိုင်ကေလေ့ အခွန်ပီးနှိုင်ဖို့ လုပ်အားပီးရသူတိထဲမာ အမျိုးသမီးပါ ပါဝင်ရေ။
ဒေအလွှာတိစွာ သီးသန့်နံရံတိနန့် ခွဲထားခြင်းမဟုတ်။ ရွာသူကြီးတဦးစွာ မြီသျှင်ဖြစ်နှိုင်ရေ။ ကုန်သည်တဦး၏သားက အိန်းဂလိချ်ပညာသင်ပြီး ကေအစိုးရဝန်ထမ်းလည်း ဖြစ်လှာနှိုင်ရေ။ ဆင်းရဲရေ လယ်သမားမိသားစုက သားချေတယောက်စွာ ဘုန်းကြီးကျောင်းမာ ပညာသင်ပြီးကေ ရဟန်းပညာသျှင် ဖြစ်လှာနှိုင်ရေ။ တန်းတူညီမျှရေ အခွင့်အရီးဆိုစွာ အိန်းဂလိချ်က ပီးရေ မသထာရီစာ အဆင့်ရာဟိရေ။
၄။ မြီ၊ ဆန်နန့် စျီးကွက်
ရခိုင်ပြည်၏ စီးပွားရီးအခြီခံမာ စိုက်ပျိုးရီးဖြစ်ပြီးကေ စပါးစွာ အဓိကသီးနှံဖြစ်တေ။ ကုလားတန်၊ လေးမြို့နန့် မယူမြစ်ဝှမ်းတိဟိ မြီပြန့်ဒေသတိမာ စပါးစိုက်ပျိုးကတ်တေ။ တောင်ကုန်းနန့် ဝီးလံရေ ဒေသတိမာ ရွှိပြောင်းတောင်ယာ၊ ဥယျာဉ်ခြံနန့် သစ်တောထွက်ကုန် စုဆောင်းမှုတိ ဟိရေ။ ကမ်းရိုးတန်းနန့် ကျွန်းဒေသတိမာ ပိုက်ချ၊ ဆားနန့် ပင်လယ်ရီကြောင်းလုပ်ငန်းတိ အရီးပါရေ။
စစ်တွေကို ဆန်တင်ပို့ရာ ဆိပ်ကမ်းအဖြစ် တိုးချဲ့လိုက်ရေအခါ စပါးစွာ မိသားစုစားသုံးရေ အစားအစာသာမက စျီးကွက်ကုန်ဝန်ဖြစ်လှာရေ။ မြီသစ်တိ ဖော်ထုတ်ခြင်း၊ လုပ်သားဝင်ရောက်ခြင်းနန့် ကုန်သွယ်ရီးတိုးတက်ခြင်းရို့ ဖြစ်လှာရေ။ ထုတ်လုပ်မှုတိုးခြင်းက ဒေသအထဲ ငွီကြေးလည်ပတ်မှုနန့် အလုပ်အကိုင်ကို တိုးစီကေလေ့ အန္တရာယ်အသစ်တိကိုလေ့ တဖက်က ဖန်တီးရေ။
လယ်သမားတဦးစွာ အခွန်ကို ငွီသားနန့် ပီးရဖို့။ မျိုးစပါး၊ နွား၊ ထွန်ယက်ခနန့် မိသားစုအသုံးစရိတ်အတွက် ငွီလိုရေ။ ရိတ်သိမ်းချိန်မရောက်ခင် ဖေသာချီးရနှိုင်ရေ။ စပါးစျီးကျလားကေ မျှော်လင့်ထားရေ ဝင်ငွီမရပါ၊၊ ရီကြီး၊ မုန်တိုင်း တနည်း သီးနှံပျက်ကေ ဒါဒေါင်တိုးရေ။ မြီကို ပေါင်နှံထားကေ နောက်ဆုံးမာ မြီဆုံးယှုံးရစွာတိ ပိုများလာရေ။
ဒေနီရာမာ စိုက်ပျိုးရီးတိုးတက်မှု နန့် လယ်သမားဘဝတိုးတက်မှု ရို့ အမြဲတမ်း ထပ်တူမဟုတ်ကြောင်း မြင်ရရေ။ ဆန်တင်ပို့မှုကိန်း တက်နိုင်ကေလေ့ အကျိုးအမြတ်အများစုကို ကုန်သည်တိ၊ ဆန်စက်ပိုင်သျှင်တိ၊ သင်္ဘောကုမ္ပဏီတိ၊ ဖေသာချီးသူတိနန့် မြီသျှင်တိရို့ က ရယူလားရေ။ ထုတ်လုပ်သူလယ်သမားက ဒါဒေါင်အောက်မာ ကျန်ရစ်ခရေ။ Ian Brown ၏ ကိုလိုနီခေတ် မြန်မာ့ဆန်စီးပွားရီးဆိုင်ရာ လိလာချက်စွာ စျီးကွက်သို့ အလွန်အကျွံချိတ်ဆက်ထားရေ လယ်သမားတိစွာ ကမ္ဘာ့ဈီးနှုန်းကျဆင်းမှုနန့် ချီးငွီဖွဲ့စည်းပုံရို့ကြောင့် အားနည်းလွယ်ကြောင်း အထူးဖော်ပြရေ။[၃]
၅။ မြီသျှင်နန့် အငှားလယ်သမားကြားက အာဏာ
မြီသျှင်ဆိုရေ စကားလုံးကို ကြားကေ မြီဧက ရာချီပိုင်ရေ လူရတတ်ကိုရာ မြင်မိတတ်ရေ။ လက်တွိမာ မြီပိုင်ဆိုင်မှုပုံစံ အမျိုးမျိုးဟိရေ။ မိသားစုလုပ်အားနန့် ကိုယ့်မြီကို ကိုယ့်စိုက်သူဟိရေ။ မြီတချို့ပိုင်ပြီးကေ တချို့ကို ငှားစိုက်သူတိ ဟိရေ။ မြီအများကြီးပိုင်ပြီးကေ အငှားချထားသူတိ ဟိရေ။ အကြွီးမဆပ်နှိုင်လို့ မြီကို လွှဲပီးနီရေ မြီပိုင်သျှင်တိက ပိုပြီးကေ များနီရေ။
မြီသျှင်နန့် အငှားလယ်သမား ဆက်ဆံရီးမာ စာချုပ်ပေါ်ဟိ ငှားရမ်းမှုတခုရာ မဟုတ်လီ။ မြီငှားခ ဇာလောက်ပီးရဖို့၊ မျိုးစပါးနန့် နွားကို ဇာသူပီးဖို့၊ သီးနှံပျက်ကေ ဇာသူတာဝန်ယူရဖို့၊ အကြွီးအတိုး ဇာလောက်ဖြစ်လီဖို့ရို့ကအစ လယ်သမားမိသားစု၏ သျှင်သန်နိုင်မှုကို ဆုံးဖြတ်ရေ။
အစိုးရ၏ မြီစာရင်းနန့် တရားရုံးစနစ်ကို နားလည်သူက အားသာရေ။ စာချုပ်စာတမ်းဖတ်တတ်သူ၊ အရာဟိနန့် သိကျွမ်းသူ၊ တရားရုံးတက်ဖို့ ငွီကြေးတတ်နိုင်သူက ကိုယ့်ပိုင်ဆိုင်မှုကို ကာကွယ်နှိုင်ရေ။ စာမတတ်ရေ ဆင်းရဲသားတိက ကိုယ့်လက်မှတ် တနည်း လက်ဗွီနန့် စာချုပ်ကို လက်ခံလိုက်ရစွာကိုပင် အပြည့်အဝနားမလည်နိုင်ပါ၊၊ ဥပဒေအရ နှစ်ဖက်တန်းတူလို့ ဆိုကေလေ့ ဥပဒေကို အသုံးပြုနိုင်စွမ်းမာ တန်းတူမဟုတ်ပါ။
မြီသျှင်တချို့က ဒေသခံနိုင်ငံရီးနန့် ဘာသာရီးလုပ်ငန်းတိကို ထောက်ပံ့ခကတ်တေ။ ကျောင်းဆောက်ခြင်း၊ ဘုရားပြုပျင်ခြင်းနန့် ပညာတော်သင်တိကို ကူညီခြင်းရို့ ပြုကတ်တေ။ ယေဒါလေ့ တချို့က အစိုးရနန့် ပူးပေါင်းပြီးကေ အခွန်၊ မြီငှားခနန့် အကြွီးစနစ်ကို အသုံးပြုပြီးကေ ပြည်သူကို ဖိနှိပ်နှိုင်ခရေ။ ယင်းအတွက်နန့် လူတဦးချင်းကို အထောက်အထားမဟိဘဲ အမျိုးသားသစ္စာဖောက် တနည်း ပြည်သူ့ဂေါင်းဆောင် ဟု တဖက်သတ် သတ်မှတ်ခြင်းထက် သူ၏ လုပ်ဆောင်ချက်၊ အကျိုးခံစားမှုနန့် ပြည်သူအပေါ် သက်ရောက်မှုကို သီးသန့်စစ်ဆီးရဖို့ ဖြစ်ပါရေ။
၆။ အာဏာပိုင်၏ မျက်နှာနှစ်ဖက်
ကိုလိုနီအစိုးရ၏ အောက်ခြီယန္တရားစွာ ဒေသခံအမှုထမ်းတိအပေါ် အများကြီးမှီခိုနီရေ။ ဗြိတိသျှအရာဟိတဦးက ရွာတိုင်းသို့ ကိုယ်တိုင်မလားနှိုင်။ ရွာသူကြီး၊ အခွန်ကောက်၊ ပုလိပ်နန့် စာရီးရို့က လူစာရင်းတင်ခြင်း၊ အခွန်တောင်းခြင်း၊ သတင်းပို့ခြင်းနန့် အမိန့်အကောင်အထည်ဖော်ခြင်းရို့ ပြုလုပ်ကတ်တေ။
ဒေကြားခံအာဏာမာ မျက်နှာနှစ်ဖက်ဟိရေ။ ပြည်သူအခြီအနီကို နားလည်ရေ အရာဟိက အခွန်သက်သာခွင့်ပီးခြင်း၊ မတရားမှုဟန့်တားခြင်းနန့် အစိုးရထံ အမှန်တင်ပြခြင်း ပြုနှိုင်ရေ။ အာဏာကို ကိုယ်ကျိုးအတွက် အသုံးချသူက ခြိမ်းခြောက်ခြင်း၊ မတရားသိမ်းခြင်း၊ အပိုငွီတောင်းခြင်းနန့် မကြိုက်သူကို သံသယဟိသူအဖြစ် တင်ပြခြင်းရို့ ပြုနှိုင်ရေ။
၇။ လူခွန် - အသက်ရှင်နိန်ရုံနန့် ပီးရရေ အခွန်
လူခွန်စွာ ရခိုင်ပြည်မာ အရွယ်ရောက်အမျိုးသားတိတိုင်းကို ကောက်ခံရေ capitation tax ဖြစ်တေ။ လူတဦး၏ အမှန်အကန်ဝင်ငွီနန့် ပိုင်ဆိုင်မှုကို တိကျစွာတွက်ချက်ကောက်ခံရေ အခွန်မျိုး မဟုတ်။ သတ်မှတ်အမျိုးအစားအထဲ ပါဝင်ကေ ပီးရရေ ခေါင်းစဥ်အလိုက်အခွန်ဖြစ်တေ။
ယင်းပိုင်အခွန်၏ ပြဿနာစွာ ချမ်းသာသူနန့် ဆင်းရဲသူအပေါ် သက်ရောက်မှု မတူခြင်းဖြစ်တေ။ ငါးကျပ်စွာ ကုန်သည်ကြီးတဦးအတွက် များပြားရေငွီ မဟုတ်။ နိလုပ်နိစားအတွက်တော့ခါ မိသားစုစားဝတ်နီရီးနန့် တိုက်ရိုက်တိုက်ဆိုင်လားရေ ငွီဖြစ်နီရေ။
၁၉၂၇ ခုနှစ် `ဝံသာနုသတင်းစာ` က တချို့ဆင်းရဲသားတိစွာ လူခွန်ငါးကျပ်ကိုပင် ပီးဆောင်နိုင်ဖို့ စုဆောင်းမထားနိုင်ဘဲ နိလုပ်နိခစား၊ ညလုပ်ညစား အလွန်ဆင်းရဲပင်ပန်းခကြောင်း ရီးသားခရေ။ အခွန်မပီးနှိုင်သူတိကို ဝရမ်းနန့် ဖမ်းဆီးခြင်း၊ အရာဟိတိက ခြိမ်းခြောက်တောင်းခံခြင်းနန့် ပုန်ကန်ဖို့ကြိုးစားရေဆိုရေ စွဲချက်တိနန့် ထောင်ချခြင်းတိပါ လုပ်ဆောင်ခကတ်တေ။[၄]
အစိုးရအစီအစာခံစာမာ [ကောက်ခံရငွီ] ဟု ဖော်ပြရေ ကိန်းဂဏန်းတိ၏ နောက်ကွယ်မာ မိသားစုတစု၏ ဆန်ဖိုး၊ အချေဆီးဖိုး၊ နွားစာဖိုး တနည်း ပေါင်နှံခံရရေ အိုးခွက်တစုံ ဟိနှိုင်ရေ။
လူခွန်ဆန့်ကျင်ရီးစွာ ငွီမပီးချင်ခြင်းသတ်သတ် မဟုတ်။ အုပ်ချုပ်ခံရသူတဦးဖြစ်နီရုံနန့် ဇာကြောင့် အခွန်ပီးရလဲ၊ ယင့်အခွန်နန့် ဆောက်လုပ်ရေအရာတိက ကိုယ်ရို့ ဇာလောက်အကျိုးခံစားခွင့်ရလဲ] ဆိုရေ နိုင်ငံရီးမီးခွန်းဖြစ်လှာရေ။ ယင်းအတွက်နန့် ဆရာတော်ဦးဥတ္တမ၏ လူခွန်မပီးရီးဟောပြောမှုစွာ စီးပွားရီးတောင်းဆိုချက်ကို အာဏာဆန့်ကျင်ရီးအသိအဖြစ် နောင်မာ ပြောင်းလဲပီးခြင်းဖြစ်တေ။
၈။ သဿမေဓအခွန် - အိမ်ထောင်စုနန့် ဝင်ငွီကို တိုင်းတာသော အဟောင်းစနစ်
သဿမေဓအခွန်စွာ မူလဗမာမင်းလက်ထက်ကပင် အမျိုးမျိုးသောပုံစံနန့် ဟိခပြီးကေ ကိုလိုနီအစိုးရက အထက်ဗမာပြည်မာ ဆက်ပနာအသုံးပြုခရေ။ အိမ်ထောင်စု တိုင်းကို စီးပွားရီးအခြီအနိန်အလိုက် ခွဲဝီကောက်ခံရေ အခွန်ဖြစ်ကေလေ့ လက်တွိအကဲဖြတ်မှုနန့် ခွဲဝီမှုမာ ဒေသခံအာဏာပိုင်ရို့၏ သြဇာပါဝင်နိန်ရေ။
ရခိုင်ပြည်စွာ အောက်ဗမာပြည်အုပ်ချုပ်ရီးအထဲ ပါဝင်အတွက်နန့် လူခွန်နန့် မြီခွန်ရို့က ပိုပြီးကေတိုက်ရိုက်သက်ဆိုင်ရေ။ အခွန်နှစ်မျိုးလုံးစွာ ပြည်သူ့သဘောတူညီချက်မဟိရေ ကိုလိုနီဘဏ္ဍာရီး၏ သင်္ကေတတိ ဖြစ်လှာအတွက်နန့်ဖြစ်တေ။
၁၉၂၅ နန့် ၁၉၂၆ မင်းတိုင်ပင်ခံအစည်းအဝီးတိမာ လူခွန်နန့် သဿမေဓအစား တခြားအခွန်စနစ်နန့် အစားထိုးနိုင်ခြင်း ဟိမဟိ စနည်းနာဖို့ အဆိုတိချမှတ်ခပြီးကေ Capitation and Thathameda Taxes Enquiry Committee ကို ဖွဲ့စည်းခရေ။ ယင့်ကော်မတီ၏ ၁၉၂၆–၂၇ အစီအစာခံစာစွာ အက်ကျပ်(စစ်တွေ)၊ ကျောက်ဖြူအပါအဝင် ခရိုင်တိ၏ အခွန်၊ ဆန်ထုတ်လုပ်မှု၊ မြီ၊ ဒေသရန်ပုံငွီနန့် အစားထိုးအခွန်အကြံပြုချက်တိကို စုစည်းခရေ။[၅]
[သဿမေဓ၊ လူခွန်တော်ကော်မတီနန့် အစိုးရပြဋ္ဌာန်းချက်] မာ ၁၉၂၆–၂၇ ဘဏ္ဍာနှစ်မာ အခွန်နှစ်ရပ်မှ အသားတင် ၉၆ သိန်းခွဲရဟိပြီးကေ မြို့ရွာအုပ်ချုပ်ရီးအဖွဲ့တိသို့ အစိုးရက ၅၉ သိန်းပီးခကြောင်း၊ ၁၉၂၅–၂၆ မာ ၉၄ သိန်းရဟိပြီးကေ ၄၅ သိန်းခွဲကျော် ပြန်ရခကြောင်း ဖော်ပြထားရေ။ အစိုးရက အခွန်ကို အဂုဖျက်သိမ်းကေ ပြည်နယ်ဘဏ္ဍာထိခိုက်ဖို့၊ ဒေသဆိုင်ရာအဖွဲ့တိကလေ့ ငွီအများကြီးကို အဂုထက် ထိရောက်စွာ မသုံးနှိုင်သိမ့်ဟု အကြောင်းပြခရေ။[၆]
ဒေနီရာမာ အစိုးရ၏ ယုတ္တိကို မြင်နှိုင်ရေ - အခွန်စွာ လမ်း၊ ကျောင်း၊ ဆီးရုံနန့် ဒေသအုပ်ချုပ်ရီးအတွက် လိုရေ။ ယေဒါလေ့ ပြည်သူ့ဘက်က မီးခွန်းမာလေ့သော့ ထင်ရှားရေ - မတတ်နိုင်သူ့ပါးက အားဓမအကျပ်ကောက်ယူပြီးကေ အုပ်ချုပ်ရီးယန္တရားကို ထိန်းထားခြင်းစွာ မျှတပါလား။ ရဟိရေငွီ ဇာလောက် ဒေသခံပြည်သူ့ပါး ပြန်ရောက်လဲ။ ဇာသူက သုံးစွဲဖို့ ဆုံးဖြတ်နီလဲ။
၉။ အခွန်ဝန်ထုပ်စွာ ငွီကြေးတခုတည်း မဟုတ်
အခွန်၏အလီးချိန်ကို ကျပ်ငွီနန့်ရာ မတွက်သင့်ပါ။ အခွန်ပီးဖို့ ရုံးကိုလားရအချိန်၊ အရာဟိကို စောင့်ဆိုင်းနီရရေနိ၊ ဝရမ်းလာရေအခါ မိသားစုခံစားရရေ ကြောက်ရွံ့မှု၊ ထိမ်းသိမ်းခံရမှုနန့် အခွန်ဆပ်ဖို့ယူရရေ အကြွီးအတိုးရို့ကိုပါ ထည့်တွက်ရဖို့။
ရခိုင်ပြည်၏ မြစ်ချောင်း၊ တောင်တန်းနန့် ကျွန်းတိကြောင့် သယ်ယူပို့ဆောင်ရီး ခက်ခဲရေ။ ရွာဝီးက ရုံးစိုက်ရာမြို့ကို ရောက်ဖို့ လောင်းစီးရနှိုင်ရေ။ မိုးခါသားမာ ခရီးပျက်နှိုင်ရေ။ ရုံးလားရေနိစွာ လယ်မဆင်းနှိုင်ရေနိဖြစ်ပြီးကေ နိခစားသမားအတွက် ဝင်ငွီမရရေနိဖြစ်တေ။ ယင်းအတွက်နန့် စာရင်းထဲက ငါးကျပ်စွာ လက်တွိမာ ငါးကျပ်ထက် ပိုတန်ဖိုးကြီးနှိုင်ရေ။
၁၀။ ဆင်းရဲသားပြည်သူ နိစိုင်ဘဝ
ကိုလိုနီခေတ်ဆင်းရဲမှုကို ကိန်းဂဏန်းနန့် အပြည့်အဝဖော်ပြဖို့ ခက်ရေ။ ဆင်းရဲသားတဦး၏ ဘဝမာ ငွီဝင်ငွီ နည်းခြင်းတခုတည်း မဟုတ်ဘဲ အန္တရာယ်တခုကျရောက်ကေ ပြန်ပနာထူထောင်နှိုင်ရေ အရံအင်အားမဟိခြင်းက ပိုအရီးကြီးရေ။
လယ်သမားမိသားစုတစုမာ နွားတကောင်သီလားကေရင် နောက်ရာသီထွန်ယက်ရီး ပျက်နှိုင်ရေ။ ပိုက်ချသမား၏ လောင်းပျက်ကေ ဝင်ငွီရပ်လားရေ။ မိသားစုဝင်တဦး ဖျားနာကေ ဆီးဖိုးအတွက် အကြွီးယူရရေ။ မုန်တိုင်းကျကေ အိမ်၊ လောင်းနန့် သီးနှံ အားလုံးတပြိုင်တည်း ဆုံးယှုံးနှိုင်ရေ။ အစိုးရက အခွန်သက်သာခွင့် ထုတ်ပြန်ထားကေလေ့ အောက်ခြီအရာဟိထံ ရောက်ဟိမှုနန့် လက်တွိအကောင်အထည်ဖော်မှု မသေချာပါ၊၊
မိသားစု၏ ရှင်သန်ရီးမာ အိမ်ထောင်စုဝင်အားလုံး၏ အလုပ်ပေါ် မှီခိုရေ။ အမျိုးသမီးတိက လယ်ကူ၊ ဈီးရောင်း၊ ရက်ကန်းနန့် အစားအစာပြုပျင်ထုတ်လုပ်ကတ်တေ။ အချေတိက နွားကျောင်း၊ ရီခပ်၊ ပိုက်ချနန့် မိသားစုလုပ်ငန်း ကူညီကတ်တေ။ ယင့်အခြီအနိန်မာ ကျောင်းတက်ခြင်းစွာ အခမဲ့ဖြစ်နိန်ကေပင် အခမဲ့မဟုတ်လီ။ အချေ၏ လုပ်အားဆုံးယှုံးမှု၊ စာအုပ်၊ အဝတ်နန့် ခရီးစရိတ်ရို့ ဟိရေ။
ပြည်သူစွာ ကိုလိုနီအစိုးရ၏ အုပ်ချုပ်မူကို ဇာလောက်ပင်တားနိုင်ဖို့လဲ။ ရုံးသစ်တည်ခြင်း၊ လမ်းဖောက်ခြင်းနန့် ကုန်သွယ်မှုတိုးခြင်းရို့ကို အစိုးရက တိုးတက်မှုဟု ပြနှိုင်ရေ။ ဆင်းရဲသားကမူ ကိုယ့်ဘဝ ပိုလုံခြုံလား၊ အခွန်ပီးပြီးကေ စားဖို့ကျန်လား၊ မတရားခံရကေ တရားမျှတမှုရနိုင်လား ဆိုပနာ တိုင်းတာရရေ။ ရခိုင်ပြည်လိုနီခေတ်ကို လူကုံထံတိက ရခိုင်ပြည်ရွှေခေတ်လို့ သတ်မှတ်ကတ်တေ၊ ဆင်းရဲသားတိအတွက် ကိုလိုနီခေတ်စွာ ငရဲခေတ်သာသာရာဟိပါရေ၊ နှစ်ဖက်၏ တိုးတက်မှုအဓိပ္ပာယ် မတူရေအခါ မကျီနပ်မှုက နိုင်ငံရီးဖြစ်လှာရေ။
ပညာရီးတန်းခါး ပွင့်လာကေလေ့ လူတိုင်းမဝင်နိုင်
ကိုလိုနီခေတ်မာ ပညာရီးစနစ်တခုတည်း မဟုတ်ပါ။ ဘုန်းကြီးကျောင်းပညာရီး၊ အစိုးရကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အမျိုးသားကျောင်းနန့် ပုဂ္ဂလိကသင်ကြားမှုရို့ တတူတည်ဟိရေ။
ဘုန်းကြီးကျောင်းတိက အချေတိအား အခြီခံစာရီးစာဖတ်၊ ဘာသာရီးနန့် ယိုင်ကျေးမှု သင်ပီးကတ်တေ။ ယေဒါလေ့ အိန်းဂလိချ်အစိုးရရုံး၊ ဥပဒေ၊ ဆီးပညာနန့် အဆင့်မြင့်အလုပ်အကိုင်တိသို့ ဝင်ဖို့ အိန်းဂလိချ်စာနန့် လက်မှတ်ရကျောင်းပညာ လိုလာရေ။ ထိုအချိန်မှစပြီးကေ ပညာရီးစွာ အသိပညာ ရဟိရီးတခုတည်း မဟုတ်ဘဲ လူမှုအဆင့်တက်ဖို့ ဖြစ်လှာရေ။
ယင့်လှီကား၏ ပထမထစ်ကို လူတိုင်း မရောက်နှိုင်ပါ။
- မြို့ထက်မာ ကျောင်းဟိကေလေ့ ဝီးလံရေရွာမာ မဟိနှိုင်ရေ။
- မူလတန်းတက်နိုင်ကေလေ့ အလယ်တန်းနန့် အထက်တန်းအတွက် စစ်တွေသို့ ပြောင်းနိန်ရနှိုင်ရေ။
- ကျောင်းလခတတ်နိုင်ကေလေ့ နီထိုင်စားသောက်စရိတ် မတတ်နိုင်ပါ၊၊
- သားယောက်ျား၏ ပညာရီးကို ဦးစားပီးပြီး သမီးမာ့မချေ၏ ပညာရီးကို နောက်မှထားနှိုင်ရေ။
- အိန်းဂလိချ်စာကောင်းသူကို ရုံးအလုပ်တန်းခါးဖွင့်ပီးကေလေ့ ဒေသခံဘာသာနန့် ရိုးရာပညာကို အောက်တန်းကျသယောင် ဖြစ်နီစီရေ။
အဆင့်မြင့်ပညာရီးရသူစွာ ကကောင်းနည်းပါးရေ။ ကိုလိုနီခေတ်အစောပိုင်း တက္ကသိုလ်ကျောင်းသားတိစွာ တနိုင်ငံလုံးအတိုင်းအတာနန့်ပင် လူနည်းစုအထက်တန်းလွှာရာ ဖြစ်ကြောင်း ပညာရီးသမိုင်းလိလာချက်တိက ဖော်ပြရေ။[၈] ရခိုင်လူငယ်တဦးအတွက် ရန်ကုန် တနည်း ကာလကတ္တားအထိ လားရောက်ပညာသင်ဖို့ မိသားစုငွီကြေး၊ ထောက်ပံ့သူနန့် လူမှုကွန်ရက် လိုရေ။
၁၁။ ရခိုင်ပညာတတ်လူတန်းစားသစ်
မြန်မာပြည်မာ ကိုလိုနီပညာကို ပထမဆုံးသင်ကြားခွင့် ရခအတွက် အကန့်အသတ်တိကြားမှာပင် ရခိုင်ပညာတတ်လူတန်းစားတရပ် ပေါ်ပေါက်လာရေ။ ဆရာဝန်၊ ကျောင်းဆရာ၊ အစိုးရဝန်ထမ်း၊ သတင်းစာဆရာနန့် ဘာသာရီးပညာသျှင်တိ ထွက်ပေါ်လှာကတ်တေ။ အိန်းဂလိချ်ဥပဒေကို နားလည်သူတိက တရားရုံးမာ ဝင်ရောက်ဆောင်ရွက်နှိုင်ကတ်ရေ။ အိန်းဂလိချ်စာဖတ်နိုင်သူတိက အိန္ဒိယ၊ ဂျပန်နန့် ဥရောပနိုင်ငံရီးသတင်းတိကို သိဟိလာကတ်တေ။ ပုံနှိပ်မီဒီယာကတဆင့် ဒေသတခု၏ ပြဿနာကို တနိုင်ငံလုံးသို့ တင်ပြနိူင်လာရေ။
ရခိုင်ပညာတတ်တိနန့် နိုင်ငံရီးဆက်နွယ်သူတိထဲမာ ဦးမေအောင်၊ ဦးစိန်လှအောင်၊ ဦးဘစီ၊ ဦးကျော်ဦး၊ ဦးထွန်းအောင်ကျော်နန့် ရို့ပိုင်တခြား ပုဂ္ဂိုလ်တိ အများကြီးပါဝင်လာရေ။ ပညာတတ်တဦး၏ အခက်အခဲမာ အိန်းဂလိချ်စာတတ်လာခြင်းနန့်တတူ အစိုးရစနစ်အထဲ နီရာရနိုင်ကေလေ့ ယင်းစနစ်ကို ဝေဖန်ကေ အလုပ်၊ ဂုဏ်သိက္ခာနန့် လွတ်လပ်ခွင့် ဆုံးယှုံးနိုင်ခြင်းဖြစ်တေ။ တရားဥပဒေကို သင်ယူထားသူက ဥပဒေနန့် မတရားမှုကို ဟန့်တားလိုကေလေ့ နောက်ဆုံးဆုံးဖြတ်သူမာ ကိုလိုနီအာဏာဖြစ်နီရေ။ သတင်းစာဆရာက အမှန်ရီးလိုကေလေ့ စာပီစိစစ်ရီး၊ အသရေဖျက်မှုနန့် နိုင်ငံတော်အကြည်ညိုပျက်စီမှုရို့ကို ရင်ဆိုင်ရရေ။ ဆရာက အမျိုးသားစိတ်ဓာတ်သင်ပီးလိုကေလေ့ အစိုးရသင်ရိုးနန့် စစ်ဆီးမှုအောက်မာ ဟိရေ။
ယင်းအတွက်နန့် ရခိုင်ပညာတတ်တိ၏ ဘဝစွာ အခွင့်အရီးနန့် အကန့်အသတ်ရို့ တွဲနီရေဘဝဖြစ်တေ။ ကိုလိုနီပညာရီးက သူရို့ကို စကားပြောနှိုင်ရေ ဘာသာစကား ပီးရေ။ ကိုလိုနီအုပ်ချုပ်ရီးက ဇာလောက်အထိ ပြောခွင့်ဟိစွာကို ကန့်သတ်ရေ။
အဆင့်မြင့်အလုပ်အကိုင် နည်းပါးရေခေတ်မာ အစိုးရအလုပ်စွာ လစာ၊ လူမှုဂုဏ်သိက္ခာနန့် မိသားစုတိုးတက်ရီးလမ်း ဖြစ်တေ။ တချို့က စနစ်အထဲက ပြည်သူကို ကူညီနှိုင်ဖို့ဟု ယုံကြည်ကတ်တေ။ တချို့က ရာထူးနန့် ကိုယ်ကျိုးကို ဦးစားပီးကတ်တေ။ တချို့မာ အမိန့်အတိုင်းဆောင်ရွက်ရင်း ကိုယ်တိုင် မလိုလားသော ဖိနှိပ်မှုမာ ပါဝင်မိနီကတ်တေ။ ယင်းပိုင်နန့် ရခိုင်ပြည်စွာ အာဏာဟိလာသူက အာဏာရသထက်ရလာပြီးကေ ဆင်းရဲသားတိက မွဲသထက် ဆယ်ဆမွဲ စနစ်ကိ သက်သက်လာနီရေ၊ ယင်းကာလ မာ အချက်အချာကျရေ စစ်တွေမြို့မာ ဆရာတော်ကို မွီးဖွားလာခရေ၊
၁၂။ ရခိုင်ပြည်က ဆရာတော်အား ပီးခရေ သင်ခန်းစာ
ဆရာတော်ဦးဥတ္တမ၏ အတွေးအခေါ်ကို ဂျပန်၊ အိန္ဒိယနန့် ဥရောပခရီးတိက ဖန်တီးပီးခရေလို့ မဆိုနှိုင်ပါ။ ယင်းခရီးတိ မစတင်မီကပင် ရခိုင်ပြည်၏ သမိုင်းနန့် လူမှုဘဝက သူ့အတွေးထဲမာ မီးခွန်းတိ ထည့်ပီးထားပြီးသား ဖြစ်လီပါဖို့။
သူမွီးဖွားရာ စစ်တွေစွာ တိုးတက်လာရေ ဆိပ်ကမ်းမြို့ ကိုလိုနီရုံးစိုက်ရာမြို့ဖြစ်တေ။ လူမျိုးနန့် ဘာသာစုံ တွိဆုံရာနီရာဖြစ်ပိုင် အာဏာနန့် ဆင်းရဲမှု ကွာဟချက် ထင်ရှားရာနီရာဖြစ်တေ။ အိန်းဂလိချ်ပညာက ကမ္ဘာသို့ တန်းခါးဖွင့်ပီးကေလေ့ ယင့်တန်းခါး၏ သော့ကို လူနည်းစုရာ ကိုင်ထားရေ။ အစိုးရက ဥပဒေဟိရေလို့ ဆိုကေလေ့ ဆင်းရဲသားက ဥပဒေကို အသုံးချဖို့ အင်အားမဟိ။
ရခိုင်ပြည်၏ အတိတ်မာ ကိုယ်ပိုင်နိုင်ငံနန့် မင်းဆက်ဟိခရေဆိုရေ မှတ်ဉာဏ်တိ ဟိရေ။ ပစ္စုပ္ပန်မာ တခြားနိုင်ငံ၏ အုပ်ချုပ်ခံပြည်နယ် ဖြစ်နီရေ။ ယင့်အတိတ်နန့် ပစ္စုပ္ပန်ကြား ကွာဟချက်က ဇာတိဂုဏ်မာနကို နိုင်ငံရီးမီးခွန်းအဖြစ် ပြောင်းပီးနှိုင်ရေ။
အကိုးအကားစာရင်း
[၁] အသျှင်ဣန္ဒဝံသ-[အင်္ဂလိပ်အစိုးရအုပ်ချုပ်ရေးကာလ ရခိုင်ပြည်လူဦးရေ]
[၂] Leider, Jacques P. [The Chittagonians in Colonial Arakan: Seasonal and Settlement Migrations.] ၂၀၂၀။
[၃] Brown, Ian. A Colonial Economy in Crisis: Burma’s Rice Cultivators and the World Depression of the 1930s. London: RoutledgeCurzon, 2005.
[၄] ဝံသာနုသတင်းစာ -[လူခွန် စသောအခွန်တော်များကို ကင်းလွတ်ခွင့်ပေးခဲ့သော အရေးပိုင် (ဒေဝီဇံ) မြထွန်းအောင်
[၅] Government of Burma, Capitation and Thathameda Taxes Enquiry Committee. Report of the Capitation and Thathameda Taxes Enquiry Committee, 1926–27. Rangoon: Superintendent, Government Printing and Stationery; digitized edition listed as 1949, 63 pages.
[၆] အသျှင်ဣန္ဒဝံသ -ဦးဥတ္တမနှင့် အိန္ဒိယပြည်([လူခွန်တော်နှင့် သဿမေဓအခွန်တော်ကော်မတီ ခန့်ထားခြင်း])
[၇] ပြည်သူ့ခေတ်`၊ ၂၀၁၃ ဖေဖော်ဝါရီ၊ အတွဲ ၃၊ အမှတ် ၁၃၅
[၈] Lall, Marie, and related contributors. [Education, Politics, and Identity in Burma/Myanmar: A Brief Overview.] In Education, Politics and Identity in Myanmar. IRASEC/OpenEdition Books.
[၉] အသျှင်ဣန္ဒဝံသ -[ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ပေါ်ပေါက်လာပုံ]
[၁၀] တေဇအောင် - [ဟုမ္မရူး မဂ္ဂဒီပနီ]
[၁၁] အသျှင်ဣန္ဒဝံသ - [အစိုးရ၏တရားလိုဘက်မှ မစ္စတာလိက ပြန်လှန်လျှောက်လဲချက်]
💬 မှတ်ချက်တိ (0)