ငါးခုံးမတကောင်ကြောင့် တလောင်းလုံးပုပ်
– ဒေနိခေတ်မာ ဒေပိုင်တွေးဖို့ သင့်သိမ့်ယင့်လား?
"ငါးခုံးမတကောင်ကြောင့် တလောင်းလုံးပုပ်" ဆိုစွာ ရခိုင်စကားပုံ တခု ဖြစ်ပါရေ။
လောင်းတစင်းထက်မာ ပါလာရေ ငါးတိထဲက ငါးခုံးမတကောင်တည်း ပုပ်ရုံနန့်တင် တလောင်းလုံးမာဟိရေ အရာငါးကောင်းတိကိုပါ အနံ့အသက်ဆိုးတိ ကူးစက်ပြီး ပုပ်သိုးပျက်စီးလှားစီ ပိုင် ထင်မြင်ရယောင် အမြင်ကိုလှည့်စားစီရေ စကားပုံ တစ်ခုဖြစ်ပါရေ။ လူ့အဖွဲ့အစည်း၊ မိသားစု တနည်း အဖွဲ့အစည်းတခုခုမာ မကောင်းရေလူတယောက် (တနည်း) အကျင့်ပျက်ခြစားသူတယောက်ကြောင့် ကျန်ရေလူကောင်းတိပါ နာမည်ပျက်ရခြင်း၊ အဖွဲ့အစည်းတခုလုံး သိက္ခာကျဆင်းပြီး ပျက်စီးရခြင်းကို ဆိုချင်စွာ ဖြစ်ပါရေ။
ယေဒါလေ့ ဧနိခေတ်မာတော့ခါ ဒေအယူအဆနန့် ပတ်သက်လို့ ရှုဒေါင့်အသီးသီးကနိန် အကျယ်တဝန့် ပြန်ပနာသုံးသပ်ကြည့်ဖို့ လိုအပ်လာပါရေ။
၁။ ပိုက်ချသမားတိဧ့ လက်တွိ့အတွိအကြုံ (Empirical Viewpoint)
ပိုက်ချသမားတိဧ့ လက်တွိ့အတွိအကြုံအရတော့ ငါးပုပ်တကောင် ပါလာရုံနန့် ကျန်ရေငါးတိ အဂု ချက်ချင်းလိုက်မပုပ်နှိုင်ပါ။
ရီခဲစိမ်စွာ၊ ဆားနယ်စွာ တနည်း ပုပ်ရေ ငါးကို စောစောစီးစီး ရှာဖွီပြီး ဖယ်ထုတ်လိုက်ကေ ကျန်ရေငါးတိက သသန့်ရှယှင်းနန့် ကကောင်း သုံးဆောင်လို့ ရနီတုန်း ဖြစ်ပါရေ။
ဒေလက်တွိ့အချက်က ဇာကိုပြနီလဲဆိုကေ အဆိုးတခုနန့် ကြုံရတေအခါ "အားနုန်း ပျက်စီးလှားရာ" ဆိုပြီး လက်မှိုင်ချလိုက်ဖို့ မဟုတ်ဘဲ အချိန်မီ ပြုပျင်ကုစားစွာ၊ သီးသန့်ခွဲထုတ်စွာမျိုး လုပ်ဆောင်နှိုင်ကေ ပိုပြီးကေ ကာကွယ်နိုင်ရေ ဆိုစွာပါရာ။
၂။ နာမည်ဖျက်ခြင်းနန့် တထပ်တည်း သတ်မှတ်ခြင်း (Stereotyping)
လူတိစွာ အဖွဲ့အစည်းတခုက လူတယောက် မကောင်းစွာနန့် ကျန်ရေလူကောင်းတိကိုပါ သိမ်းကျုံးပြီး မကောင်းပါလို့ သတ်မှတ်တတ်ကတ်ပါရေ။
နမူနာ - နိုင်ငံတစ်ခုမာ နိုင်ငံသားတယောက် အဂတိလိုက်စားစွာနန့် "ဒေနိုင်ငံက လူတိ အားနုန်း ဒေပိုင်ဂျေးရာ" လို့ ပြောတတ်ကတ်ခြင်းစွာ ကျန်ရေလူကောင်းတိအပေါ် မတရား စီရင်ချက်ချခြင်း (Unfair Judgment) ဖြစ်ပါရေ။
ဒေပိုင် စီရင်ချက်ချမှုတိစွာ နိုင်ငံတွင်းမာ ကြိုးစားလုပ်ကိုင်နီလတ် လူကောင်းတိ၏ စိတ်ဓာတ်ကို ကျဆင်းစီပါရေ။ ခြီမမကောင်းကေ ခြီမရာ ဖြစ်သင့်ပြီးကေ လက်မကောင်းက လက်မရာဖြစ်သင့်ရေ။
၃။ အကောင်းတိ၏ တန်ဖိုးကို မိန့်လျော့ခြင်း (Focusing on the Negatives)
ဒေစကားပုံစွာ အဆိုးမြင်ဝါဒကို ပိုလို့ အလီးပီးထားပါရေ။ အမှန်က တလောင်းလုံးမာ ငါးကောင်းတိ တဗျင်း ဟိနီပါသိမ့်ရေ။
ငါးပုပ်တကောင်ကြောင့်နန့် ကျန်ရေ ငါးကောင်းတိ၏ တန်ဖိုးကို လုံးဝ လျစ်လျူရှုမပစ်သင့်။
အဆိုးစိကေချေကြောင့် အကောင်းအမြောက်အမြားကို ဖျက်ဆီးပစ်စွာမျိုး မဖြစ်ယောင် အပြုသဘောဆောင်ရေ သန့်စင်မှု (Purification) ကို အာရုံစိုက်သင့်ရေ။
၄။ အစုအဖွဲ့လိုက် အပြစ်ပီးခြင်း၏ မတရားမှု (Collective Punishment)
ဥပဒေကြောင်းအရ ပြစ်မှုကျူးလွန်သူကိုရာ အပြစ်ပီးရဖို့ ဖြစ်ပြီးကေ၊ လောင်းထက်ပါလာလတ် တေ ကျန်ရေငါးကောင်းတိကိုပါ ပစ်ပယ်လိုက်ခြင်းစွာ တရားမျှတမှု မဟိပါ။
ခေတ်အဆက်ဆက် သမိုင်းတိမာ လူတယောက်၊ အုပ်စုတစု၏ အမှားကြောင့် မြို့ရွာတိကို မီးတိုက်ပစ်စွာ၊ မိသားစုတိကို ဓားစာခံလုပ်စွာမျိုးစွာ ဒေစကားပုံ၏ အဆိုးဆုံး လက္ခဏာရပ် ဖြစ်ပါရေ။
ဆွီ ၇ဆက် မျိုး၇ ဆက် သတ်စီဆိုရေ ရက်စက်ရေ ပြစ်ဒါဏ်တိလည်း ဂုဏ်ယူစရာအဖြစ် စွဲထင်မှတ်လားစီရေ စကားပုံမျိုးဖြစ်ပါရေ။
ယင့်ချင့်ကြောင့် ဒေစကားပုံစွာ "လူ့အခွင့်အရီးနန့် တဦးချင်း တာဝန်ယူမှု (Individual Responsibility)" ကို မျက်ကွယ်ပြုထားရေ အမြင်ဟောင်း ဖြစ်တေလို့ ဝေဖန်နှိုင်ပါရေ။
၅။ အဆိုးမြင်စိတ်၏ ဆွဲငင်အား (Negativity Bias)
လူတိဧ့ ဦးဏှောက်စွာ အကောင်းတရား အခုတရာဟိနီကေတောင် အဆိုးတရား တခုတည်းကိုရာ ပိုလို့ အာရုံစိုက်၊ မှတ်မိနီတတ်ရေ သဘာဝ (Negativity Bias) ဟိပါရေ။
လောင်းထက်မာ ငါးကောင်းတိ ရာနန့်ချီ ဟိနီစွာကို မမြင်ဘဲ ပုပ်နီလတ် ငါးခုံးမတကောင်တည်းကိုရာ မြင်ပြီး တလောင်းလုံးကို အပုပ်လို့ သတ်မှတ်လိုက်ခြင်းစွာ လူတိဧ့ "မှားရေ တွေးခေါ်မှုပုံစံ" ကို ဖော်ပြနီစွာ ဖြစ်ပါရေ။
နိဂုံးချုပ်
အနှစ်ချုပ်ရကေတော့ "ငါးခုံးမတကောင်ကြောင့် တလောင်းလုံးပုပ်" ဆိုရေ စကားပုံစွာ ဘဝလမ်းညွန်အသိပီးချက်တခုအနိန်နန့် အသုံးဝင်နိုင်ကေလေ့သော့၊ ဧနိခေတ် လူ့အဖွဲ့အစည်းနန့် အဖွဲ့အစည်း စီမံခန့်ခွဲမှုတိမာတော့ခါ လူတယောက်၏ အမှားကြောင့် အများပေါ် အပြစ်လွှဲချစွာ၊ စနစ်၏ အားနည်းချက်ကို ဖုံးကွယ်စွာနန့် အများအမြင်တိကို လျစ်လျူရှုစွာမျိုး မဖြစ်ယောင် အသိတရားနန့် နိူင်းပြီး ဝေဖန်ပိုင်းခြား သုံးသပ်ကတ်ဖို့ လိုအပ်ပါရေ။
💬 မှတ်ချက်တိ (0)