ဖွင့်ဆိုချက်
ဖီလိုဆိုဖီ(Philosophy) ကိုမြန်မာလို “ဒဿနိကဘေဒ” ဟု ခေါ်ကြပါသည်။ သူ၏ မူရင်းစကားလုံးမှာ ဂရိဘာသာစကားဖြစ်ပြီး
Phílo (Love) sophía (wisdom) စကားလုံးနှစ်လုံး ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အဓိပ္ပါယ်မှာ “အသိဉာဏ်ပညာကို ချစ်မြတ်နိုးခြင်း” ဟုမှတ်ယူနိုင်သည်။
တနည်းအားဖြင့် (ဖီလို-မြတ်နိုးခြင်း၊ ဆိုဖီယာ-အသိပညာ) အဓိပ္ပါယ်မှာ အသိပညာကို မြတ်နိုးခြင်း၊ လေ့လာလိုက်စား အပတ်တကုတ်ရှာဖွေသိမ်းဆည်းခြင်းဟု စကားလုံးအဓိပ္ပါယ်ရသည်။
ကျယ်ပြန်သော အဓိပ္ပါယ်မှာ လောကအတွင်းရှိ အရာဝတ္ထုတို့၏ သဘာဝတ္ထအနေအထားများကို ခြုံ၍တမျိုး အနုစိတ်တဖုံ လေ့လာ၍ နားလည်အောင် ကြိုစားခြင်းသည် ဖီလိုဆိုဖီမည်၏။
ယင်းအသုံးအနှုန်းကို ရှေးခေတ် ဂရိအတွေးခေါ်ပညာရှင် ပိုက်သဂိုးရပ်စ် (သင်္ချာဘာသာရပ်တီထွင်သူ) မှ စတင်ခေါ်ဝေါ သုံးစွဲခဲ့သည်ဟုသိရသည်။
ကောင်းကင်ကို မော်ကြည့်လျှင် မရေတွက်နိုင်သော ကြယ်များ၊ နက္ခတ်များ၊ ဂြိုလ်များ၊ စကြာဝဠာအနန္တ ဒါတွေဘယ်လိုစတင်ခဲ့တာလဲ၊ ဘယ်လောက်များလဲ။
မြေကြီးကို ငုံကြည့်လိုက်လျှင် မရေတွက်နိုင်သောပင်လယ်တွေ၊ တောတောင်တွေ ကုန်းနေရေနေသတ္တဝါတွေ ဒါတွေဘယ်က ဖြစ်တာလဲ၊ဘယ်လို ဖြစ်တာလဲ။
ကိုယ်ကို ပြင်ကြည့်လျင်လည်း လူသားဘဝ၏ အနက်အဓိပ္ပါယ်က ဘာလဲ စသည်ဖြင့် အံ့သြမူများစွာနှင့် မေးခွန်းများပေါ်လာမည်မှ မုချပင်။ ဤမေးခွန်းများသည် ဖီလိုဆိုဖီ၏ အစဟုဆိုကြသည်။
ဖီလိုဆိုဖီသည် ရှိနေပြီးဖြစ်သော ပတ်ဝန်းကျင်လောက၏ ခမ်းနားကြီးကျယ်သော အရှိတရားအပေါ် အံ့သြခြင်းဖြစ်လျက် ပေါ်ပေါက်လာသော မေးခွန်းများကို ဖြေရှင်းရန် ကြိုးစားရမှ စတင်ခဲ့သည် ဟုလည်းဆိုနိုင်သည်။
ဆိုဖစ်များ
ဆိုကရေးတီးမတိုင်မှီ တွေးခေါ်ပညာရှင် အများစုကို Sophists (ဆိုဖစ်များ) ဟုသုံးနှုန်းကြသည်။ ယင်းသည်ပညာရှိကြီးများဟု အဓိပ္ပါယ်ရသည်။ထိုဆိုဖစ်များသည် နယ်တကာလှည့်ပြီး မင်းညီမင်းသားများ၊ သူဌေးသားများတို့ကို အခကြေးငွေယူ၍ မင်းကျင့်တရားများ၊ အုပ်ချူပ်ရေးနည်းစနစ်များ၊ တိုက်ခိုက်ရေးနည်းစနစ်များကို သင်ကြားပေးကြရသည်။ အရှေ့ပိုင်းဒေသတွင် သုံးနှုန်းသော ပုရောဟိတ်ကြီးများနဲ့ သဘောတရားတူညီကြပါသည်။
လူငယ်လူရွယ်များသည် အခကြေးငွေပေးပြီး ဆိုဖစ်များထံတွင် အနီးနေတပည့်အဖြစ် နှစ်လရှည်ကြာ ပညာသင်ကြားကြရသည်။
ဆိုဖစ်များသည် စကြာဝဠာ၏ အခြေခံ အရှိတရား သဘာဝကို ရှာဖွေခဲ့ကြသည်။
စကြာဝဠာ၏ မူလဘူတတရားမှာ ရေဓာတ်ဖြစ်သည်။(သေးလ်စ်)
အနန္တဓမ္မတရားဖြစ်သည်။(အနက်ဇီမန်းဒါ)
လေဓာတ်ဖြစ်သည်။(အနက်ဇီမင်းနီးစ်)
မီးဓာတ်ဖြစ်သည်။(ဟေရာကလိုက်တပ်စ်)
တစ်လုံးတစ်ဝတည်းရှိနေသော နစ္စဓူဝ-အရှိတရားဖြစ်သည်။(ပါမင်နိဒိစ်)
ရုပ်အဏုမြူများဖြစ်သည်။(ဒီမိုကရိုက်တပ်စ်)
ဆွဲခြင်း၊တွန်းခြင်း ချစ်ခြင်းမုန်းခြင်း အားဖြင့် ဖြစ်သည်။(အင်ပိဒေါကလိစ်)
နူးစ်ဟုခေါ်သော နာမ်ဝိဉာဉ်တရားများဖြစ်သည်။(အနက်ဆာဂေါရပ်စ်) စသည်ဖြင့် ကိုယ့်ရူဒေါင့် ကိုယ်အမြင်အသီးအသီးဖြင့် ဖော်ထုတ်ခဲ့ကြသောကြောင့် သံသယဝါဒီများ ကြီးစိုးလာခဲ့သည်။ လူတိုင်းတွင် အမြင်ကိုယ်စီရှိကြသောကြောင့် ပုဂ္ဂလဒီဌာန်ဖြင့် လူတို့သည် အမှန်တရားကို မသိနိုင်၊ မိမိ၏ ယူဆချက်သည် မိမိ၏ အမှန်တရား ဖြစ်သည်ဟုယူဆလာကြသည်။ ယင်းအယူအဆများကို တွန်းလှန်ရန် အမှန်တရားအစစ်အမှန်ကို ရှာဖွေဖို့အတွက် နည်းလမ်းတစ်ခုကို ဆိုကရေးတီ ရှာဖွေခဲ့သည်။ ဆိုကရေးတီး ရှာဖွေခဲ့သောနည်းမှာ အပြန်အလှန်ဆွေးနွေးအဖြေရှာသောနည်း ဖြစ်ပြီး သိလိုသော မေးခွန်း၏ အဖြေများကို ဆန့်ကျင်ဘက် ဥဒါဟရုဏ် များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပြီး မဖြစ်နိုင်သော ပိုနေသော အနက်ဖွင့်ဆိုမူများကို ဖယ်ရှားထုတ်ကြည့်သောနည်း ဖြစ်သည်။
ဆိုကရေးတီးလက်ထက်တွင် ဖီလိုဆိုဖီဟူသော အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းလာကြသည်။
ဆိုကရေးတီးသည် လူကျင့်ဝတ်နှင့် လူသားတစ်ယောက်၏ တန်ဖိုး၊ လူတိုင်းတန်းတူအခွင့်အရေးစတဲ့ ဟောပြောပို့ချမူများကြောင့် အနောက်တိုင်းဒေသတွင် ဖီလိုဆိုဖာ၏ ဖခင်ကြီးဟုလူသိများသည်။ သူ၏ဒဿနအယူအဆဟောင်းများကို ၂၁ရာစု ဖီလိုဆိုဖာများအထိ မှီငြမ်းကိုးကား၊ ဆင့်ပွားတွေးနေကြဆဲဖြစ်သည်။ သို့သော်သူသည် သူ၏အယူအဆများကို စာပေအဖြစ်သို့ မှတ်တမ်းမတင်ထားခဲ့ပေ။ သူ၏တပည့် ပလေတိုမှ ထပ်မံဖော်ထုတ်ခဲ့မူကြောင့် သူ၏အယူအဆများ ယနေ့ထက်တိုင်အောင် ထင်ကျန်နေနိုင်ခြင်း ဟုဆိုနိုင်သည်။ ပလေတိုသည် လူငယ်တိုင်း ဖီလိုဆိုဖီပညာရပ်များကို သင်ကြားခွင့်ရရှိအောင် “အဆင့်မြင့်ပညာသင်အကယ်ဒမီကျောင်း” ကို စတင်တည်ထောင်ခဲ့ပါသည်။ ပလေတို၏ ပညာအမွေကို ဆက်ခံခဲ့သော အရစ္စတိုတယ်လ်လက်ထက်တွင် ဂရိဖီလိုဆိုဖီသည် အထွတ်အထိတ်သို့ရောက်ခဲ့သည်။ ယင်းကာလမှစတင်ကာ ဖီလိုဆိုဖီပညာရပ်သည် ပေါ်လာလိုက် ပေါက်သွားလိုက်ဖြင့် အနောက်တိုင်းဒေသတစ်ခုလုံးကို ပြန့်နှံ့လာခဲ့သည်။ ထို့ကြောင့် အနောက်တိုင်းဖီလိုဆိုဖီဟု လက်ရှိသိကြသည်။ ၁၈ ရာစုလောက်တွင် အနောက်တိုင်းဖီလိုဆိုဖီသည် အရှေ့ပိုင်းဒေသထိ ထပ်မံဖြန့်ထွက်လာခဲ့သည်။
သို့သော်လည်း အရှေ့ပိုင်းဒေသ အိန္ဒိယတွင် ရှေးရို ဟိန္ဒူ ဝေဒပညာရပ်သည် ၂ရာစုကတည်းကပင် ရှိနှင့်ပြီးသားဖြစ်သည်။ အနောက်တိုင်းဆိုဖစ်များလေ့လာခဲ့သော ဓာတ်သဘော၊ စကြာဝဠာသဘော၊ ရုပ်နာမ်သဘော၊ ကိုယ်ကျင့်တရားသဘောသည် ရှေးဟိန္ဒူဝေဒကျမ်းများ၏ အခြေခံသဘောတရားတွင် ပါဝင်နေသည်။ အရှေ့တိုင်း ဖီလိုဆိုဖီသည် အိန္ဒိယမှ ၂ရာစုကတည်းက စတင်သည်ဟုဆိုနိုင်သည်။
၅ရာစုတွင် တစ်ခေတ်ဆန်းလာသော ဗုဒ္ဓဂေါတမ ၏အယူအဆများ၊ ဂျိန်းဝါဒအဆများ စသည်ဖြင့် အသီးအသီး ပေါ်ပေါက်လာခဲ့ကြသည်။ ယင်းကို အရှေ့တိုင်းဖီလိုဆိုဖီဟု သုံးနှုံးသည်။ ရှေးအိန္ဒိယနှင့် အမြဲတမ်းကူသန်းကူးဝယ် ရှိခဲ့ကြသော အီဂျစ်တွင်လည်း ဝါဒပေါင်းစုံကို လေ့လာသောစနစ်သည် ပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။ ထင်ရှားသော ဂိုဏ်းမှာ Neoplatonist ဂိုဏ်းဖြစ်သည်။ ယင်းဂိုဏ်းမှ ဆင်းသက်လာသော အယူဝါဒစသည်များကို အာဖရိကန်ဖီလိုဆိုဖီဟု သုံးနှုံးကြသည်။
ဒေသအလိုက်အယူဝါဒများ
ရှေးဖီလိုဆိုဖာများ၏ အတွေးအခေါ်ကို အခြေခံ၍သော်လည်းကောင်း၊ ဆန်းသစ်၍သော်လည်းကောင်း ဖီလိုဆိုဖာများ၊ အယူဝါဒများ နိုင်ငံအလိုက် ရာစုနှစ်အလိုက် အသီးသီးပေါပေါက်လာခဲ့ကြသည်။ဒေသအလိုက် ခွဲခြမ်းလိုက်လျှင် Philosophy သည် အပိုင်းသုံးပိုင်းအားဖြင့် ကွဲပြားသွားပါလိမ့်မည်။
1. Western Philosophy- ဂရိမှ အစပြု၍ ရောမ၊ ဥရောပတိုက်၊ ကိုလန်ဘစ်၊ အမေရိကန်စသောနိုင်ငံများမှ စီးဆင်းလာသော အတွေးအခေါ်အယူအဆများကို အနောက်တိုင်းဖီလိုဆိုဖီဟုခေါ်ကြသည်။
2. Eastern Philosophy- အိန္ဒိယ၊တရုတ်၊ကိုးရီးယား၊ဂျပန်၊ပါရှန်း၊အာရဘီ၊ဘေဘီလုံ၊ဂျူးဝိစ် စသော နိုင်ငံများမှ စီးဆင်းလာသော အတွေးအခေါ်အယူအဆများကို အရှေ့တိုင်း ဖီလိုဆိုဖီဟုခေါ်ဝေါ်ကြသည်။
3. African Philosophy-အီဂျစ်မှ ဆင်းသက်လာသော Neoplatonist ဂိုဏ်း (BC 3rdCentury) ၏အယူဝါဒများစသည်တို့ကို အာဖရိက ဖီလိုဆိုဖီဟုခေါ်ကြပါသည်။
ရာစုနှစ်အားဖြင့် ခေတ်သုံးခေတ်ခွဲပြီး သတ်မှတ်ထားပါသည်။
၁။ Ancient Philosophy-B.C ၇ ရာစု မတိုင်မှီကနေ A.D ၅ ရာစုအထိကို ရှေးခေတ်ဖီလိုဆိုဖီဟု ခေါ်ဆိုကြသည်။
၂။ Medieval Philosophy- A.D ၆ ရာစုကနေ A.D ၁၆ ရာစုနှစ်အထိကို အလယ်ခေတ် ဖီလိုဆိုဖီဟု ခေါ်ကြသည်။
၃။ Modern Philosophy- A.D ၁၇ ရာစုကနေ A.D ၂၁ ရာစုထိကို ခေတ်သစ်ဖီလိုဆိုဖီဟု ခေါ်ကြသည်။
ရာစုနှစ်အလျောက် ဖီလိုဆိုဖီ ပညာရပ်သည်လည်း ပေါ်လာလိုက် ပျောက်သွားလိုက် အနေအထားရှိခဲ့ဖူးသည်။
အနောက်တိုင်းဖီလိုလိုဆိုဖီသမိုင်းကို ကြည့်လျှင် AD 323 ခုနှစ်တွင် ကွန်စတိုင်ဘုရင်သည် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အသိအမှတ်ပြုခဲ့သည်မှစတင်ကာ ရဟူဒီအယူအဆအားကောင်းလာပြီး ဂရိဖီလိုဆိုဖီသည် ၁၅ရာစုထိ မှေးမိန်သွားခဲ့ရသည်။ ဖီလိုဆိုဖီလေ့လာသူများအား မိစ္ဆာဝါဒဟု သတ်မှတ်ကာ သေဒါဏ်ပေးသည်ထိ ပြင်းထန်ခဲ့သည်။ 3 ရာစုမှ ၁၄ရာစုနှစ်ထိ အနှောက်တိုင်းဖီလိုဆိုဖီသည် ခက်ခဲသောကာလဖြစ်ခဲ့သည်။
ဝီလျှံအော့အုတ်ကမ် သည် အလယ်ခေတ်ကျောင်းတော်ကြီးဝါဒ၏ နောက်ဆုံးဖီလိုဆိုဖာဖြစ်သည်။ သူနှင့်အတူ အလယ်ခေတ် ကျောင်းတော်ဝါဒလည်း နိဂုံးချုပ်ခဲ့သည်။ သူကွယ်လွန်ပြီးနောက် ဖီလိုဆိုဖီ ပညာရပ်သည် အသက်ရူလာနိုင်သော်လည်း အသစ်တဖန်ပြန်လည်စတင် ရသောကြောင့် အတော်ကြာအောင် ဖီလိုဆိုဖာများ မပေါ်ပေါက်ဖြစ်ခဲ့သည်။ AD 1600 တွင် ဖရစ်စစ်ဘေကွန် ပေါ်ထွန်းလာသည်။
14ရာစု အလယ်ပိုင်း အီတလီနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အသိပညာပွင့်လင်းတိုးတက်မူ အရေးတော်ပုံဖြစ်ပြီး ဤလုပ်ရှားမူသည် ဥရောပတစ်ခွင်သို့ ပျံနှံရောက်ရှိလာခဲ့သည်။ ယင်းခေတ်ကို ဉာဏ်သစ်လောင်းခေတ်(ရီနေးဆန်းခေတ်) ဟုသတ်မှတ်ကြပြီး ဖီလိုဆိုဖီပညာသည် တဖန်အသက်ဝင်လာခဲ့သည်။ AD 1350 မှ AD 1650 ကို ရီနေးဆန်းခေတ်ဟု သတ်မှတ်ကြသည်။ ယင်းခေတ်တွင် ခရစ်စတိုဖာကိုလံဘတ်စ် သည်အိန္ဒိယတိုက်ကိုရှာဖွေရင်း မမျော်လင့်ဘဲ အနောက်ကမ္ဘာသစ်(အမေရိကတိုက်)ကို ရှာဖွေတွေ့ရှိခဲ့သည်။ တပြိုင်တည်းမှာပင် နည်းပညာဆိုင်ရာ ပြောင်းလဲမူများကလည်း ခေတ်ရဲ့ရှိန်ကို တိုးမြင့်စေခဲ့ပြန်သည်။
AD 1447 တွင် ဂူတင်ဘတ်၏ ပုံနှိပ်စက်ပေါ်ပေါက်လာခဲ့သည်။ ရှေးယခင် လက်ရေးမူ အတွေးအခေါ်စာမူစာပေ ကျမ်းဂန်များသည် အထက်တန်းလွှာ လူကုံထံများအတွက် သာ ဖြစ်ခဲ့သော်လည်း ပုံနှိပ်လုပ်ငန်းများထွန်းကားလာသောအခါ လူတန်းစားမရွေး ဖတ်ရူနိုင်သော အနေအထားကိုရောက်ရှိခဲ့သည်။
ရီနေဆန်းခေတ်၏ စာအုပ်များအနက် ပလေတို၊ အရစ္စတိုတယ်လ်၊ အိုဗစ်၊ စသည်တို့၏ ဖီလိုဆိုဖီစာပေသည် ရောင်းအားကောင်းခဲ့သော ဂန္ဓဝင်စာပေများ ဖြစ်လာကြသည်။
အလယ်ခေတ်ကျောင်းတော်၏ ဘာသာရေးကျမ်းဂန်များ၊ ယုတ္တိဗေဒစနစ်များကို ငြီးငွေ့လာကြသောကြောင့် စာပေ၊အနုပညာ ဂီတ သုခုမ ဘာသာရပ်များဆီသို့ လူတို့စိတ်ဝင်စားမူပြောင်းရွေ့ခဲ့ကြသည်။ ရီနေဆန်းခေတ်ပညာရှင်များသည် ဂရိအနုပညာနှင့် စာပေလက်ရာများကို ပြီးပြည့်စုံသော ဂန္ဓဝင်စာပေလက်ရာများအဖြစ် အလေးအမှတ်ပြုလာခဲ့ကြသည်။ မဟာအလက်ဇန်းဒါဘုရင် လက်ထက်မှ စတင်၍ပျောက်ဆုံးခဲ့သော အတွေးအမြင်လွတ်လပ်မူကို ပြန်လည်ရရှိ ခံစားခဲ့ရသည့်သဘောရှိသည်။
၁၈-၁၉ ရာစုနောက်ပိုင်တွင်း ဖီလိုဆိုဘာသာရပ်အဖြစ် စည်းစနစ်တကျ ပြန်ဖွဲ့ကာ ဘာသာရပ်တစ်ခုအဖြစ် နိုင်ငံတော်တော်များများတွင် တက္ကသိုလ်ကျောင်းသုံးဘာသာရပ်အဖြစ် ထည့်သွင်သင်ကြားလာကြသည်။ ယင်းတွင် အနောက်တိုင်းသက်သက် မဟုတ်တော့ဘဲ အရှေ့တိုင်းဖီလိုဆိုဖီ၊ အာဖကန်ဖီလိုဆိုဖီ များကိုပါ ထည့်သွင်းသင်ကြားလာခဲ့ကြသည်။ ၂ဝရာစုနောက်ပိုင်တွင်မှ အရှေ့တိုင်းတက္ကသိုလ်များတွင် အနောက်တိုင်းဖီလိုဆိုဖီကို ထည့်သွင်းခဲ့ကြသည်။ သို့သော် ဘာသာရေးယဉ်ကျေးမူလွမ်းမိုခံထားရသော အချို့ အရှေ့တိုင်းနိုင်ငံများတွင် ဖီလိုဆိုဖီဟူသည် အနောက်တိုင်းကိုသာရည်ညွန်းကြောင်း ထင်မှတ်နေကြပြီး သင်ကြားခွင့် ပိတ်ပယ်မူများလည်း ရှိနေပါသေးသည်။
ဖီလိုဆိုဖီစနစ်
ဘာသာရပ်တိုင်းတွင် စည်းစနစ်ရှိပါသည်။ ဖီလိုဆိုဖီသည်လည်း စည်းစနစ်တကျဖွဲ့စည်းထားသော ဘာသာရပ်တစ်ခုဖြစ်ပါသည်။ ဖီလိုဆိုဖာ တစ်ယောက်တွင် သူ၏အားသာရာဝါဒတစ်ခု ကိုယ်စီရှိကြသည်။ ဥပမာ အားဖြင့်-
ဆိုကရေးတီး အကြောင်းပြောရင် သူ့ Ethics နှင့် Human Right အကြောင်းမပါလျှင် မပြီးနိုင်ပေ။ ပလေတို အကြောင်းပြောလျှင် Republic, Diaelegein နှင့် Form အကြောင်းမပါလျှင် မပြည့်စုံနိုင်ပေ။ အရစ္စတိုတယ် အကြောင်းကို ပြောလျှင် Experience အကြောင်းမပါလျှင် မပြည့်စုံပေ။ ထိုနည်းတူစွာ ဗုဒ္ဓအကြောင်းပြောလျှင် သစ္စာလေးပါ၊ မဂ္ဂင်(၈)ပါး၊(ယင်းကိုအကျယ်ဖွင့်ရင်-အဘိဓမ္မာ(၇)ကျမ်းထွက်လာသည်)အကြောင်းမပါလျှင် မပြည့်စုံနိုင်ပေ။ စသည်အားဖြင့် ဖိလိုဆိုဖာတိုင်းတွင် မိမိအလေးထားရာ မူဝါဒတစ်ခု၊ သို့မဟုတ် နှစ်ခု ပျမ်းမျှကိုယ်စီရှိကြပါသည်။ ယင်းသို့များပြားလှသော အတွေးခေါ်အယူအဆများကို ပေါင်းစုလိုက်လျှင် အောက်ပါအတိုင်း ကဏ္ဍအားဖြင့် အမျိုးအစားများ ကွဲပြားသွားသည်ကိုတွေ့နိုင်ပါသည်။
၁။ Metaphysics –(သဘာဝတရား၏ အမှန်တရားများ၊ သဘာဝတရား၏ တည်ရှိမူအနှစ်သာရ နဲ့ ဖြစ်တည်မူ အကြောင်းလေ့လာခြင်း) ။ ယင်းကိုဝါဒအယူဆခွဲပေါင်း (၃၁) ခုဖြင့် ထပ်မံခွဲခြင်းထားသည်ကိုတွေ့နိုင်သည်။
၂။ Epistemology-(လူတို့၏ အသိဉာဏ်ပညာအကြောင်းနဲ့ လူတို့အသိတရားကိုပိုင်းခြားလေ့လာခြင်း)။ ယင်းကို ဝါဒအယူဆခွဲပေါင်း (၂၀) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၃။ Ethics –(ဘဝကိုဘယ်လိုနေထိုင်မလဲ၊ဘဝတစ်ခု၏တန်ဖိုးများ၊အကောင်းအဆိုး၊ အမှားအမှန်အားဝေဖန် ဆန်းစစ်လေ့လာခြင်း)။ ယင်းကို ဝါဒအယူဆခွဲပေါင်း (၂၅) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၄။ Aesthetics-အလှအပနဲ့ အနုပညာဆန်သောအကြောင်းအရာများကိုလေ့လာခြင်း။
၅။ Logic- (အကြောင်းအကျိုးတရားကို ယုတ္တိရှိရှိ ဝေဖန်လေ့လာခြင်း) ယင်းကို ဝါဒအယူဆခွဲပေါင်း (၃) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၆။ Political Philosophy- (လူ့အဖွဲ့အစည်းတစ်ရပ်ကို ခိုင်မာတိုးပွားလာမူကို လေ့လာခြင်း) ယင်းကို ဝါဒအယူဆခွဲပေါင်း (၁၅) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၇။ Philosophy of Mind –(စိတ်၏ သဘောသဘာဝနဲ့စိတ်ပညာ၏ နက်နဲမူကိုလေ့လာခြင်း)။
၈။ Philosophy of Religions-(ဘာသာတရားများ၏ အယူအဆကိုလေ့လာခြင်း၊ဘုရား၊ငရဲ၊ နတ်ပြည်၊ ရှိခိုးခြင်းစသည်ကိုလေ့လာခြင်း)။
၉။ Philosophy of Language-(လူတို့အသုံးပြုသောဘာသာစကားတို့၏မှုရင်းနဲ့ဆင်းသက်ပြောင်းလဲလာမူ အကြောင်းလေ့လာခြင်း)။
၁၀။ Philosophy of Education- (ပညာရေး အယူအဆများနှင့် ပညာသင်ရခြင်းရည်ရွယ်ချက်ကိုလေ့လာခြင်း)။
၁၁။ Philosophy of History- (လူသမိုင်းနဲ့ လူသားတို့၏ပြောင်းလဲလာမူကို လေ့လာခြင်း)။
၁၂။ Philosophy of Science- (သိပ္ပံပညာနဲ့ လူသားအပေါ်သက်ရောက်မူ၊ ယင်း၏အခြေခံသဘောတရား ကိုလေ့လာခြင်း)
စသည်အားဖြင့် ကဏ္ဍကြီး (၁၂) ခု ကွဲထွက်သွားပါလိမ့်မည်။ ထိုအခြေခံ သဘောတရားတို့သည် ဖီလိုဆိုဖာများ၏ အယူအဆများကို တူညီရာပေါင်းစပ်ထားသော ဖီလိုဆိုဖီ၏ အနှစ်ချုပ်ဟုပြောလျှင် ရနိုင်ပါသည်။
ဖီလိုဆိုဖီ ဆိုသည်မှာ အတွေးခေါ်ဆိုင်ရာ ပြဿနာများကို အနုစိတ်လေ့လာရသောဘာသာရပ်ဖြစ်ပါသည်။ အနောက်တိုင်း ဖီလိုဆိုဖီစတင်ခဲ့သော ဘီစီ(၆)ရာစုမှ စတင်ရေတွက်လျှင် ဖီလိုဆိုဖီပညာ၏သက်တမ်းသည် (၂၆၀၀) ခန့်ရှိပြီ ဖြစ်သည်။
အရှေ့တိုင်း ဖီလိုဆိုဖီစတင်ခဲ့သော ဘီစီ(၂)ရာစုမှ စတင်ရေတွက်လျှင် ဖီလိုဆိုဖီပညာ၏သက်တမ်းသည် (၂၈၀၀) ခန့်ရှိပြီ ဖြစ်သည်။
ကိုးကား
အနောက်တိုင်းဒဿနဘေဒနိဒါန်း -ခင်မာမာ-ဒေါ်ကမ္ဘာကိုကိုင်လုပ်ခဲ့သောတွေးခေါ်ပညာရှင်(၁၀၀) – ညီညီနိုင်
စာသင်ခန်းမှတ်စု-YaThaWinTha(philo)
www.en.wikipedia.org/wiki/Philosophy
ခေတ်သစ်ဒဿနဘေဒနိဒါန်း- လင်းထက်ဆွေ
💬 မှတ်ချက်တိ (0)