ကျွန်မနာမည် ဝေဝေပါ၊ ကျွန်မတို့ကဆင်းရဲတယ်။ ဒါကြောင့် ကျွန်မရယ်၊ ကျွန်မရဲ့ခင်ပွန်းရယ်၊ ကျွန်မရဲ့မောင်လေးရယ် မွေးရပ်မြေက ခဏတာခွဲခွာပြီး ထိုင်းနိုင်ငံကို အလုပ်လုပ်ငွေရှာဖို့ အရဲစွန့်ထွက်လာခဲ့ကြတယ်။ ရွာမှာဆို လယ်လုပ်၊ကိုင်းစိုက်နဲ့ ဘဝကို ရုံးကန်ရတာ တစ်နေကုန်လုပ်တာတောင် ( ၅၀၀၀) ရဖို့ မလွယ်ကူဘူးလေ။ မြင့်တက်လာတဲ့ကုန်ဈေးနှုန်းအောက်မှာ
လူမွေးဘဝ ဖြစ်မှန်းမသိဖြစ်လာရတယ်။ အနာဂတ်ဆိုတာ ဘယ်မှာမှန်း မတွေးရက်ဘူး။ မောင်လေးတစ်ယောက်ရှင်မပြုရသေးဘူး၊ အသက်က၂၀နားကပ်နေပြီ။ သူ့ကိုရှင်ပြုပေးချင်တယ်။
ကျွန်မငွေရှာရမယ်။ အနီးအနားကရွာတွေကို အလည်သွားရမှာတောင် ကြောက်တတ်တဲ့ ကျွန်မ၊ ခုတော့ မွေးရပ်မြေနဲ့ အလှမ်းဝေးလှတဲ့ တခြားနိုင်ငံရောက်နေပြီ။ ယောက်ျားနဲ့မောင်လေး အနားမှာရှိနေတော့ ကျွန်မအားရှိပါတယ်။ ရွာမှာလိုတော့ ဘယ်နေရထိုင်ရတာ အဆင်ပြေပါ့မလဲ၊ ဖြစ်သလိုနေရတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်နေ့လုပ်ခ ဘတ်(၃၀၀) နဲ့(၄၀၀)ကြားရတယ်။ မြန်မာငွေနဲ့ဆို တစ်သောင်းခွဲလောက်ရတယ်၊ သုံးယောက်ဆိုတော့ စားတာသောက်တာနဲ့ သုံးသောင်း လောက် ကျန်တယ်။ ဒီတိုင်းသာပုံမှန်ရရင် နောက်နှစ်မောင်လေးကို ခမ်းခမ်းနားနားရှင်ပြုပေးနိုင်ပြီ၊ ရွာလုံးကျွတ်ဖိတ်ပြီး အလှူပေးပစ်လိုက်မယ်။ ပြီးတော့ရှိသေးတယ်၊ ကျွန်မတို့နှင့်အလုပ်လုပ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူနာမည်က ဇင်မာတဲ့ အရမ်းချစ်ဖို့ကောင်းတယ်။ မောင်လေးနဲ့ရွယ်တူပဲ။ ကျွန်မသူ့ကိုသဘောကျတယ်။ သူကိုယောင်းမလေးလို့ခေါ်တယ်။ အရင်တုန်းက အဲလိုခေါ်ရင်ရှက်ရှာပါတယ်။ နောက်တော့ မရှက်တော့ဘူး။ သူလည်းမောင်လေးကို ကြိုက်နေတာ မိန်းမချင်းမို့သိပါရဲ့။ သူ့ခမျာ မောင်လေးစားဖို့ ဟင်းတွေလာပို့ရတာနဲ့၊ တနေ့တစ်ခေါက်လောက်တော့ ကျွန်မတို့နေတဲ့အဆောင်လေးကို အကြောင်းမျိုးမျိုးပြပြီးရောက်လာတတ်တယ်။ မောင်လေးကတော့ တကယ်ကိုအ,ချာပါတယ်။
ဘာမှမသိသလို၊မဆိုင်သလိုတုံးတိတိကြီးရယ်။ ဇင်မာအိမ်ကိုလာရင် ထိုင်ရမလို ထရမလို ရှက်ကိုးရှက်ကန်းနဲ့ သူ့မှာနေစရာမရှိဘူး။
တနေ့တော့ ညနေနေစောင်းချိန်လေး၊ ယောက်ျားရဲ့အလုပ်လုပ်ဖက်ဘော်ဒါတွေ ကျွန်မတို့အဆောင်ကို အရက်လာသောက်ကြတယ်။ အဆောင်ဆိုပေမယ့်လည်း လူလေးလောက်အိပ်ရုံ
ရွာတဲကလေး သာသာလေးပါ။ အနီးအနားမှာတော့ လုပ်ဖော်ကိုင်ဖက်အဆောင် (၈)ခုလောက်ရှိတယ်။
အကုန်လုံးက မိသားစုတွေလိုနေကြတယ်။ ဒီလိုပဲအလုပ်နားချိန်ညနေစောင်းဆို ယောကျားလေးတွေ
ကနည်းနည်း အပန်းဖြေလည်း သောက်ကြတယ်။ ဒါကိုလည်း ကျွန်မနားလည်ပေးနိုင်ပါတယ်။
မောင်လေးကိုတော့ မသောက်ရဘူး။ ယောက်ျားကိုတော့ မိတ်ဖြစ်ဆွေဖြစ်နည်းနည်း၊ သောက်ခွင့် ပေးထားတယ်။ လုံးဝမသောက်ခိုင်းရင်လည်း သူ့မိတ်ဆွေတွေက ကျွန်မကိုလက်ညိုး
ထိုးကြမှာ မြင်ရောင်သေးရဲ့။ အဲဒီနေ့ ပုံမှန်နေ့တွေထက် များလာတယ်။ ၅ နာရီကတည်းက အဆောင်မှာ
သူ့တို့အသံတွေက ဆူညံနေတာ ကျွန်မက နှလုံးရောဂါအခံရှိနေတော့ ဆူညံသံသိပ်မခံနိုင်ဘူး။
ဒါပေမယ့် ကျွန်မဘာမှမပြောပါဘူး။ ည၇နရီ ၈နာရီ ထိုးလာတယ်။ကျွန်မအိပ်လည်းအိပ်ချင်နေပီ။
“တော်ကျတော့ မနက်အလုပ်ဆင်းရမယ်” သွားပြောကြည့်တယ်၊မရဘူး။ ည ၉နာရီထိုးလာပီ။
ကျွန်မဒေါသထွက်ချင်လာပြီ။ ရင်ထဲမှာပူလာတယ်။ “တော်ကျတော့လို့ ပြောနေတာ မကြားဘူးလား”
ကျွန်မအသံနည်းနည်းမာသွားတယ်ထင်ပါရဲ့။ ဆူညံသံတွေ ခဏရပ်သွားတယ်။ မထင်မှတ်ပဲ၊ ကျွန်မယောက်ကျာ်းထိုင်နေရာက ထလာတယ်။ ” နင်ဘာဖြစ်နေတာလဲ”ဆိုတဲ့ ခပ်မာမာအသံနဲ့အတူ ကျွန်မပုခုံးကို တွန်းလိုက်တယ်။ အိမ်ထောင်သက်တမ်း၂နှစ်ကာလ လက်နဲ့ ထိဖို့ထား၊ အသံမာမာ တောင်မအော်ရက်ခဲ့တဲ့ ကျွန်မယောက်ျား။ ခုတော့ဒါလေးအော်မိတာနဲ့ ကျွန်မကိုအော်ပြီး တွန်းတယ်၊ ကျွန်မဒေါသပိုထွက်သွားတယ်။ စိတ်ဆိုးတာလား၊ အံ့သြတာလား ဝေခွဲမရ၊ ရင်ထဲပူပြီး နှလုံးကိုမီးနဲ့ ထိုးလိုက်သလိုခံစားလိုက်ရတယ်။ ကျွန်မမူးချင်သလိုလို ခံစားလိုက်ရပြီး။ တွန်းလှဲခြင်းနဲ့အတူ ကျွန်မ နောက်ဘက်ယိုင်လဲကျသွားတယ်။ လူတွေဝိုင်းပြေးလာကြတာတော့ မြင်လိုက်ပါရဲ့ အနားမရောက်မီ
ကျွန်မသတိလစ်သွားတယ်ထင်တယ်။ ဘာမှမမှတ်မိလိုက်တော့ဘူး။အရာရာမှောင်မိုက်ခြင်းအတိ။
ကျွန်မနိုးလာတော့ အိမ်နီးနားက လူတွေ အိမ်ထဲအလုပ်ရူပ်နေကြတယ်။ကျွန်မမူးလဲတာဘယ်နှစ်
ရက်တောင် ကြာသွားပါလိမ့်၊ ကျွန်မယောက်ျားက ဒေါင့်လေးမှာ ငိုင်ပြီးထိုင်နေတယ်။ သူလည်းစိတ်မကောင်းဖြစ်သွားထင်ပါရဲ့။ လူတွေပြန်မှ နည်းနည်းတော့စိတ်ကောက်ပြလိုက်ဦးမယ်။
“ယောက်ျားရေ ရေဆာတယ်၊ရေနည်းနည်းယူလောက်ခဲ့ပေးပါလား”၊ ယောက်ျားက မကြားဘူး
ထင်ပါရဲ့လှည့်တောင်မကြည့်၊ “ယောက်ျားရေ” လှည့်တောင်မကြည့်ပါလား။
ကျွန်မအိပ်နေရာကထလိုက်တယ်။ကျွန်မယောက်ျားဆီကို သွားတယ်။ ကျွန်မသတိရလာတာသိပုံမရ။
ကျွန်မယောက်ျားပုခုံးကိုင်ပြီး “ယောက်ျား…..”ကျွန်မစကားသံမဆုံးနိုင်လိုက်ပါဘူး။ အံသြမူနဲ့အတူ ကျွန်မ လန့်သွားတယ်။ ကျွန်မ ယောက်ျားကိုထိလို့မရဘူး။ မဖြစ်နိုင်ဘူး၊ ကျွန်မဘေးဘီဝဲယာကြည့်လိုက်တယ်။
ဘုရားစင်အောက်မှာ ကျွန်မဓာတ်ပုံကို အကြီးကြီးချဲ့ပြီဘောင်ကွပ်ချထားတယ်။ ရှေ့မှာလည်း ထမင်းပွဲနဲ့၊ ဟာမဖြစ်နိုင်ပါဘူး။ ယောက်ျား….မိန်းမဒီမှာလေယောက်ျားရေ၊ သူ ကျွန်မအသံမကြားဘူး။
သူဌေးလာတယ်ဟေ့၊ အသံနဲ့အတူယောက်ျားက သူဌေးဆီထသွားတယ်။ ကျွန်မလည်း နောက်က လိုက်သွားတယ်။ သူဌေးကထိုင်းလိုပြောပြီး တစ်ယောက်ကဘာသာပြန်ပေးတယ်။ ယောက်ျားပြန်ပြော
တာကတော့ “မိန်းမကနှလုံးရောဂါအခံရှိတော့ နှစ်လုံးရပ်ပြီးဆုံးသွားတာပါသူဌေး၊ သူအလောင်းကို
မနေ့က မီးသင်္ဂြိုလ်လိုက်ပါတယ်” ယောက်ျားကမျက်ရည်တွေဝဲလို့၊ သူဌေးကစာအိပ်လေး တစ်အိပ်ပေးပြီး ပြန်သွားတယ်။ ကျွန်မဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ ဒါအမှန်ပဲလား၊ မဖြစ်နိုင်ပါဘူး။ ကျွန်မဒီမှာလေ။ ဘာလို့သေရမှာလဲ။ “ယောက်ျား…”ဆိုပြီး လက်မောင်းကိုင်လိုက်တယ်။ အချဉ်းနှီးပါပဲ။ ကျွန်မလက်က လေထဲမှာကျန်ခဲ့တယ်။ ကျွန်မ ထိုင်ပြီး အကျယ်ကြီးအော်ငိုလိုက်တယ်။ ဘယ်သူမှလှည့်မကြည့်ကြဘူး။ ကျွန်မတကယ်သေပြီလား၊ မဖြစ်နိုင်ပါဘူး။ မသေသေးတာမောင်လေးကိုပြောပြရမယ်။ ကျွန်မမောင်လေးကိုလိုက်ရှာကြည့်တယ်။ တွေ့ပြီ။ သူထိုင်နေကျ အဆောင်နောက်ဘက်က ကွပ်ပြက်မှာ ထိုင်နေတယ်။ ပါးပေါ်မှာလည်း မျက်ရည်တွေ အပြည့်၊ မောင်လေးဘာလို့ငိုနေတာလဲ မမဒီမှာလေ။ မမ မသေသေးဘူးမောင်လေးရယ်၊ ဒါပေမယ့် ကျွန်မပြောတာ သူမကြားရဘူး။ ကျွန်မဘယ်လိုလုပ်ရမလဲ။ ဘယ်သူ့ဆီ အကူအညီတောင်းရမလဲ။ ဟိုလူဆီပြေးလိုက် ဒီလူဆီပြေးလိုက်နဲ့ ဘယ်သူမှ ကျွန်မကို မမြင်ကြဘူး။ ဒီလိုနဲ့ ကျွန်မ မသေသေး ကြောင်းပြဖို့ နည်းမျိုးစုံလုပ်ခဲ့တယ်။ ကျွန်မတကယ်သေသွားခဲ့တာကော။
တချို့အိမ်နီးနားချင်း တွေက ကျွန်မအသံပြုတာ ကြားကြရတယ် ထင်ပါရဲ့။ ဒါပေမယ့် သူတို့ပြောကြတာကတော့ “ဝေဝေ မကျွတ်သေးဘူးတယ်၊ ညကသရဲခြောက်တယ်၊ နံရံကိုလည်း လာလာထုတယ်” “ဟုတ်လောက်တယ်၊ ညကလည်း အိပ်ရာနား မိန်းခလေးတစ်ယောက်လာထိုင်နေသလို ခံစားရတယ်၊ထကြည့်လိုက်တော့ ဝေဝေနဲ့ဆင်တယ်၊ မီးထွန်းလိုက်တော့ ပျောက်သွားတယ်” ဒီအသံတွေက အဆောင်တိုင်းနီးပါး ကကြားလာရတယ်။ အဲလေ ကျွန်မ သူတို့သိအောင် လုပ်မိတာကော။ ယောက်ျားက အိမ်သာနောက်မှာ ခိုးခိုးပြီး ငိုငိုနေတာ မကြည့်ရက်တော့ဘူး။ မောင်လေးဆိုလည်း နေ့တိုင်းထိုင်ငိုနေတယ်။ ကျွန်မဘာမှ မတတ်နိုင်ဘူး။ သုံးရက်ကြာလောက် အကူညီမဲ့နေတယ်။ လမ်းဘေးတွေမှာ စားရာမဲ့၊ သောက်ရာမဲ့ ကျွန်မလို လူစိမ်းတွေ အများကြီး၊ အရင်ရက်တွေကတော့ ကြောက်တယ်။ ခုတော့ သူတို့လည်းကိုယ်လိုပဲ ဆိုပြီး မကြောက်တော့ပါဘူး။
သုံးရက်မြောက်တဲ့နေ့မှာတော့ “မိန်းမရေ..ဒီနေ့မိန်းမအတွက် ရည်းစူပြီး ယောက်ျားတို့ အလှူလုပ်ဖို့ လုပ်နေတယ်၊ မိန်းမ သာဓုလာခေါ်ဖို့ဖိတ်ပါတယ်၊ ဆရာတော်တွေလည်း ကြွနေကြပြီ၊ မိန်းမသာဓုလာခေါ်ပါ နော်” ငိုသံရောနေတဲ့ ယောက်ျားရဲ့အသံ၊ ကျွန်မသာဓုမခေါ်နိုင်ဘူး၊
သာဓုခေါ်လိုက်ရင် ယောက်ျားနဲ့မောင်လေး မမြင်ရတော့ဘူး။ မောင်လေးရှင်ပြုရဦးမယ်၊ ပြီးရင် ယောင်းမလေးနဲ့လည်း လက်ထပ်ပေးရဦးမယ်။ မလာဘူး၊ သာဓုလည်းမခေါ်နိုင်ဘူး။ ကျွန်မဘယ်လိုလုပ်ရ မလဲ။ သိပြီ၊ကျွန်မကြားဖူးတယ်၊ လူတွေကိုဝင်ပူးလို့ရတယ်တဲ့။ ယောင်းမလေးဝင်ပူးရမယ်။
ကျွန်မယောင်းမလေး ခန္ဓာထဲဝင်လိုက်တယ်။ ကျွန်မစကားပြောကြည့်တယ်။ ကျွန်မပြောတာ သူတို့ကြား ရတယ်။ ”ဝေဝေ ဝင်ပူးနေတယ်ဟေ့” အသံနဲ့အတူ ကျွန်မဆီဝိုင်းလာကြတယ်။ မျက်ရည်စက်နဲ့ပြေးလာတဲ့ ကျွန်မယောက်ျားကို ကျွန်မပြေးဖက်လိုက်တယ်။
“လွမ်းလိုက်တာ ယောက်ျားရေ၊ ဘုန်းကြီးတွေပြန်လွတ်လိုက်ပါနော်၊ မိန်းမ သာဓုမခေါ်ချင်သေးဘူး၊ မောင်လေးကိုရှင်ပြုပြီးမှ သာဓုခေါ်မယ်။ နော်ယောက်ျားနော်။ ယောက်မလေးနဲ့လည်း မောင်လေးကို လက်ထပ်ပေးရဦးမယ်” ယောက်ျားကဘာမှပြန်မပြောနိုင် ငိုသာငိုနေတယ်။ အနားကိုငိုပြီး မောင်လေးရောက်လာတယ်။ ယောက်ျားကိုဖက်ထားပြီး မောင်လေးလက်ကို ကိုင်လိုက်တယ်။
“မောင်လေး..မောင်လေးရွာကိုပြန်နော်၊ပြီးရင်စုထားငွေနဲ့ ရှင်ပြု၊ အဲဒီခါမှ မမကို အမျှဝေပါ။ ပြီးရင် ဇင်မာကို
တင်တောင်းနော်၊ မမလေ မောင်လေးတင်တောင်းနိုင်ဖို့ ယောင်းမလေးအတွက် မင်္ဂလာဆွဲကြိုးလေး လုပ်ထားတယ်၊ဘုရားစင်ထက်က ညောင်ရေအိုး အလွတ်ထဲမှာ ထည့်ဝှက်ထားတယ်”
“မမ လာပါမမရေ၊ အမျှဝေရအောင်နော်၊ မမပြောတာတွေ မောင်လေးလုပ်ပါ့မယ် မမရေ၊ မမသာဓုခေါ်ပါ”
“မခေါ်သေးဘူးလို့၊ အဲဒီဘုန်းကြီးတွေပြန်လွတ်လိုက်၊ မမ အဝေးကပဲကြည့်နေမယ်၊သာဓုမခေါ်ချင်သေးဘူး”
“မိန်းမရေ၊အဲလိုမလုပ်ပါနဲ့၊မိန်းမအဲဒီဘဝရောက်နေတာယောက်ျားမကြည့်ရက်ဘူးမိန်းမ၊ယောက်ျားနဲ့မိန်းမရဲ့
မောင်လေးကို မသနားဘူးလား။ လူတွေက ကဲ့ရဲ့နေတာမိန်းမမြင်နိုင်လား၊ ဒီလိုလုပ်နေရင် ဘယ်သူက မိန်းမ
မောင်လေးကို လက်ထပ်ချင်ပါ့မလဲ။မိန်းမမောင်လေးလည်း ယောက်ျားရဲ့ညီပါမိန်းမရေ။မိန်းမဆန္ဒတွေပြည့်
အောင် ယောက်ျားကတိပေးပါတယ်မိန်းမရေ။သာဓုခေါ်လိုက်ပါနော်။ လာပါမိန်းမရေ၊ ဆရာတော်တွေ စောင့်နေတယ်။ တရားနာသာဓုခေါ်ရအောင်နော်” ဟုတ်ပါတယ်လေ၊ ကျွန်မကြောင့် သူတို့တွေမျက်နှာ မငယ်ချင်ဘူး။ သူတို့တွေငိုနေတာမြင်တိုင်း ကျွန်မနှလုံးတွေ ပြုတ်ထွက်မတတ်ခံစားရတယ်။ ဒါကြောင့်ခေါင်း
ညိတ်ပြီး တရားနာဖို့လိုက်လာခဲ့တယ်။ ခွဲရတော့မယ်အသိနဲ့ ဘုန်းကြီးတရားဟောနေတာတောင် ကျွန်မမကြားနိုင်ပါဘူး၊မောင်လေးလက်ကိုကိုင်ပြီး ယောက်ျားကိုသာတင်းကျပ်စွာ ဖက်ထားမိတယ်။ ဘေးကလူတွေကိုလည်း ကျွန်မဂရုမစိုက်နိုင်ပါဘူး။ တရားသံတွေကြားမှာ ကျွန်မ ယောက်ျားနဲ့မောင်လေးကို တတွပ်တွပ်မှာနေမိတယ်။
ဘုန်းကြီးတရားသံတစ်ခွန်းတော့ကြားလိုက်ပါရဲ့၊ “သံသရာမှာ လူဖြစ်ရတဲ့ ခဏလေးမှာ အမှားမလုပ်မိစေနဲ့”တဲ့။
ကျွန်မမိသားစုကို ကျွန်မချစ်တယ်၊သူတို့ဘဝလှပဖို့ ဘာမဆိုကျွန်မလုပ်ရဲတယ်၊ သူတို့နဲ့မခွဲနိုင်ဘူး၊ဘဝမှာ ချမ်းချမ်းသာသာလေး ထားဖူးချင်တယ်။ နေဖူးချင်တယ်။ ဒါဟာကျွန်မအပြစ်လား။ ကျွန်မဘာအမှားလုပ်ခဲ့လို့
ခုလိုဘဝရောက်နေရတာလဲ။ ဘာလို့ ခုလိုအဖြစ်ဆိုးရတာလဲ။ ဆက်ပြီးဘုန်းကြီးဟောမှ ကျွန်မ သဘောပေါက် ပိုနားလည်သွားတယ်။ လောဘ(လိုချင်မူ)အစွဲတွေ၊ ဒေါသ(အမျက်အာဃာတ)အစွဲတွေ၊ မောဟ(မသိခြင်း)အစွဲတွေ စတဲ့ပြောမဆုံးနိုင်တဲ့ အစွဲတွေ၊ လုပ်ရပ်တွေကြောင့် သံသရာမှာ ကြောက်မက်
ဖွယ်ဘဝတွေ ရင်ဆိုင်နေကြရတယ်တဲ့၊ ကျွန်မယောက်ျားနဲ့မောင်လေးကို စိတ်မချနိုင်တဲ့စိတ်၊ စွဲလမ်းတဲ့
စိတ်တွေကြောင့် ကျွန်မ ဒီလိုအဖြစ်ဆိုးဘဝကိုရောက်နေရတာပါလား။ လမ်းဘေးမှာကျွန်မလို ငတ်ပြတ်နေတဲ့သူတွေလည်း ဒီလိုစွဲလမ်းမူတွေကြောင့်များလား။ အမှန်ပြောရရင် ကျွန်မဒီဘဝကို ကြောက်တယ်။ ကျွန်မ မနေချင်ဘူး။ ကျွန်မမှားခဲ့ပါတယ်။ ကျွန်မ မရှိလည်း သူတို့တွေ နေသားကျသွားမှာပါ။
ကျွန်မမှာချင်တာလေးတွေ ယောက်ျားနားကပ်ပြီး တိုးတိုးလေးမှာနေလိုက်တယ်။ ယောက်ျားနဲ့မောင်လေးက မျက်ရည်စက်လက်နဲ့ ခေါင်းတညိတ်ညိတ်နဲ့ ကတိတွေပေးနေလေရဲ့။ ကျွန်မ စိတ်ချမယ် ယောက်ျားရေ။
ရှင်ကတိတည်မှာလည်း ကျွန်မယုံပါတယ်။ နောက်ဘဝမှာ လူဆက်ဖြစ်ရင် ထပ်ဆုံချင်ပါသေးတယ်။
မိန်းမကို မေ့မသွားပါနဲ့နော်။ ဘုန်းကြီးရဲ့ ရေစက်ချသံနောက်မှာ လှိုက်လှိုက်လှဲလှဲ ကျွန်မသာဓု သုံးကြိမ်ခေါ်လိုက်မိတယ်။
သာဓု…….သာဓု………….သာဓု။
(သံသရာမှာလူဖြစ်တဲ့ခဏလေး အမှားနည်းအောင် ကြိုးစားနိုင်ကြပါစေ)
အရှင်ယသ(အမ္ဗနဒီ)
💬 မှတ်ချက်တိ (0)