YaThaWinTha

BA(Philosophy), MA(Linguistics)

၂၁ရာစုမြန်မာ့သံဃာ့ပညာ့ရေးအား ချဉ်းကပ်ကြည့်ခြင်း

🕒 2026-10-15 09:46 👁️ 2 ကြည့် 📖 26 မိနစ်

 နိဒါန်း    

            ပညာရေးသည် တစ်ဦးတစ်ယောက်ခြင်းသော်လည်းကောင်၊အဖွဲ့အစည်တစ်ခုသော်လည်းကောင်း တိုးတက် အောင်မြင်
ကြီးပွါးဖို့ရန် အဓိကသော့ချက်ဖြစ်သည်။ပညာရေးသည် လူသားအရင်းအမြစ် ဟုလည်းမှတ်ချက်ပြုနိုင်ပါသည်။လူသားတစ်ယောက် မှန်ကန်စွာတွေးတတ်ခြင်း၊မတွေးတတ်ခြင်းသည် သူ၏ပညာရေးစနစ်နှင့်အဓိက သက်ဆိုင်သလို ၊တိုးတက် ကြီးပွါးခြင်း မကြီးပွါးခြင်း သည်လည်း ပညာရေးနှင့်ဆက်နွယ်သက်ဆိုင်နေပါသည်။ ယနေ့ထိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းကြီး တည်တန့်ခိုင်မြဲနေခြင်းသည်လည်းပဲ ပညာရေးကို အဓိက အခြေခံထားသောကြောင့်ဟု ပြောလျှင် မှားမည်မထင်ပေ။ပညာရေးသည် ဘာသာခြားတို့၏ တိုက်ခိုက်မူကို ကာကွယ်ရန် မဟာတံတိုင်းကြီးလဲ ဖြစ်သည်။
         ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဒ ဟုဆိုအပ်သော မြတ်စွာဘုရားရှင်၏သာသနာသည်လည်း ပရိယတ္တိ(သင်ကြားမူ)ပညာရေးသည် 
အဓိကမဏ္ဍိုင် ဖြစ်ပါသည်။ပရိယတ္တိ(သင်ကြားမူ)သာသနာ မကွယ်သရွေ့ ကျန်ရှိနေသော ပဋိပတ္တိ၊ပဋိဝေဒသာသနာတို့သည် မကွယ်နိုင်ပေ။ယနေ့ ဆိုလျှင် သာသနာနှစ်(၂၅၆၂)ခုနှစ်ထိရောက်လာခဲ့ပြီဖြစ်သည်။မြတ်စွာရှင် သက်တော်ထင်ရှားရှိစဉ် ကာလ
ကတည်းကပင် ပညာရေးနှင့်တရားအားကျင့်ကျင်မူနှစ်ပိုင်းခွဲထားပါသည်။တရားအားထုတ် လိုသောသံဃာသည် တရားတော်ကို သင်ကြားမူ(နာယူမူ)ဦးစွာ ပြုလုပ်ပြီးမှ ဆိတ်ငြိမ်ရာ၌တရားအားထုတ်စေပြီး၊ရဟန်းကိစ္စပြီး မြောက်သော်လဲပဲ တရားဟော သာသနာပြု
စေပါသည်။ပရိယတ္တ်ိ(သင်ကြားမူ)ထူးချွန်သော ပုဂ္ဂိုလ်များအားလဲ အသိအမှတ်ပြု ဧတဒဂ်ဘွဲ့ ပေးတော်မူပါသည်။
မြတ်စွာဘုရားလက်ထက်တော်ကာလ အာနန္ဒာသည် ဓမ္မဘဏ္ဍာဂါရိက(ယခုခေတ်အခေါ်-ပညာရေးမူး)ခန့်အပ်ထားခြင်းခံထားရပြီးလျှင် ပညာအရာ၌ထူးချွန်သောကြောင့်ဧတဒဂ်ဘွဲ့လဲရရှိခဲ့သူဖြစ်သည်။
သဂါင်္ယနာဖြင့် ချဉ်းကပ်ခြင်း
       မြတ်စွာဘုရားစွားဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး ၃လနှင့်၄ရက်အကြာမှာ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော
တရားများကို စုပေါင်း၍ ရဟန္တာအရှင်သူမြတ်များ နှတ်တိတ်ရွတ်ဆိုကာ ပထမသံင်္ဂါယနာ(သာသနာနှစ်-၁)မှတ်ကျောက်တင်ခဲ့ကြပါသည်။
ဒုတိယသင်္ဂါ(သာသနာနှစ်-၁၀၀)၊တတိယသင်္ဂါယနာ(သာသနာနှစ် ၂၃၅)ဆရာအစဉ်အဆက်လက်ဆင်းကမ်းပြီးလျှင်နှစ်ပေါင်း(၂၃၅)
နှစ်ထိ နှတ်တိတ်သင်ပြ ပညာရေးစနစ်ဖြင့် ဗုဒ္ဓသာသနာကိုဆရာစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်သည်။စတုတ္ထ သဂါင်္ယနာ
(သာသနာနှစ်-၄၅၀)၌ပေထက်အက္ခရာသို့ ပြောင်းလဲပြီး ပေထက်သင်ကြားမူစနစ်ဖြင့် ရှေ့ဆက်ခဲ့ကြပါသည်။ပဉ္စမသဂါင်္ယနာ
(သာသနာနှစ်-၂၄၁၅)၌ပေထက်အက္ခရာမှာ ကျောက်ထက်အက္ခရာသို့ အသွင်ကူးပြောင်း ပုံနိပ်ခဲ့ကြသည်။နောက်ဆုံးဆဌမသင်္ဂါယနာ
(သာသနာနှစ်-၂၄၉၈)တွင်ကျောက်ထက်၊ပေထက်မှသည် စာရွက်၊စာအုပ်၊ခေတ်ပေါ်စီဒီ၊ဒီဂျေတယ် များဖြင့်သိမ်းဆည်းနိုင်ခဲ့ပြီး၊
ပညာရေးစနစ် ကိုလဲ တဆင့်ထပ်ပြီး မြှင့်နိုင်ခဲ့ကြသည်။သင်္ဂါယနာ(၆)တန်ကိုထောက်ဆခြင်း အားဖြင့် သံဃာ့ပညာရေး စနစ်သည် ငြိမ်သက်နေခြင်း မဟုတ်ဘဲ၊ခေတ်အခါအရ လိုအပ်သလိုပြောင်းလဲ ဖြင်း ဖြင့် မြတ်စွာဘုရား၏သာသနာတော် စောင့်ထိန်းခဲ့ကြကြောင်းတွေ့မြင်နိုင်သည်။

တက္ကသိုလ်ပညာရေးစနစ်ချဉ်းကပ်ခြင်း

      ရဟန်းသံဃာများသည် တရားအားထုတ်နေရုံမျှ၊အကြည်ညိုခံနေရုံမျှသက်သက် မဟုတ်ပေ။မင်းစိုးရာ၊လူတန်းစားမျိုးစုံတို့၏ အတိုင်ပင်ခံ၊ လမ်းညွန်ပြရသူလဲဖြစ်သည်။တနည်းအား ဖြင့် ခေါင်းဆောင်များ ဖြစ်ကြသည်။မြတ်စွာဘုရားရှင်ကိုယ်တိုင်လည်း လောကီ၊လောကုတ်နှစ်ဖြာသောအကြောင်း၊အကျိုးကိုလူတန်းစားမရွေး လမ်းညွန်ပြခဲ့သည်။ထိုနည်းတူစွာ ဗုဒ္ဓတရားတော် တွေကိုလည်း လူတိုင်းလေ့လာနိုင်အောင် ပညာရေးစနစ်ကို မြှင့်တင်ရင်း ထင်ရှားကျော်ကြားသည့် ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများ ပေါ်ပေါက် လာခဲ့ပါသည်။
နာလန္ဒတက္ကသိုလ်(AD 5th century) 
       အိန္ဒိယနိုင်ငံ(ယခင် မာဂဓနိုင်ငံ) ဗီဟာပြည်နယ်၊(ယခင်-နာလန္ဒမြို့)တည်ရှိခဲ့ပါသည်။ရှင်သာရိပုတ္တရာ၏ ဇာတိမြို့လဲ ဖြစ်သည်။ တရုတ်နိုင်ငံသားရဟန်းတော် ဟူယန်ဆန်(AD-7th)သည်နာလန္ဒာတက္ကသိုလ် ပညာတော်သင်ရောက်စဉ်ကယင်းတက္ကသိုလ်၌
ကျောင်းအုပ်ကြီးမှာသီလဘဒ္ဒြမထေရ်ဖြစ်ပြီး တိဘက်၊တရုတ်၊ဂျပန်၊ကိုးရီးယား၊ဆုမတြာ၊ဂျာဗား၊သီရိလင်္ကာစသည့် နိုင်ငံရပ်ခြားမှ ပညာလာသင်ကြသောဗုဒ္ဓဘာသာကျောင်းသား(၁၀၀၀၀)၊သင်ပြသည့်ဆရာ(၁၅၁၀)၊အလုပ်သမားပေါင်း(၁၅၀၀)ရှိကြောင်း သူ၏ “အနောက်ဘက်သို့ ဗုဒ္ဓဘာသာ ခရီးသွား မှတ်တမ်း” စာအုပ်မှာဖော်ပြထားပါသည်။  ဝင်ခွင့်ကိုနှတ်ဖြေဖြေရပြီး တက္ကတ ဘာသာ
နှင့်အဓိကသင်ကြားပါသည်။ ဗုဒ္ဓဝါဒနှင့်အညီ ဂိုဏ်းဂဏ၊ဇာတ်၊လူမျိုး ခွဲခြားမူမရှိဘဲ၊ထေရဝါဒ၊ မဟာယာန၊ ဂိုဏ်း(၁၈)ဂိုဏ်း စသည်ဝါဒတို့ကိုလည်းသင်ကြားပေးပါသည်။လောကီရေးရာ အဖြစ် သိပ္ပံ၊ဆေး နက္ခတ္တဘေဒ၊ပန်းချီ၊စာပေ၊စိုက်ပျိုးရေး၊နိုင်ငံရေး၊
ဥပဒေ၊စီးပွါးရေးတို့ကိုလဲ ထည့်သွင်းကြားသည်ဟု လေ့လာတွေ့ရှိရပါသည်။သင်ကြားရေးစနစ် အရ-ဟောပြောပို့ချခြင်း၊စကားရည်လု ခြင်း ၊ဆွေးနွေးခြင်းတို့မှာသင်ရိုးညွန်းတမ်း၏တစိတ် တဒေသဖြစ်ပါသည်။ ဗုဒ္ဓစာပေ ပညာရှင်များ ဖြစ်ကြသည့်-နာဂရဉ္ဇုန၊အရိဒေဝ၊ဓမ္မပါလ၊သီလဘဒ္ဒြ၊သန္တရက္ခိတ၊ကမလသီလ၊ဘာဝိဝေက၊ဒီဃာ့နာဂ၊ဓမ္မကိတ္တိစသည်ပုဂ္ဂိုလ်ကျော်တို့သည်လည်း နာလိန္ဒတက္ကသိုလ်မှ မွေးဖွါးပေးလိုက်သော ပညာရှင်များဖြစ်ကြသည်။
AD 13th မှာ ဘာသာရေးအကြမ်းဖက်သူတို့၏ဖျက်စီးချင်ကိုခံလိုက်ရပြီးလျှင် ၁၉၅၈၊နိုဝင်ဘာ ၁၉ရက်နေ့တွင် သမ္မတရာဇိန္ဒြာပရာဆ ဦးဆောင်ပြီး နာလိန္ဒတက္ကသိုလ်ကို ပြန်လည် တည်ထောင်ပါသည်။ ကျောင်းအုပ်ကြီးအဖြစ် အရှင်ဇဂတိသကဿပ ခန့်အပ်ခဲ့ပါသည်။
ယနေ့ချိန်ထိ ဗုဒ္ဓဘာသာအာဇာနည်တွေ မွေးထုတ်နေဆဲပင်ဖြစ်သည်။

ဝိက္ကမသီလာတက္ကသိုလ်(AD-710th )
ဗာကလပုရခရိုင်၊ကာလာဟဂေါနမြို့၊အန္တိချာကကျေးရွာ ၌တည်ရှိပါသည်။နာလိန္ဒတက္ကသိုလ် တိုက်ခွဲအဖြစ်ထင်ရှားပါသည်။
နာလိန္ဒာကို အမှီလိုက်သည့် တက္ကသိုလ်ဖြစ်သည်။ဤတက္ကသိုလ်မှ တိဘက်ထိ သာသနာ ဖြန့်နိုင်ခဲ့ပါသည်။
သြဒန္တပူရီတက္ကသိုလ်၊
နာလိန္ဒနှင့် ၆မိုင်ကျော်မှာ တည်ရှိသည်။ဂေါပါလဘုရင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။စာသင်သား ၁၂၀၀၀ထိရှိပါသည်။
သောမပူရတက္ကသိုလ်
ယခု ဘင်္ဂလားဒေ့နိုင်ငံမှာတည်ရှိတာပါသည်။ဒေဝပါလဘုရင်(၈၁၀၊၈၅၀)တည်ထောင်ခြင်းဖြစ်ပြီးနှစ်ပေါင်း၇၅၀လောက်ရှင်သန်ခဲ့ကာ ၁၃ရာစုမှာနာလိန္ဒနှင့်အတူ ဖျက်စီးခြင်းခံလိုက်ရပါသည်။
ဇဂဒ္ဒလာတက္ကသိုလ်
ရာမပါလဘုရင်(၁၀၇၇-၁၁၂၉) တည်ထောင်ခြင်း ဖြစ်သည်။စာသင်သားရဟန်းတော် ၁၀၂၇ရှိပါသည်။
ဝလ္လာဘိတက္ကဘိ တက္ကသိုလ် (AD -475/1200)
မိတြကဘုရင်တည်ထောင်တာဖြစ်ပြီး ရဟန်းတော်ပေါင်း ၆၀၀၀ကျော်ရှိပါသည်။ဖော်ပြပါတက္ကသ်ိုလ်တို့သည် လောကုတ်၊လောကီနှစ်
လီသော ပညာရေးစနစ်ဖြင့် နာလိန္ဒမူကဲ့သို့ သင်ပြပို့ချကြပြီး ဗုဒ္ဓတရားတော်တွေကို လက်ဆင့်ကမ်းလာခဲ့ကြသည်။ယင်းခေတ် ယင်းကာလ၌ ဗုဒ္ဓဘာသာသည် ရွှေခေတ်ဟုတောင်ပြောစမှတ်ပြုကြပြီး၊သာသနာပြန်ပွါးမူအားကောင်းသော ကာလ ဖြစ်ခဲ့ပါသည်။ 
ယနေ့၂၁ရာစုတွင်လည်း နိုင်ငံအသီးသီး၌ခေတ်စနစ်အလျောက် ပညာရေးသင်ကြားစနစ် များ ပြုပြင်ရင်း ဗုဒ္ဓဘာသာတက္ကသိုလ် အသီးသီးပေါ်ပေါက်နေဆဲဖြစ်သည်။ယင်းတို့မှာ--
ကမ္ဘောဒီယား(၂)ခု၊တရုတ်(၃)ခု၊ဟောင်ကောင်(၁)ခု၊အိန္ဒိယ(၁၆)ခု၊အင်ဒိုနီးရှား(၁၀)ခု၊ဂျပန်(၃၀)ခု၊ကိုးရိးယား(၇)ခု၊လာအို(၂)ခု၊
မလေးရှား(၃)ခု၊မွန်ဂိုရီးယား(၄)ခု။နီပေါ(၁၀)ခု၊ဖီလပိုင်(၁)ခု၊စင်ကာပူ(၃)ခု၊သီရိလင်္ကာ(၇)ခု၊ထိုင်ဝမ်(၁၀)ခု၊ထိုင်း(၂၇)ခု၊ဗီယနမ်(၁၄)ခု၊
သြစတေးလျား(၁)ခု၊ကနေဒါ(၁)ခု၊ချီလီ(၁)ခု၊ဥရောပ(၁)ခု၊ဟမ်ဂရီ(၁)ခု၊ဗြိတိန်(၁)ခု၊အမေရိကန်(၁)ခု တို့ဖြစ်ကြပါသည်။
မြန်မာနိုင်ငံ၌လည်း---
  1. အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသပြုတက္ကသိုလ်(ရန်ကုန်)
  2. နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)
  3. သီတဂူနိုင်ငံတကာဗုဒ္ဓအကယ်ဒီ(စစ်ကိုင်း၊ရန်ကုန်၊မန္တလေး)
  4. သီတဂူဗုဒ္ဓတက္ကသိုလ်(တောင်ငူ၊သံလွင်၊ Kyunhla)
  5. ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်၊မန္တလေး)
  6. ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်(တိုက်ကြီး၊ရန်ကုန်)
  7. ထားဝယ်ဗုဒ္ဓကောလိပ်
  8. Ohntaw Buddhist College
  9. သဘာဝဓမ္မဗုဒ္ဓဘာသာကောလိပ်
  10. ရတနာအောင်မြေဗုဒ္ဓဘာသာကောလိပ်
  11. ရှမ်းပြည်နယ်ဗုဒ္ဓဘာသာတက္ကသိုလ်(တောင်ကြီး)
  12. နိုင်ငံတကာငြိမ်းချမ်းရေးတက္ကသိုလ်(ပုသိမ်ကြီး)
  13. ရာမညရတ္ထဗုဒ္ဓဘာသာတက္ကသိုလ်(မော်လမြိုင်)
  14. ဓမ္မဒူတဗုဒ္ဓတက္ကသိုလ်(ပဲခူး)
  15. ဓမ္မဓရကောလိပ်(မန္တလေး)
ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်(ရန်ကုန်)အစရှိသည်အား ဖြင့် ဗုဒ္ဓဘာသာတက္ကသိုလ်အသီးရှိကြပါသည်။အစိုးရပိုင်နှင့်ပုဂ္ဂလိက ပိုင်နှစ်မျိုးသတ်မှတ်နိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသပြုတက္ကသိုလ်(ရန်ကုန်)နှင့်နိုင်ငံတော်ပရိယတ္တိ 
သာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တို့သည်သာ အစိုးပိုင်ဖြစ်ပြီး ကျန်တက္ကသိုလ်များမှာ ပုဂ္ဂလိကပိုင်များ ဖြစ်ကြည်သည်။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်(ရန်ကုန်)တက်ရောက်နိုင်ရန်အတွက်-လူပုဂ္ဂိုလ်ဆိုလျင်၊၁၀တန်းအောင်၊ဘွဲ့ပြီးသူ ဖြစ်ရပါမည်။ရဟန်းဖြစ်ပါက ဓမ္မာစရိယဘွဲရပြီးသူ ဖြစ်ရပါမည်။အင်္ဂလိပ်စာကို ရေးဖတ်ပြောကျွမ်းကျင်ရပါမည်။ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တက်ရောက်ခွင့်ရရန်-အကြီးတန်းအောင်ပြီး အသက်၃၀ အောက် ဖြစ်ရမည်။အင်္ဂလိပ်စာကို 
ဆယ်တန်းအဆင့်ရေးဖတ်ပြော ကျွမ်းကျင်ရမည်။လောကုတ်၊လောကီ ဒေသန္တရ ဗဟုသုတ ပြည့်စုံရပါမည်။ ကျန်တက္ကသိုလ်များတွင်လည်းဓမ္မကတိက တက္ကသိုလ်ကလွဲလျင်အကုန် အင်္ဂလိပ်စာကျွန်းကျင်မူကို အဓိကအောင်မြင်မှ တက္ကသိုလ်တက်ခွင့်ရကြမှာဖြစ်သည်။

မြန်မာသံဃာပညာရေးစနစ်အား ချဉ်းကပ်ခြင်း

        မြန်မာပိဋကတော်များ သည် သီရိလင်္ကာနိုင်ငံမှ စီဆင်းပါသည်။သုဝဏ္ဏဘူမိ(မွန်ပြည်)၌ဦးစွာ ပထမသင်ကြားခွင့်ရပါသည်။
ယင်းမှတစ်ဆင့် AD 11th ရာစု၌ဘုရင် အနောရထားသည်မွန်ဘုရင်ထံမှပိဋကတော်များ သိမ်းပိုက်ပြီး၊ရဟန်းရှင်လူ မူးမတ်များပါ 
မကျန် ပိဋကတော် သင်ကြားရေးကိုစတင်ခဲ့ကြပါသည်။ယင်းခေတ်မှသည် ၂၁ရာစုထိ မြန်မာ့ ပညာရေးစနစ်အား ဘုန်းတော်ကြီး ပညာသင်ကြားရေးစနစ်ဖြင့် ရဟန်းသံဃာတော်များမှ ဦးဆောင်ခဲ့ကြသည်။မြန်မာပညာရေးနယ်နမိတ်နှင့်လမ်းညွန်သြဝါဒ
သွန်သင်ပြမူမှာ ရဟန်းသံဃာများသည်အဓိက အခဏ်းကဏ္ဍမှပါဝင်ခဲ့ကြပါသည်။လွတ်လပ်ရေးကြေညာပြီးနောက်ပိုင်း 
လူပညာရေးနှင့်သံဃာပညာရေး ခွဲခြင်းသလိုပညာဖြစ်လာကာ ဘုန်းတော်ကြီးသင်ပညာရေးသည် လူပုဂ္ဂိုလ်များအဖို့ တဖြည်းဖြည်းရော့ဆင်းလာပြီး ယနေ့ ချိန်ခါ မရှ်ိသလောက်ပင် ကျဆင်းသွားခဲ့ပြီဖြစ်သည်။ 
၂၀၁၆ ဝါဆိုသံဃာစရင်းအရ မြန်မာနိုင်ငံ၌ ဘုန်းကြီးကျောင်းပေါင်း(၆၃၆၄၉)ကျောင်း၊စာသင်တိုက်ပေါင်း(၁၂၃၂)တိုက်၊
ရဟန်းအရေအတွက်(၂၈၂၃၄၇)ပါး၊သာမဏေအရေအတွက်(၂၅၂၉၆၃)ပါး၊စုစုပေါင်း(၅၃၅၂၂၇)ပါးဖြစ်သည်။သီလရှင်ကျောင်းပေါင်း(၄၁၀၆)ကျောင်း၊သီလရှင်(၆၀၄၀၀)ပါး ဖြစ်ပါသည်။လက်ရှိမြန်မာနိုင်ငံသံဃာ့ပညာရေးစနစ်သည် သံဃာနာယက လက်ထဲတွင်တည်ရှိပါသည်။

ပထမပြန်စာမေးပွဲ(ငယ်၊လတ်၊ကြီး)

        ပါဠိပထမပြန်စာမေးပွဲကို သာလွန်မင်းတရားကြီးလက်ထက် မြန်မာသက္ကရာဇ်(၁၀၀၀)ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ကြသည်။
ပါဠိစာပေများ ကို နှတ်တိတ်အာဂုံဖြေဆိုရသည်။အနက်အဓိပ္ပါယ်ကိုလဲ နှတ်ဖြင့်မေးနှတ်ဖြင့်ဖြေ စနစ်ဖြင့်ဖြေဆိုရသည်။
ရဟန်းရှင်လူကျားမရွေး ဖြေဆိုနိုင်သည်။သက္ကရာဇ်(၁၂၄၇)တွင်သီပေါမင်း ပါတော်မူစဉ် ဆယ်နှစ်တိုင်တိုင်စာမေးပွဲရပ်နားခဲ့ရသည်။
အင်္ဂလိပ်လက်ထက်(၁၂၅၇)ခုနှစ်တွင် ပထမပြန်ကော်မတီဖွဲ့စည်းပြီး ရေးဖြေစနစ် ဖြင့် ယနေ့ထိနှစ်စဉ်ကျင့်ပနေပါသည်။ပါဠိစာပေ ရေးတတ် ဖတ်တတ်နှင့်သိက္ခာတွေပုဒ်များကြေညက်နေဖို့ရန် အဓိက ဦးတည်ထားပါသည်။
ပထမပြန်(ငယ်လတ်ကြီး)စာမေးပွဲအောင်မြင်ပြီးပါက ဓမ္မာစရိယ သို့မဟုတ် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)
သို့ဝင်ခွင့်ဖြေဆိုနိုင်သည်။ပထမပြန်စာမေးပွဲတွင် ဒေသန္တရ၊ ဗဟုသုတ၊အင်္ဂလိပ်စာ သင်္ချာ လောကီရေးရာ ဘာသာရပ် တစ်ခုမှမပါဝင်
သည့်အတွက်ကြောင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တက်ခွင့်ရရေး မျော်လင့်ချက်သည် အိပ်မက်မှာရုပ်ရေးဆွဲရင်တောင် ထင်ရှားဦးမည်။

ဓမ္မာစရိယစာပေးပွဲ

       မြန်မာသက္ကရာဇ် ၁၂၉၉တွင် ဓမ္မာစရိယတန်းကို စတင်ကျင်းပခဲ့ကြသည်။ဒုတိယကမ္ဘာစစ်အတွင်း သက္ကရာဇ်(၁၃၀၄)မှစ၍ ၄နှစ်တိတိရပ် ထားခဲ့ရသည်။၁၂၁၃ခုနှစ်တွင်ပါဠိတက္ကသိုလ်နှင့်ဓမ္မာစရိယ အက်ဥပဒေပြဌာန်းပြီး ပါဠိတက္ကသိုလ်တည်ထောင်
သောဆရာတော်များမှာ ဦးဆောင်ကာ ဓမ္မာစရိယနှင့်ပထမပြန်ကိုခွဲပြီးကျန်းပခဲ့ကြသည်။သုတ်၊ဝိနည်း၊အဘိဓမ္မာ ကိုချုံခြုံ၍ပြဌာန်းထားသည်။ရဟန်းရှင်လူကျားမရွေးဝင်ရောက်ဖြေဆိုနိုင်သည်။ဓမ္မာစရိယဘွဲ့သည် နိုင်ငံတကာ 
B.A နှင့်ညီမျကြောင်းအသိအမှတ်ပြုကြပါသည်။နိုင်ငံတကာဗုဒ္ဓဘာသာ B.Aသည် လောကီကုတ်တရာနှင့်ဖွဲ့စည်းထားပြီး အဓိကအင်္ဂလိပ်စာနှင့်ပြဌာန်းသည်။ဓမ္မာစရိယသည် ပိဋတစ်ခုသာအခြေခံပြီး၊ပါဠိနှင့်မြန်မာဘာသာ ပြဌာန်းထားသည်။
ဓမ္မာစရိယပြီးလျှင်နိုင်ငံတကာထွက်မည်ဆိုပါက နိုင်ငံတကာ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနှင့်ဆက်ဆံရေးသည် စဉ်းစားစရာပင် 
ဖြစ်နေပါသည်။နိကာယ်စာမေးပွဲ၊အဘိဓမ္မာနှင့်ဝိသုဒ္ဒိမဂ်စာမေးပွဲ၊တိပိဋကဓကရွေးချယ်စာမေးပွဲ၊တို့ရှိပါသေးသည်။စာရှည်မည်စိုး
သောကြောင့် မဖော်ပြတော့ပေ။အကျဉ်းချုပ်ရင်လည်း ပါဠိနှင့်မြန်မာစာသာပါဝင် ပါသည်။

နိဂုံးချုပ်

          မြန်မာရဟန်းတော်များသည် ပါဠိအရာမှာ အင်မတန်ကျွမ်းကျင်မူရှိကြပါသည်။တော်လဲ တော်ကြပါသည်။ကြိုးစားမူသည်လဲ နိုင်ငံတကာထက်နှစ်ဆသာပါသည်။သို့သော် နိုင်ငံတကာနှင့်ယှဉ်လာလျင် ယှဉ်နိုင်ကြပြီလော။ စဉ်းစားစရာပင်၊ပါဠိစာပေတော်ပါ၏
နိုင်ငံတကာကို မချပြနိုင်၊အဘိဓမ္မာများ ကျွမ်းကျင်ပါ၏ နိုင်ငံတကာကို မရှင်းပြနိုင်ပေ။ခေတ်စနစ်သည် တဝိုးထိုးတိုးတက် ပြောင်းလဲ
လာပါသည်။မရှက်စတမ်း ဝန်ခံရလျှင် မြန်မာသံဃာ့ပညာရေးစနစ်သည် 11th ရာစုမှ မတက်နိုင်သေးပေ။၂၀၁၅၊၂၀၁၆ ကာလ ခေတ်အမြင်ရှိသော ဆရာတော်ကြီးများမှ အင်္ဂလိပ်စာတစ်ဘာသာ ထည့်သွင်းနိုင်ဖို့အရေး အကြိမ်ကြိမ်တောင်းဆိုခဲ့ကြဖူးသော်လည်း ရှေးရိုးစွဲ အယူအဆကြောင့် ယနေ့ထိ အောင်မြင်မူမရှိသေးပေ။အင်္ဂလိပ်စာတဘာသာထည့်လိုက်လျင် ဘာသာရေးကွယ်ပျောက်
သွားမယောင်၊ပါဠိစာပေ အားနည်းသွားမယောင်ယောင်၊ ယောင် (၆၀)နှင့်ဝါးတားတား ပညာရေးစနစ်မှာ လျောက်နေရဆဲပင်ဖြစ်သည်။
ယင်းသို့ဆိုလျှင် ထေရဝါဒ စစ်စစ်ဖြင့် ခေတ်မှီသော ပညာရေးလမ်းကြောင်း ဦးတည်နေသော ထိုင်း၊သီရိလင်္ကာ၊လာအို၊
ကမ္ဘောဒီယား စသော တိုးတက်သောနိုင်ငံများတွင် ဗုဒ္ဓဘာသာကို ဆက်ထိမ်းထားနိုင်ခြင်းသည် မေးခွန်းထုတ်စရာပင်ဖြစ်ပါသည်။
လူပုဂ္ဂိုလ်များ ဘုန်းတော်ကြီး ပညာသင်ကြားရေးစနစ်ဘာကြောင့်စွန့်ခွါသွားကြသနည်း။လက်ရှိစာသင်သားသံဃာထု
 ဤပညာရေးစနစ်အား အရင်ကထက်စိတ်အားထက်သန်မူရှိသေးသလား-စသည်တို့အားဆန်းစစ်သင့်ပြီ ဟုသုံးသတ်မိပါသည်။ယနေ့ ကမ္ဘာ့ကနေ မြန်မာဗုဒ္ဓဘာသာတွေရဲ့ လေးနက်မူကို ပြသနိုင်နေခြင်း၊မြင်နိုင်ခြင်းသည် ခေတ်အမြင်ရှိသောရှေးဆရာတော်ကြီး 
နိုင်ငံတကာကို အင်္ဂလိပ်ဘာသာနှင့်ချပြခဲ့၍ဖြစ်ပါသည်၊မင်းကွန်းဆရာတော်ကြီးဤအရေးကို မြင်၍သာသာနာ့တက္ကသိုလ်ကို တည်ဆောင်ခဲ့သည်။လယ်တီဆရာတော် မဟာဆည်ဆရာတော် အစရှိသည့် ထင်ရှားသိဆရာတော်ကြီး
များသည်လဲ ပါဠိရေ၊အင်္ဂလိပ်ပါမကျန် လောကုတ်လောကီ စုံအောင်တတ်ကြပါသည်။ယနေ့ခေတ် တက္ကသိုလ်ဖွင့်ထား
ကြသည့်ဆရာတော်များ လက်ရှိပညာရေးစနစ်အား ဖောက်ထွက်ပြီး လောကီ လောကုတ် နှစ်ဖြာလုံးချပြနိုင်ရန်ကြိုးစားနေကြသည်။
ယနေ့ပါချူပ်ဆရာတောနန္ဒမာလာဘိဝံသ၊သီတဂူဆရာတော်ဉာဏိဿရတို့သည် နိုင်ငံတကာနှင့်သူတို့၏တပည်တော်များအား ပါဠိ၊မြန်မာဘာသာနှင့်သင်ပြနေခြင်းမဟုတ်၊ပါဠိရော၊လောကီ၊လောကုတ်ရော အင်္ဂလိပ်ဘာသာနှင့်ပြနေခြင်းသာဖြစ်သည်။တနည်းအား ဖြင့်နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် ဖြစ်သည်။တနည်းအားဖြင့်ခေတ်ပညာစိန်ခေါ်မူကို နိုင်သည်ဘက်က တွန်းလှန်နေခြင်း ဖြစ်သည်။ယင်းသည်သာလျှင် ဗုဒ္ဓဘာသာတိုးဖို့ ပညာရေးလမ်းစဉ်သာဖြစ်ကြောင်းကို တင်ပြလိုက်ရပါသည်။

ကိုးကား 

ရှေးဟောင်းဗုဒ္ဓတက္ကသိုလ်များ
  1. Wikipedia/Buddhism University
  2.  နိုင်ငံတော်သံဃနာယကဝက်ဘ်ဆိုက်
  3. Google/Buddhism Education in Myanmar


                                                                                                 အရှင်ယသ(အမ္ဗနဒီ)
ရခိုင်ကျောင်းသားရဟန်းတော်များ(ဒုတိယ)အကြိမ်မြောက်၊မဂ္ဂဇင်း 


💬 Comment 0

💬 မှတ်ချက်တိ (0)