He who learns but does not think is lost.
He who thinks but does not learn is in great danger
Analects.
Analects ပြောခဲ့သည့် စကားတစ်ခွန်း ရှိပါသည်။ “သင်တော့ သင်တယ်၊ မတွေးဘူးဆိုရင် ဆုံးရူံးမူဖြစ်တယ်၊ တွေးတော့တွေးတယ်၊ မသင်ဘူးဆိုရင် အဲဒီအတွေးက အန္တရာယ်များတယ်”။ ဖီလိုဆိုဖီဆိုသည်လည်း ယင်းသဘောဆောင်၏။
မိမိတို့၏ အတွေးအခေါ်အယူအဆ တစ်ခုကြောင့် မိမိအပါအဝင် မိမိတို့၏ လူ့အဖွဲ့အစည်း ၊ အတွေးခေါ်အယူအဆများ ပြောင်းလဲသွားစေနိုင်သည်။ လူ့အဖွဲ့အစည်းကို အကျိုးမပြုဘဲ၊ ဆုတ်ယုတ်ပျက်စီးစေနိုင်သော အတွေးမျိုးဆိုလျှင် ယင်းအတွေးမျိုးကို အန္တရာယ်ရှိသောအတွေးဟု သတ်မှတ်ရပါလိမ့်မည်။ ဆိုးကရေးတီး၊ ပလေတို၊ အရစ္စတိုတယ်၊ ဗုဒ္ဓစသည့် ဖီလိုဆိုဖာများ၏ အတွေးခေါ်များကြောင့် မိမိတို့လူ့အဖွဲ့အစည်း ကြီးပွားတိုးတက်မူကိုရရှိစေသကဲ့သို့ ငြိမ်းချမ်းသာယာမူကိုလည်း ရရှိစေနိုင်ပါသည်။ နီချေ၊ ဂျွန်ပေါလ်ဆတ် စသည့် ဖီလိုဆိုဖီများကြောင့် ကမ္ဘာ့စစ်ပွဲများ၊ ဘာသာမဲ့အယူဝါဒများ၊ လူလူချင်းညှင်းပန်းနှိပ်စက်မူများ စသည့် လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်ပေါ်စေနိုင်သော အယူအဆများ ဖြစ်ပေါ်စေနိုင်သည်။ BC 5 ရာစု ကနေ AD 10 ရာစုလောက်ထိ ဖီလိုဆိုဖာများသည် ဘုရင့်တိုင်ပင်ခံ ပညာရှင်များအဖြစ် ဦးစားပေးခံဖြစ်နေခဲ့ရသည်။ AD 18 ရာစု အလယ်ပိုင်းလောက်တွင် အနောက်နိုင်ငံအချို့၌ ဖီလိုဆိုဖီ ပညာရပ်လေ့လာသူများကို ဘာသာရေးဆန့်ကျင်သူဟု သတ်မှတ်ကာ သေဒဏ်ပေးသည်အထိ တားမြစ်ခဲ့ဖူးသည်။ သို့သော်လည်း ပွင့်လင်းလာသော ၁၉ ရာစု နောက်ပိုင်းတွင် ဖီလိုဆိုဖီပညာရပ်သည် အနောက်ပိုင်းတက္ကသိုလ်အသီးသီး၏ ပြဌာန်းစာအဖြစ် ပြန်လည်အသိမှတ်ပြုလာကြပါသည်။
ဖီလိုဆိုဖီဆိုတာဘာလဲ
Philosophy ကိုမြန်မာလို “ဒဿနိကဘေဒ” ဟု ခေါ်ကြပါသည်။ သူ၏ မူရင်းစကားလုံးမှာ ဂရိဘာသာစကားဖြစ်ပြီး
Phílo (Love) sophía (wisdom) စကားလုံးနှစ်လုံး ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အဓိပ္ပါယ်မှာ “အသိဉာဏ်ပညာကို ချစ်မြတ်နိုးသူ” လို့ မှတ်ယူနိုင်သည်။ ယင်းအသုံးအနှုန်းကို ရှေးခေတ် ဂရိအတွေးခေါ်ပညာရှင် ပိုက်သဂိုးရပ်စ် (သင်္ချာဘာသာရပ်တီထွင်သူ) မှ စတင်ခေါ်ဝေါ သုံးစွဲခဲ့သည်ဟုသိရသည်။ ဆိုကရေးတီးမတိုင်မှီ တွေးခေါ်ပညာရှင် အများစုကို Sophists (ဆိုဖစ်များ) ဟုသုံးနှုန်းကြသည်။ ယင်းသည်ပညာရှိကြီးများဟု အဓိပ္ပါယ်ရသည်။
ထိုဆိုဖစ်များသည် နယ်တကာလှည့်ပြီး မင်းညီမင်းသားများ၊ သူဌေးသားများတို့ကို အခကြေးငွေယူ၍ မင်းကျင့်တရားများ၊ အုပ်ချူပ်ရေးနည်းစနစ်များ၊ တိုက်ခိုက်ရေးနည်းစနစ်များကို သင်ကြားပေးကြရသည်။ အရှေ့ပိုင်းဒေသဘက်တွင် သုံးနှုန်းသော ပုရောဟိတ်ကြီးများနဲ့ သဘောတရားတူညီကြပါသည်။
လူငယ်လူရွယ်များသည် အခကြေးငွေပေးပြီး ဆိုဖစ်များထံတွင် အနီးနေတပည့်အဖြစ် နှစ်လရှည်ကြာ ပညာသင်ကြားကြရသည်။ ဆိုကရေးတီးလက်ထက်တွင် ဖီလိုဆိုဖီဟူသော အသုံးအနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းလာကြသည်။ ဆိုကရေးတီးသည် လူကျင့်ဝတ်နှင့် လူသားတစ်ယောက်၏ တန်ဖိုး၊ လူတိုင်းတန်းတူအခွင့်အရေးစတဲ့ ဟောပြောပို့ချမူများကြောင့် အနောက်တိုင်းဒေသတွင် ဖီလိုဆိုဖာ၏ ဖခင်ကြီးဟုလူသိများသည်။ သူ၏ဒဿနအယူအဆဟောင်းများကို ၂၁ရာစု ဖီလိုဆိုဖာများအထိ မှီငြမ်းကိုးကား၊ ဆင့်ပွားတွေးနေကြဆဲဖြစ်သည်။ သို့သော်သူသည် သူ၏အယူအဆများကို စာပေအဖြစ်သို့ မှတ်တမ်းမတင်ထားခဲ့ပေ။ သူ၏တပည့် ပလေတိုမှ ထပ်မံဖော်ထုတ်ခဲ့မူကြောင့် သူ၏အယူအဆများ ယနေ့ထက်အောင် ထင်ကျန်နေနိုင်ခြင်း ဟုဆိုနိုင်သည်။ ပလေတိုသည် လူငယ်တိုင်း ဖီလိုဆိုဖီပညာရပ်များကို သင်ကြားခွင့်ရရှိအောင် “အဆင့်မြင့်ပညာသင်အကယ်ဒမီကျောင်း” ကို စတင်တည်ထောင်ခဲ့ပါသည်။ ယင်းကာလမှစတင်ကာ ဖီလိုဆိုဖီပညာရပ်သည် အနောက်တိုင်းဒေသတစ်ခုလုံးကို ပြန့်နှံ့လာခဲ့သည်။ ၁၈ ရာစုလောက်တွင်
အရှေ့ပိုင်းဒေသထိ ထပ်မံဖြန့်ထွက်လာခဲ့သည်။
ဒေသအလိုက် ခွဲခြမ်းလိုက်လျှင် Philosophy သည် အပိုင်းသုံးပိုင်းအားဖြင့် ကွဲပြားသွားပါလိမ့်မည်။
1. Western Philosophy- ဖီလိုဆိုဖီ မိခင်၏ ဂရိမှ အစပြု၍ ရောမ၊ ဥရောပတိုက်၊ ကိုလန်ဘစ်၊ အမေရိကန်စသောနိုင်ငံများမှ စီးဆင်းလာသော အတွေးအခေါ်အယူအဆများကို အနောက်တိုင်းဖီလိုဆိုဖီဟုခေါ်ကြသည်။
2. Eastern Philosophy- အိန္ဒိယ၊တရုတ်၊ကိုးရီးယား၊ဂျပန်၊ပါရှန်း၊အာရဘီ၊ဘေဘီလုံ၊ဂျူးဝိစ် စသော နိုင်ငံများမှ စီးဆင်းလာသော အတွေးအခေါ်အယူအဆများကို အရှေ့တိုင်း ဖီလိုဆိုဖီဟုခေါ်ဝေါ်ကြသည်။
3. African Philosophy-အီဂျစ်မှ ဆင်းသက်လာသော Neoplatonist ဂိုဏ်း (BC 3rdCentury) ၏အယူဝါဒများစသည်တို့ကို အာဖရိက ဖီလိုဆိုဖီဟုခေါ်ကြပါသည်။
ရာစုနှစ်အားဖြင့် ခေတ်သုံးခေတ်ခွဲပြီး သတ်မှတ်ထားပါသည်။
၁။ Ancient Philosophy-B.C ၇ ရာစု မတိုင်မှီကနေ A.D ၅ ရာစုအထိကို ရှေးခေတ်ဖီလိုဆိုဖီဟု ခေါ်ဆိုကြသည်။
၂။ Medieval Philosophy- A.D ၆ ရာစုကနေ A.D ၁၆ ရာစုနှစ်အထိကို အလယ်ခေတ် ဖီလိုဆိုဖီဟု ခေါ်ကြသည်။
၃။ Modern Philosophy- A.D ၁၇ ရာစုကနေ A.D ၂၁ ရာစုထိကို ခေတ်သစ်ဖီလိုဆိုဖီဟု ခေါ်ကြသည်။
ရာစုနှစ်အလျောက် ဖီလိုဆိုဖီ ပညာရပ်သည်လည်း ပေါ်လာလိုက် ပျောက်သွားလိုက် အနေအထားရှိခဲ့ဖူးသည်။
ဖီလိုဆိုဖီကို ဘယ်လိုလေ့လာမလဲ
ဘာသာရပ်တိုင်းတွင် စည်းစနစ်ရှိပါသည်။ ဖီလိုဆိုဖီသည်လည်း စည်းစနစ်တကျဖွဲ့စည်းထားသော ဘာသာရပ်တစ်ခု
ဖြစ်ပါသည်။ ဖီလိုဆိုဖာ တစ်ယောက်တွင် သူ၏အားသာရာဝါဒတစ်ခု ကိုယ်စီရှိကြသည်။ ဥပမာ အားဖြင့်-
ဆိုကရေးတီး အကြောင်းပြောရင် သူ့ Ethics နှင့် Human Right အကြောင်းမပါလျှင် မပြီးနိုင်ပေ။ ပလေတို အကြောင်းပြောလျှင် Republic, Diaelegein နှင့် Form အကြောင်းမပါလျှင် မပြည့်စုံနိုင်ပေ။ အရစ္စတိုတယ် အကြောင်းကို ပြောလျှင် Experience အကြောင်းမပါလျှင် မပြည့်စုံပေ။ ထိုနည်းတူစွာ ဗုဒ္ဓအကြောင်းပြောလျှင် သစ္စာလေးပါ၊ မဂ္ဂင်(၈)ပါးအကြောင်းမပါလျှင် မပြည့်စုံနိုင်ပေ။ စသည်အားဖြင့် ဖိလိုဆိုဖာတိုင်းတွင် မိမိအလေးထားရာ မူဝါဒတစ်ခု၊ သို့မဟုတ် နှစ်ခု ပျမ်းမျှကိုယ်စီရှိကြပါသည်။ ယင်းသို့များပြားလှသော အတွေးခေါ်အယူအဆများကို ပေါင်းစုလိုက်လျှင် အောက်ပါအတိုင်း ကဏ္ဍအားဖြင့် အမျိုးအစားများ ကွဲပြားသွားသည်ကိုတွေ့နိုင်ပါသည်။
၁။ Metaphysics –(သဘာဝတရား၏ အမှန်တရားများ၊သဘာဝတရား၏ တည်ရှိမူအနှစ်သာရ နဲ့ ဖြစ်တည်မူ အကြောင်းလေ့လာခြင်း) ။ ယင်းကိုဝါဒအယူဆခွဲပေါင်း (၃၁) ခုဖြင့် ထပ်မံခွဲခြင်းထားသည်ကိုတွေ့နိုင်သည်။
၂။ Epistemology-(လူတို့၏ အသိဉာဏ်ပညာအကြောင်းနဲ့ လူတို့အသိတရားကိုပိုင်းခြားလေ့လာခြင်း)။ ယင်းကို ဝါဒအယူဆခွဲပေါင်း (၂၀) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၃။ Ethics –(ဘဝကိုဘယ်လိုနေထိုင်မလဲ၊ဘဝတစ်ခု၏တန်ဖိုးများ၊အကောင်းအဆိုး၊ အမှားအမှန်အားဝေဖန် ဆန်းစစ်လေ့လာခြင်း)။ ယင်းကို ဝါဒအယူဆခွဲပေါင်း (၂၅) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၄။ Aesthetics-အလှအပနဲ့ အနုပညာဆန်သောအကြောင်းအရာများကိုလေ့လာခြင်း။
၅။ Logic- (အကြောင်းအကျိုးတရားကို ယုတ္တိရှိရှိ ဝေဖန်လေ့လာခြင်း) ယင်းကို ဝါဒအယူဆခွဲပေါင်း (၃) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၆။ Political Philosophy- (လူ့အဖွဲ့အစည်းတစ်ရပ်ကို ခိုင်မာတိုးပွားလာမူကို လေ့လာခြင်း) ယင်းကို ဝါဒအယူဆခွဲပေါင်း (၁၅) ခုဖြင့် ထပ်မံခွဲခြမ်းထားသည်ကိုတွေ့နိုင်သည်။
၇။ Philosophy of Mind –(စိတ်၏ သဘောသဘာဝနဲ့စိတ်ပညာ၏ နက်နဲမူကိုလေ့လာခြင်း)။
၈။ Philosophy of Religion-(သဘာတရားများ၏အယူအဆကိုလေ့လာခြင်း၊ဘုရား၊ငရဲ၊နတ်ပြည်၊ရှိခိုးခြင်းစသည်)။
၉။ Philosophy of Language-လူတို့အသုံးပြုသောဘာသာစကားတို့၏မှုရင်းနဲ့ဆင်းသက်ပြောင်းလဲလာမူ အကြောင်းလေ့လာခြင်း)။
၁၀။ Philosophy of Education- (ပညာရေး အယူအဆများနှင့် ပညာသင်ရခြင်းရည်ရွယ်ချက်ကိုလေ့လာခြင်း)။
၁၁။ Philosophy of History- (လူသမိုင်းနဲ့ လူသားတို့၏ပြောင်းလဲလာမူကို လေ့လာခြင်း)။
၁၂။ Philosophy of Science- (သိပ္ပံပညာနဲ့ လူသားအပေါ်သက်ရောက်မူ၊ ယင်း၏အခြေခံသဘောတရား ကိုလေ့လာခြင်း)
စသည်အားဖြင့် ကဏ္ဍကြီး (၁၂) ခု ကွဲထွက်သွားပါလိမ့်မည်။ ထိုအခြေခံ သဘောတရားတို့သည် ဖီလိုဆိုဖာများ၏ အယူအဆများကို တူညီရာပေါင်းစပ်ထားသော ဖီလိုဆိုဖီ၏ အနှစ်ချုပ်ဟုပြောလျှင် ရနိုင်ပါသည်။
ဖီလိုဆိုဖီ ဆိုသည်မှာ အတွေးခေါ်ဆိုင်ရာ ပြဿနာများကို အနုစိတ်လေ့လာရသောဘာသာရပ်ဖြစ်ပါသည်။ မိမိသည် ဘောင်ကျဉ်းတစ်ခုတွင်းမှာမနေဘဲ စစ်မှန်သောအမှန်တရားများကို ကိုယ်တိုင်ရှာဖွေလိုလျှင် ဖီလိုဆိုဖီသည် အကောင်းဆုံးသော နေရာတစ်ခုဖြစ်သည်။ ဖီလိုဆိုဖာ၏ အယူအဆကိုလေ့လာပြီးလျှင် ထိုသူများ၏အယူအဆနောက်ကိုလိုက်ရန် မဆိုလိုပေ။ မိမိကိုယ်မိမိ ဆန်းစစ်တွေးခေါ်ပြီး ပြဿနာရပ်များကို မိမိကိုယ်တိုင် အဖြေရှာရန်အတွက်သာဖြစ်ပါသည်။ အတွေးခေါ်ပညာရှင် အင်တွိုင်း အာနော့ဒ် က “တိကျတဲ့ အတွေးအခေါ်ရရှိဖို့က ဘဝ၏ ပုံစံမျိုးစုံနဲ့ အတွေ့အကြုံတွေ မရှိမဖြစ် လိုအပ်ပါတယ်” ဟုပြောခဲ့ပါသည်။
ဖီလိုဆိုဖာများ၏ ဘဝအတွေ့ကြုံများနဲ့ ဖီလိုဆိုဖီ ပညာရပ်သည် နောင်လာနောက်သားများအတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာ ဉာဏ်တံခါးကြီးဖြစ်သည်။ ဂျွန်လော့၏ အယူအဆအရပြောရလျှင် မွေးဖွား
လာချိန်တွင် စိတ်ဆိုတာ သင်ပုန်းအလွတ် တစ်ချပ်နဲ့တူပြီး လောကကြီး၏ အတွေ့အကြုံကိုရေးဖို့စောင့်ခြင်းသာဖြစ်ပါသည်။ မိမိတို့၏ ဘဝစာမျက်နှာကို အတွေးအခေါ်အသစ်များဖြင့် မိမိတို့လိုအပ်သလို ရွေးချယ်နိင်သည်။
နိဂုံးချုပ်ရသော် ဖီလိုဆိုဖီပညာရပ်သည် ဦးနှောက်ကိုအလုပ်ပေးရသော ပညာရပ်ဖြစ်၏။ သို့မဟုတ် စစ်မှန်သောအမှန်တရားကို မိမိကိုယ်တိုင် ဝေဖန်ဆန်းစစ်ဆုံးဖြတ်ပြီး အဖြေရှာရသော ဘာသာရပ်ဖြစ်၏။ ထိုထဲတွင်ကောင်းမြတ်သော အယူအဆများ ပါဝင်လာနိုင်သလို မကောင်းသော အယူအဆများလည်း ပါဝင်နိုင်ပါလိမ့်မည်။ ဖီလိုဆိုဖီကိုလေ့သည့်အခါ မိမိစိတ်ကို ဘာသာရေးအမြင်၊ နိုင်ငံရေးအမြင်၊ လူမျိုးရေးအမြင်စသည်ဖြင့် ဘောင်ခတ်မထားဘဲ အမှန်တရားကို ရှာဖွေရန်ကိုသာ ပဓာနထားရန်လိုအပ်သည်။ ထိုသို့ဆိုလျှင် အကောင်း၊ အဆိုး၊ အမှားအမှန်၏အဖြေကို မိမိကိုယ်တိုင် ဆန်းစစ်တတ်လာပါလိမ့်မည်။ ဖီလိုဆိုဖီဖခင်ကြီး ဆိုကရေးတီး ပြောခဲ့သလို ကိုယ့်ကိုယ်သိပါ။ ဖီလိုဆိုဖီသည် အတွေးအခေါ် အယူအဆများနဲ့ မိမိဘဝ၏ အစစ်မှန်အဖြေကိုရှာရန် ကိုယ့်ကိုယ်ကိုသိအောင် လုပ်ရသောပညာရပ်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
YaThaWinTha(Philosophy)
ရည်ညွန်း
- အနောက်တိုင်းဒဿနဘေဒနိဒါန်း -ခင်မာမာ-ဒေါ်
- ကမ္ဘာကိုကိုင်လုပ်ခဲ့သောတွေးခေါ်ပညာရှင်(၁၀၀) - ညီညီနိုင်
- Class note
- www.en.wikipedia.org/wiki/Philosophy
💬 မှတ်ချက်တိ (0)